စက်တင်ဘာ-၂၁-၂၀၂၄
SN (VOM)
မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ်တချို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်ကစလို့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့တာပါ။ လက်ရှိမှာတော့ နေပြည်တော်အပါအဝင် တချို့နေရာတွေမှာ ရေတွေပြန်ကျနေပြီ ဖြစ်တာကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြတာပါ။
ရေကြီးမှုတွေဖြစ်ပွားပြီး ရေပြန်ကျသွားချိန်မှာ အထူးသတိပြုရမှာကတော့ ရေကြီးမှုရဲ့ နောက်ဆက်တွဲ ရောဂါဘယတွေပဲ ဖြစ်ပါတယ်။ ရေကြီးခြင်းဟာ မြေအောက်ရေ၊ မြစ်တွေနဲ့ ကမ်းရိုး တန်းရေတွေ လျှံတက်လာတဲ့အခါမှာ မိလ္လာတွေ၊ လူနဲ့ တိရစ္ဆာန်တို့ရဲ့ စွန့်ပစ်ပစ္စည်းတွေဟာ ရေလွှမ်းမိုးမှုနဲ့အတူ ပါသွားနိုင်ပါတယ်။ စနစ်တကျ သန့်ရှင်းမှုမလုပ်ရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာမျိုးပါ။
ရေကြီးမှုနောက်ပိုင်း အဖြစ်များတဲ့ ရောဂါတွေကတော့ မသန့်တဲ့ ရေကနေတဆင့် ကူးစက်တဲ့ ဝမ်းပျက်ဝမ်း လျှောရောဂါ၊ အရေပြားရောဂါတွေအပြင်၊ တိုက်ဖွိုက်လို့ခေါ်တဲ့ အူရောင်ငန်းဖျားရောဂါနဲ့ အသည်းရောင် အသားဝါရောဂါတွေ ဖြစ်ပါတယ်။
အသက်အန္တရာယ်ကြီးတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ အခုနောက်ပိုင်း အဖြစ်များလာနေတဲ့ တိုက်ဖွိုက်ရောဂါတွေကနေ ကာကွယ်နိုင်ဖို့ မသန့်တဲ့ရေတွေကို မသောက်သုံးဘဲ၊ ရေသန့်ဘူး (ဒါမှမဟုတ်) မိုးရေကို သန့်သန့်ရှင်းရှင်း ရအောင်ခံယူပြီး၊ ကျိုချက်သောက်သုံးသင့်ပါတယ်။ သောက်ရေကန်တွေကိုလည်း ပြန်လည်ဆေးကြောပြီး ကလိုရင်း (Chlorine) ဆေး ခပ်ပေးသင့်ပါတယ်။ ဒါအပြင် ရေကြီးတာကြောင့် ဖြစ်လာတဲ့ မသန့်ရှင်းတဲ့ရေတွေနဲ့ ထိတွေ့ထားတဲ့ အစားအစာတွေကိုလည်း ရှောင်ကျဉ်ဖို့ အရေးကြီးပါတယ်။
“လက်ရှိ ရေဘေးသင့်ဒေသတွေမှာ သောက်သုံးရေနဲ့ သုံးစွဲရေ မသန့်ရှင်းတဲ့အနအထားမျိုး ရှိနိုင်တဲ့အတွက် အခုအချိန်မှာ ရေသန့်တမျိုးတည်းကိုသာ ချက်ပြုတ်တဲ့နေရာ၊ သောက်သုံးတဲ့နေရာတွေမှာ အသုံးပြုစေချင်သလို အစာမစားမီနဲ့ စားပြီးတဲ့အခါတိုင်းမှာလည်း လက်ကို ဆပ်ပြာနဲ့ သေချာ ဆေးကြောစေချင်တယ်” လို့ ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးမှုတွေ ပြုလုပ်နေတဲ့ အထွေထွေရောဂါကု ဆရာဝန်တယောက်ဖြစ်တဲ့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
ဒါအပြင် အိမ်သာတက်ပြီးတဲ့ အချိန်တိုင်းမှာလည်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါမှသာ ရေဘေးနောက်ဆက်တွဲ ဖြစ်ပွားနိုင်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေကို ကာကွယ်နိုင်မှာဖြစ်တယ်လို့ ဒေါက်တာကျော်မင်းထွန်းက အကြံပြု ပြောကြားပါတယ်။
ဒါ့အပြင် ရေပြန်ကျသွားချိန်မှာ ကျန်ရှိခဲ့တဲ့ ဗွက်အိုင်တွေထဲမှာ ခြင်ပေါက်ဖွားမှုတွေ ပိုများလာတာကြောင့် ခြင်ကတဆင့် ကူးစက်နိုင်တဲ့ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေလည်း အဖြစ်များတတ်သလို မြွေကိုက်ခံရမယ့် အန္တရာယ်တွေလည်း ရှိနေပါတယ်။ ရေကြီးပြီးချိန် အိမ်ကို သန့်ရှင်းရေး လုပ်တော့မယ်ဆိုရင် အဲဒီ သတ္တဝါတွေလည်း ခိုအောင်းနေ တတ်တာကို မမေ့ဖို့လိုပါတယ်။
အဲဒီလို ရုပ်ပိုင်းဆိုင်ရာ (Physical) ရောဂါတွေအပြင် တချို့မှာတော့ အာဟာရပျက်တာနဲ့ စိတ်ခြောက်ခြားတာတွေလည်း ဖြစ်နိုင်ပါတယ်။ ရေဘေးအတွင်းမှာ ဆွေမျိုးမိတ်ဆွေတွေ၊ မိသားစုဝင်တွေ၊ မိမိပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အအုံနဲ့ ဥစ္စာပစ္စည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးတာကြောင့် ဖြစ်ပေါ်တတ်တဲ့ စိုးရိမ်စိတ်များခြင်းနဲ့ စိတ်ဓာတ်ကျခြင်းဆိုတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ (Mental Health Problems) ကိုလည်း နာတာရှည် ခံစားရတတ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
ဒါအပြင် လက်ရှိမှာ အလျင်အမြန် ဖြေရှင်းသင့်တဲ့ ပြဿနာတခုကလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ ရေဘေးကြောင့် သေဆုံးခဲ့တဲ့ ကျွဲ၊ နွားနဲ့ အိမ်မွေးတိရစ္ဆာန်တွေပါ။ ဒီလို တိရစ္ဆာန်အသေတွေကို အချိန်မီ ရှင်းလင်းသုတ်သင်တာ၊ မြေမြှုပ်တာတွေ မလုပ်ဆောင်နိုင်ဘူးဆိုရင် အဲဒီ တိရစ္ဆာန်အသေတွေ ပုပ်ပွလာပြီးတဲ့နောက် ပိုးမွှားအင်းဆက်တွေ၊ ကြွက်တွေ၊ ယင်ကောင်တွေ ရောက်လာပြီး ရောဂါကို အလွယ်တကူသယ်ဆောင် ပြန့်ပွားစေနိုင်ပါတယ်။
ဒါကြောင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာမှာ အလျင်အမြန် ဖြေရှင်းသင့်တဲ့ ပြဿနာတခုဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဆိုးရွားတဲ့အနံ့အသက်တွေနဲ့ ပိုးမွှားအင်းဆက်တွေကြောင့် လူတွေဆီကို ရောဂါကူးစက်တာတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ရေကြီးပြီးနောက် ဆိုးရွားတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးဆက်တွေကို ဆက်လက် ဖြစ်ပေါ်လာစေနိုင်ပါတယ်။
လူနေထိုင်ရာ၊ အလုပ်လုပ်ရာ အဆောက်အအုံတွေ ရေဝင်ပြီ ဆိုကတည်းက ပြဿနာက အများကြီးပါ။ နေရေး ထိုင်ရေး ဒုက္ခလောက်က သိပ်မဆိုးလှသေး ပါဘူး။ ကိုယ့်အိမ်ထဲမှာ ရောဂါပိုးမွှားတွေ ပေါက်ပွားတာ၊ ရေတွင်း ရေကန်လို အသုံးပြုနေတဲ့ ရေတွေပါ ရေလွှမ်းခံရတာက ကြောက်စရာ နောက်ဆက်တွဲတွေ ဖြစ်လာမှာပါ။ ကျန်းမာရေးနဲ့ ဘေးအန္တရာယ် လုံခြုံ စိတ်ချရေးကို ထိပါးလာမယ့် အန္တရာယ်တွေ ရှိလာပါတယ်။
“ရေဘေးသင့် နေရာဒေသတွေမှာ အဓိက က သောက်သုံးရေပေါ့။ သောက်သုံးရေနဲ့ သုံးစွဲရေကို လတ်တလောမှာတော့ ရေသန့်ဘူးကိုပဲ သုံးစွဲတာအကောင်းဆုံးပါ။ အခုလို ရေပြန်ကျသွားပြီးတဲ့အချိန်၊ သန့်ရှင်းပြီး ပြန်လည်ပြုပြင် မွမ်းမံနေတဲ့ချိန်မှာ ဖြစ်နိုင်ရင်တော့ ဒီကာလမှာ ရေသန့်ဘူးကိုပဲ သေချာသုံးစွဲစေချင်တယ်။ ပြီးတော့ တကိုယ်ရည်သန့်ရှင်းမှုကလည်း အရေးကြီးတာပေါ့။ တခုခုကို ကိုင်တွယ် သန့်ရှင်းရေးလုပ်ပြီးသွားရင်လည်း လက်ကို စင်ကြယ်အောင် သေသေချာချာလေး သန့်ရှင်းပေးဖို့လိုတယ်။ သန့်ရှင်းရေး လုပ်တဲ့အခါမှာလည်း စွန့်ပစ်ပစ္စည်းတွေ အမှိုက်သရိုက်တွေကိုလည်း သေချာလေး စွန့်ပစ်မယ်။ နောက်တခုက ခြင်၊ ယင် ပေါက်ဖွားနိုင်မယ့် နေရာတွေကိုလည်း သေချာထိန်းနိုင်မယ်ဆိုရင် ရေကြီးမှု နောက်ဆက်တွဲဖြစ်နိုင်တဲ့ ဝမ်းရောဂါ၊ အစာအဆိပ်သင့်ရောဂါ၊ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ မဖြစ်အောင်လည်း ကာကွယ်နိုင်မှာပါ” လို့ ဒေါက်တာကျော်မင်းထွန်းက အကြံပြုပါတယ်။
ရေကြီးပြီးတဲ့နောက် မသန့်ရှင်းတဲ့ ရေစိုစွတ်မှုတွေကြောင့် မှိုတက်၊ ရေညှိတက်ခြင်းတွေကနေ ရောဂါ ရနိုင်ပါတယ်။ ရေကြီးပြီးတာနဲ့ ဆေးကြော ခြောက်သွေ့အောင် မလုပ်နိုင်ရင် ပြဿနာပါ။ အထူးသဖြင့် ကော်ဇောတွေ၊ အိပ်ရာခင်းတွေ၊ နံရံတွေ၊ ကြမ်းခင်းတွေ အားလုံး မှိုတက်လာနိုင်တာပေါ့။ အဲဒီကနေ ဓာတ်မတည့် လက္ခဏာတွေ၊ ပန်းနာရင်ကျပ်တွေ၊ နှာချေတာတွေ ဖြစ်လာမှာပါ။
ရေကြီးချိန်မှာ ရေနဲ့ထိတွေ့ စိုစွတ်ခဲ့တဲ့ အဝတ်အစား၊ အသုံးအဆောင် တွေကို ချွတ်ဆေး (Bleach) ပါ သုံးပြီး လျှော်ဖွတ် သန့်စင်သင့်ပါတယ်။ ဒါမှမဟုတ် ရေနွေးနဲ့ ဆပ်ပြာသုံးပြီး လျှော်ဖွပ်တာက စိတ်ချရပါတယ်။ ပြီးရင်လည်း သေသေချာချာ ခြောက်သွေ့အောင် လုပ်ရပါမယ်။ ရေမြှုပ်ပါတဲ့ အိပ်ရာခင်းတွေ၊ ကြမ်းခင်းတွေ၊ ကော်ဇောနဲ့ တခြား အသုံးအဆောင်တွေကတော့ ရေကြီးပြီးရင် စွန့်ပစ်လိုက်တာသာ အကောင်းဆုံးလို့ ဆိုပါတယ်။
ရေကြီးနေတဲ့အိမ်ထဲမှာ ခန္ဓာကိုယ်အတွက် ကာကွယ်ပေးတဲ့ အဝတ်အစားတွေ ဝတ်နိုင်ရင် ကောင်းပါတယ်။ ဘွတ်ဖိနပ် စီးတာ၊ လက်အိတ်သုံးတာ၊ နှာခေါင်း ဖုံးအုပ်ထားတာတွေက တုပ်ကွေးနဲ့ မှိုစွဲရောဂါမျိုးတွေလိုမျိုး အသက်ရှူလမ်းကြောင်းကို လေနဲ့ ရေက ဝင်ရောက်လာမယ့် အမှုန်အမွှားနဲ့ ရောဂါပိုးတွေကနေ ကာကွယ်ပေးပါတယ်။
စိုစွတ်နေတဲ့ ဧရိယာမှာ လျှပ်စစ်နဲ့ ပတ်သက်တဲ့ ပစ္စည်းကိရိယာတွေ ကိုင်တွယ်တာကလည်း အန္တရာယ်ပါပဲ။ ထိတွေ့မယ့် လျှပ်စစ်ပစ္စည်းတိုင်းကို ခြောက်သွေ့နေစေဖို့ သတိပြုပါ။ လက်နှိပ်ဓာတ်မီးလိုမျိုး အန္တရာယ်ကင်းတာကိုသာ အသုံးပြုပါ။ တသက်လုံး ပျက်နေတဲ့မီးက အဲဒီအချိန်ကျမှ ထလာချင်လာနေဦးမှာ မဟုတ်လား။
ရေကြီးခြင်းကြောင့် ရောက်ရှိလာတဲ့ရေတွေနဲ့ ထိတွေ့ခဲ့တဲ့ စားနပ်ရိက္ခာတွေကိုလည်း စွန့်ပစ်ရမှာဖြစ်ပါတယ်။ ရေခဲသေတ္တာအတွင်းမှ အပူချိန်ဟာ ၆၀ ဒီဂရီ ဒါမှမဟုတ် အဲဒီထက်ပိုပြီး နှစ်နာရီကြာရှိနေခဲ့ရင်တော့ အဲဒီ အစားအစာတွေကို စားသုံးဖို့ မသင့်တော့ပါဘူး။
ရေကြီးရေလျှံမှုရဲ့ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုတွေမှာ နာတာရှည်ရောဂါတွေ ပိုဆိုးလာခြင်း၊ မသန်စွမ်းမှု၊ အာဟာရ ချို့တဲ့မှုနဲ့ စိတ်ကျန်းမာရေးပြဿနာတွေ အပါအဝင် ဆင်းရဲမှုဆိုင်ရာ ရောဂါတွေကို ခံစားရနိုင်ပါတယ်။ ဒါအပြင် ဒဏ်ရာရတဲ့ အရေပြားနဲ့ ထိတွေ့မိတဲ့ ကြွက်ကျင်ငယ်ရည်နဲ့ ညစ်ညမ်းသောရေမှတဆင့် ကူးစက်တတ်တဲ့ Leptospirosis ကဲ့သို့သော ရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
ကမ်းရိုးတန်းနဲ့ ရေကြီးရေလျှံမှုဖြစ်တဲ့ ဒေသတွေမှာ သောက်သုံးရေထဲကို ဆားငန်ရည် ဝင်ရောက်မှုကြောင့် သွေးတိုးရောဂါနဲ့ ကိုယ်ဝန်ဆိပ်တက် ရောဂါတွေလည်း ဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။ ဒါအပြင် ရွှေ့ပြောင်းနေထိုင်ရသူ လူစုလူဝေးတွေမှာ ကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ ဝက်သက်နဲ့ ဦးနှောက်အမြှေးရောင် ရောဂါတွေလည်း အဖြစ်များတတ်တယ်လို့ သိရပါတယ်။ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဟာ အထူးသဖြင့် အသက် ငါးနှစ်အောက်ကလေးတွေ နာမကျန်းမှုနဲ့ သေဆုံးခြင်းရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်တယ်လို့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက ပြောပါတယ်။
ရေကြီးရေလျှံမှုဟာ ကမ္ဘာတဝန်းရှိ သဘာဝဘေးအန္တရာယ် အားလုံးရဲ့ ၄၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်း နှစ်စဉ် ပျမ်းမျှအားဖြင့် လူဦးရေ သန်း ၄၀၀ ကျော် ရေလွှမ်းမိုးမှုဒဏ်ကို တွေ့ကြုံခဲ့ရပါတယ်။
မြန်မာနိုင်ငံဟာလည်း သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို တွေ့ကြုံနေရပြီး အဖြစ်အများဆုံးနဲ့ အဆိုးရွားဆုံးကတော့ ရေလွှမ်းမိုးခြင်းဖြစ်ပါတယ်။ ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ရေနစ်သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဓာတ်လိုက်ခြင်း၊ အပူလောင်ခြင်း၊ မီးလောင်ခြင်း၊ တိရစ္ဆာန်တွေကိုက်ခံရခြင်း၊ ရေကြီးပြီးနောက် မီးစက်တွေ ဒါမှမဟုတ် မီးဖိုချောင်သုံး ပစ္စည်းတွေကနေ ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာတွေ တွေ့ကြုံရနိုင်ပါတယ်။
ဒါကြောင့် ရေကြီးရေလျှံပြီးတဲ့နောက် ရောဂါကူးစက်မှု အန္တရာယ်နဲ့ နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ်တွေကို လျှော့ချနိုင်ဖို့ လိုအပ်လှပါတယ်။ ရေဘေးသင့်ပြည်သူတွေမှာ ကူးစက်ရောဂါတွေ မဖြစ်ပွားစေဖို့အတွက်ကိုလည်း ကြိုတင် ကာကွယ်မှုတွေ ပြုလုပ်ထားသင့်ပါတယ်။ ရေဘေးသင့် ပြည်သူတွေအနေနဲ့လည်း ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဖို့ သိပ်ကို အရေးကြီးပါတယ်။
အဲဒီလိုပဲ ပြည်သူလူထု အလှူရှင်တွေအနေနဲ့ကလည်း ကလိုရင်းပါတဲ့ သောက်သုံးရေနဲ့ ဘေးကင်းတဲ့ အစားအစာတွေ ပံ့ပိုးပေးဖို့ လိုပါတယ်။ ကူးစက်ရောဂါတွေအတွက် စောစီးစွာ ရောဂါရှာဖွေနိုင်ဖို့၊ ထိန်းချုပ်ရေးအစီအစဉ်တွေမှာ ပါဝင်ပံ့ပိုးတာ၊ ဆေးဝါးတွေ ကူညီလှူဒါန်းပေးတာတွေ ပြုလုပ်ဖို့လိုပါတယ်။
ဒါအပြင် ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ကလည်း ကူးစက်ရောဂါပျံ့နှံ့မှုကို စောင့်ကြည့်ခြင်း၊ ထောက်လှမ်းခြင်းတို့ကို ဝိုင်းဝန်းကူညီဖို့ လိုအပ်ပါတယ်။ ဆေးကုသခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ လူထုကျန်းမာရေး ပညာပေးခြင်းတို့ကို ထိရောက်စွာ အကောင်အထည် ဖော် ဆောင်ရွက်ရမှာဖြစ်ပြီး ဒါမှသာ ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ရဲ့ နောက်ဆက်တွဲ ရောဂါတွေကို လျှော့ချနိုင်မှာဖြစ်တဲ့အကြောင်း အသိပေး ရေးသားလိုက်ရပါတယ်။ ။
Photo:CJ