အပူပိုင်းမုန်တိုင်းငယ်ကြောင့် မိုးကြီးပြီး ရုတ်တရက် ရေကြီး၊ မြေပြိုမှုတွေ သတိပြုဖို့ မိုး/ဇလ သတိပေး ထုတ်ပြန်



စက်တင်ဘာ ၁၈ – ၂၀၂၄
SN (VOM)

လက်ရှိ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ လာမယ့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေကို ဖြတ်ကျော် ရောက်ရှိလာနိုင်တဲ့အတွက် မိုးကြီးရေလျှံမှု သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မနေ့ စက်တင်ဘာ ၁၇ ရက်မှာ အသိပေးချက် ထုတ်ပြန်ထားပါတယ်။

အဲဒီ အပူပိုင်းမုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာနိုင်ပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေကို ဖြတ်ကျော်ပြီးနောက် စက်တင်ဘာ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေကို စတင်ဖြတ်ကျော် ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။

“အခုကာလက အဓိကအားဖြင့် မုတ်သုံထွက်တဲ့ကာလ ဖြစ်တဲ့အချိန်ဆိုတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေဖြစ်နိုင်သလို တောင်တရုတ်ပင်လယ်ပြင်မှာလည်း မုန်တိုင်းတွေ ဖြစ်နိုင်တယ်။ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်တဲ့ မုန်တိုင်းတွေထဲက တချို့ မုန်တိုင်းတွေရဲ့ အကြွင်းအကျန်တိမ်တိုက်တွေက မြန်မာနိုင်ငံကို ဖြတ်နိုင်တဲ့ အနေအထားမျိုး ရှိတာကြောင့် ရုတ်တရက် ရေကြီးတာအပါအဝင် ထူးခြားဖြစ်စဉ်တွေကို သတိထားဖို့ လိုအပ်ပါတယ်။ နောက်တခုက မုတ်သုံလေကြောင့် လေထုမငြိမ်မသက်ဖြစ်ပြီး မိုးတိမ်တောင်တွေ ဖြစ်လာနိုင်တဲ့အတွက်ကြောင့်လည်း ရုတ်တရက် မိုးကြိုးပစ်နိုင်တဲ့ အခြေအနေတွေကို သတိထားဖို့ လိုအပ်ပါတယ်” လို့ မိုး/ဇလဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

မိုး/ဇလရဲ့ ခန့်မှန်းချက်တွေအရ လက်ရှိ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေနဲ့ လေပွေလှိုင်းဟာ မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီးနောက် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းအဖြစ် ပြန်လည်အစပျိုး အားကောင်းလာနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်လာနိုင်တဲ့ လေပွေလှိုင်းရဲ့အရှိန်ကြောင့် စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကာ တချို့ဒေသတွေမှာတော့ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးခြင်းတွေအပြင် လေပြင်းတိုက်ခတ်ခြင်းတွေပါ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

ဒါအပြင် လျှပ်တပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှု အန္တရာယ်တွေကို ကြိုတင်သတိပြုဖို့ လိုအပ်သလို ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ လေကြောင်းပျံသန်းရေး အနေနဲ့လည်း ကြိုတင် သတိပြုကြစေလိုတယ်လို့ မိုး/ဇလဌာနက သတိပေး နှိုးဆော်ထားပါတယ်။

မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ရဲ့ စက်တင်ဘာ ၁၇ ရက်နေ့၊ ညနေပိုင်း ခန့်မှန်းချက်မှာတော့ တောင်တရုတ်ပင်လယ်ပြင်အတွင်းက သိသာထင်ရှားတဲ့ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းဟာ လေတိုက်နှုန်း တနာရီ ၂၁ မိုင်မှ ၂၆ မိုင်ခန့်ရှိပြီး အနောက်ဘက်ကို တနာရီ ၁၁ ဒသမ ၅ မိုင်နှုန်း (10 knots) နဲ့ ရွေ့လျားလျက်ရှိကာ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ အသိပေးထားပါတယ်။

အဲဒီ မုန်တိုင်းကို GENER (ဖိလစ်ပိုင်အမည်) ပေးထားပြီး စက်တင်ဘာ ၂၀ ရက်မှ စတင်ကာ ၂၅ ရက်နေ့အထိ ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံတွေကို ကျော်ဖြတ်ရွေ့လျားလာနိုင်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

အဲဒီလို ရွေ့လျားလာနိုင်တဲ့ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေနဲ့ လေပွေလှိုင်းကြောင့် မိုးများနိုင်မယ့် ဒေသတွေကတော့ ရှမ်းပြည်နယ် (အရှေ့ပိုင်းနဲ့ တောင်ပိုင်း)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်၊ နေပြည်တော်၊ ဧရာဝတီတိုင်းနဲ့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတလျှောက်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းဖြစ်ပေါ်မှုတွေကို စောင့်ကြည့်ပြီး အတည်ပြုဆန်းစစ် ခန့်မှန်းပေးတဲ့ အပြည်ပြည်ဆိုင်ရာ မိုးလေဝသဌာနအားလုံးက လက်ရှိ မုန်တိုင်းကို “အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း” (Tropical Cyclone) လို့သာ ခေါ်ဝေါ်ကြပြီး ဒေသကွဲ ခေါ်ဆိုမှုတွေမှာတော့ ဟာရီကိန်း၊ တိုင်ဖွန်း စသဖြင့် ပြောင်းလဲနေကြတယ်လို့ သိရပါတယ်။

“လာမယ့် ၂၄ နာရီအတွင်း ရွာသွန်းနိုင်မယ့် မိုးရေချိန်တွေဟာ ပြီးခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြီး “ရာဂီ” (YAGI) အကြွင်းအကျန် ဝင်ရောက်စဉ်ကထက် လျော့နည်းနိုင်ပါတယ်။ တိုင်ဖွန်းမုန်တိုင်း YAGI ဝင်ရောက်စဉ်က ၂၄ နာရီအတွင်း နေရာကွက်ပြီး မိုးရေချိန်အများဆုံး ၃၀၀ မီလီမီတာအထက် (၁၂ လက်မခန့်) ရွာသွန်းခဲ့တာပါ။ အခု မုန်တိုင်း GENER အလှည့်မှာတော့ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀၀ မီလီမီတာအောက် (၄ လက်မခန့်သာ) ရွာသွန်းနိုင်တာကို တွေ့ရပါတယ်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

မိုးလေဝသပညာရှင် စုစုစံရဲ့ စက်တင်ဘာ ၁၇ ရက်နေ့၊ ညနေပိုင်း ခန့်မှန်းချက်မှာတော့ တောင်တရုတ်ပင်လယ်ပြင်မှာ နောက် ၄၈ နာရီအတွင်း Tropical Cyclone (TC) အဆင့် မုန်တိုင်းတလုံး ဖြစ်လာနိုင်ပြီး အရှေ့လေစီးကြမ်းတွေက အနောက်ဘက်ကို ရွေ့လျားကာ တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း၊ ဗီယက်နမ်နိုင်ငံ (အလယ်ပိုင်းနဲ့ မြောက်ပိုင်း)၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတွေမှာ မိုးကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ YAGI မုန်တိုင်းအဆင့်လောက် အင်အားမကြီးနိုင်ပေမယ့်လည်း အလယ်အလတ် အဖျက်စွမ်းအား ပြင်းနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ကြဖို့ လိုအပ်တယ်လို့ သတိပေး ပြောဆိုထားပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW