အင်းလေးဒေသရေကြီးမှု နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးရွားဆုံး အခြေအနေဖြစ်

စက်တင်ဘာ ၁၅ – ၂၀၂၄
SN (VOM)
ရှမ်းပြည်‌နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရေကြီးမှု နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်မှ စတင်ကာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး လက်ရှိမှာ အင်းလေးဖေါင်တော်ဦးဘုရားနဲ့ အင်းလေးဒေသ ရွာပေါင်း ၂၀၀ နီးပါးလောက် ရေဘေးသင့်နေတယ်လို့ သိရပါတယ်။
“အခုအခြေအနေဟာ လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုထက် အမြင့်ဆုံးရေမှတ် ၃ ပေခန့် ကျော်လွန် နစ်မြုပ်နေတာဖြစ်ပါတယ်။ ပြီးတော့ ဒီအင်းလေးကန်အတွင်း ရေဝင်ရောက်နစ်မြုပ်မှုဟာ မြန်မာပြည်ဒေသအသီးသီးကို ရေဝင်ရောက်တဲ့ ပုံစံနဲ့မတူဘဲ ရက်ပေါင်း လနဲ့ချီ ကြာမြင့်တတ်ပါတယ်” လို့ ဒေသခံ ဆရာတော်တပါးက မိန့်ကြားပါတယ်။
မြန်မာပြည်ဒေသအသီးသီးက ရေဝင်ရောက်မှုဟာ ရုတ်တရက် တရှိန်ထိုးဝင်ရောက် ဒုက္ခပေးပြီး လူအသေအပျောက်၊ ပစ္စည်းဆုံးရှုံးမှုများပေမယ့် တပတ်၊ ဆယ်ရက်လောက်ကြာရင်တော့ ရေတွေ ပြန်လည် ကျဆင်းတတ်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
“အင်းလေးကန်ထဲ ရေဝင်ရောက်မှုကတော့ ရေတွေ တရိပ်ရိပ်တက်လာပြီး နစ်မြုပ်တာမျိုးပါ။ လူအသေအပျောက်မရှိပါဘူး။ ဒါပေမယ့် ထူးခြားတာတခုက အင်းလေးကန်ထဲ ရေဝင်ရောက်လာပြီးရင်တော့ အဲဒီရေတွေဟာ အနည်းဆုံး နှစ်လ၊ အများဆုံး သုံး၊ လေးလလောက်ကြာမှ ရေတွေ တဖြည်းဖြည်း ပြန်ကျတတ်တာကြောင့် ရေနစ်မြုပ်ဒဏ် ခံစားရမှု အကြာဆုံးဖြစ်ပါတယ်” လို့ ဆရာတော်က မိန့်ကြားပါတယ်။
အင်းလေးကန်အတွင်း ရေစီးဝင်ရာအပေါက် ၁၉ ပေါက်ရှိပြီး ရေပြန်ထွက်ရာအပေါက်ဟာ မိုးဗြဲရေကာတာတခုသာ ရှိတဲ့အတွက် ရေပြန်ကျဖို့ လနဲ့ချီ ကြာမြင့်တတ်တာဖြစ်တယ်လို့ ဆရာတော်က ဆက်လက် မိန့်ကြားပါတယ်။
လက်ရှိမှာ အင်းရေပြင် မြင့်တက်လာတဲ့အတွက် တထပ်အိမ်တွေမှာ လူနေလို့မရတော့ဘဲ နှစ်ထပ်အိမ်တွေရဲ့ အပေါ်ထပ်မှာသာ စုပေါင်းနေကြရသလို ဘုန်းတော်ကြီးကျောင်းတွေမှာလည်း တထပ်ကျောင်းတွေမှာ ရေဝင်ရောက်နေတာကြောင့် နှစ်ထပ်ကျောင်းဆောင်တွေရဲ့ အပေါ်ထပ်မှာသာ နေထိုင် သီတင်းသုံးနေကြရတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။
အင်းလေးမှာ ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ကျေးရွာပေါင်း ၄၄၅ ရွာ ရှိတဲ့အထဲမှာ ကျေးရွာပေါင်း ၁၇၁ ရွာခန့် ရေမြုပ်နေတာဖြစ်သလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းနဲ့ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေတယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW