သူတို့အိမ် အခန်း – ၇၇

 

ဆူးငှက်

 

 

ရန်ကုန် မန္တလေး စကားဝိုင်း
———————————

ကျွန်တော် မန္တလေးသင်္ကြန်အကြောင်းကို အခုလို တခုတ်တရ ပြောဖြစ်သည်က ကျွန်တော်တို့ ၁၀တန်းဖြေပြီးသည့် ထိုနှစ် နွေရာသီတွင် ရန်ကုန်က ဆွေမျိုးတစ်စုလည်း ရွာသို့ အလည်ပြန်ကြရင်း သင်္ကြန်မတိုင်မီ မန္တလေးသို့ ပြန်လာပြီး သင်္ကြန်ကျကြမည်။ ထိုအခါ နံနက်ပိုင်း ကိုကိုစိန်လှိုင့်အိမ်ရှေ့ စာပွဲမှာ ညပိုင်း ကျွန်တော်တို့ အိမ်ရှေ့က အဘတို့ ရေနွေးကြမ်းဝိုင်းမှာ ရန်ကုန် မန္တလေး အမျိုးစုံလင် စကားပြောကြသည်။

 

စကားဝိုင်း ထုံးစံအတိုင်း နိုင်ငံရေး လူမှုရေး စီးပွားရေး သောင်းပြောင်ထွေလာ ပြောချင်ရာရာပေါ့လေ။ ထိုစကားဝိုင်းများတွင် အကြောင်းအရာ တိုင်းကို ရန်ကုန် ဆွေမျိုးများက ဦးဆောင်ကြ၏။ ပါလာသည့် ရန်ကုန် ဆွေမျိုးများတွင် ဦးလေးတစ်ယောက်က အမျိုးများအပေါ် သြဇာရှိသည်။ သူက အနုပညာလည်း အထုံပါသည်။ ရွာဘုန်းကြီးပျံ ကျောင်းရေစက်ချ စသည့် ပွဲလမ်းများတွင် ကရဝိက် ယိမ်းတွေ တစ်ခန်းရပ်ပြဇာတ်တွေ တေးသရုပ်ဖော် တွေကို ဦးဆောင်ခဲ့သည်။ ထို့ပြင် ရန်ကုန်က နာမည်ကျော် သံချပ်အသင်း တစ်သင်း၏ ဦးစီးသူလည်း ဖြစ်သည်။

 

နောက်တစ်ယောက်က ဝမ်းကွဲ ယောက်ဖပဲ ဆိုပါစို့။ အစ်မဝမ်းကွဲ တစ်ယောက်၏ အိမ်သား ဖြစ်ပါ၏။ သူတို့က စီးပွားရေးကောင်းသည်။ ထိုယောက်ဖက ဌာနဆိုင်ရာတစ်ခုတွင် အရာရှိပေါက်စ တစ်ယောက်ဖြစ်ပြီး စီးကရက်ကို မီးမငြိမ်းတမ်း လက်ခလယ်နှင့် လက်ညှိုးကြား ညှပ်ကာ ဖွာရှိုက် နေတတ်သည်။ ရန်ကုန်သား အရာရှိပေါက်စ ထုံးစံအတိုင်း စကားလုံးတွေ ထွားသည်။ နောက်တစ်ယောက်က အစ်ကို ဝမ်းကွဲပဲ ဆိုပါစို့။ သူက ၁၀တန်းအောင်ပြီး တက္ကသိုလ် ဆက်မတက်သေးဘဲ သင်္ဘောတက်ဖို့လား ဘာလား ကြိုးစားနေသူ၊ သူက ဦးလေးတို့ သံချပ်အသင်းမှာ ခေါင်းဆောင် သံချပ်တိုင်သူ။

 

ကျန်သူတွေကတော့ အဲ့လောက်မဟုတ်၊ ရန်ကုန်သူ မိန်းမတွေကတော့ ယောက်ျားသားတွေ စကားဝိုင်းမှာမပါပဲ အိမ်ရှင် မန္တလေးသူ မိန်မတွေနှင့် စကားပြောမကုန် ဖြစ်နေကြသည်။ ယောက်ျားသားတွေ စကားဝိုင်းတွင် အဘ၊ ဦးဉာဏ်သိန်း၊ ဦးကြီးဘထွန်း၊ ကိုကိုစိန်လှိုင်၊ ကိုသိန်းမောင် တို့က ပင်တိုင်ဖြစ်ပြီး တစ်ခါတရံမှ ဦးကြီးစာဗျောတို့ ဦးကြီးကောင်းရင်တို့ ပါသည်။ ကိုဌေးအောင်ကလည်း စကားဝိုင်းမှာ ပင်တိုင်ရှိနေသော်လည်း အနားက ခုံရှည်ပေါ် လှဲရင်း ဆေးလိပ်ဖွာနေတတ်၏။

 

တစ်ခါလာလည်း ဒါပဲ၊ တစ်နှစ်လာလဲ ဒါပဲ
———————————————-

အခြား ကြောင်းခြင်းရာများတွင် ရန်ကုန်သားများက ဦးဆောင်ပြောသည်ကို မန္တလေး တောသားများ က မော့၍ အံ့အားတသင့် နားထောင်ကြသည်။ ထိုကြောင်းခြင်းရာများတွင် ထုံးစံအတိုင်း တီးလုံးတိုက်သံများ ကြားရသောကြောင့် သင်္ကြန်အကြောင်း ပြောကြသော အခါ ရန်ကုန်ဆရာများက သူတို့သိသော သံချပ်ကိစ္စတွင် မန္တလေးကို ချိုးချိုးဖဲ့ဖဲ့ ပြောတော့သည်။ “ ဘာလဲကွ၊ တစ်ခါလာလည်း မန္တလေးက ကျန်းမာရေးတော့ တော်လောက်ပြီ၊ ပညာရေးဆီ လှည့်ကြဦးစို့။ တစ်နှစ်လာလည်း ကျူရှင်တွေတော့ တော်လောက်ပြီ၊ နာစ်စ်မတွေဆီ လှည့်ကြဦးစို့ နဲ့။ ရန်ကုန်သံချပ် ဆိုတာ..” ဟု အစချီကာ သရုပ်ပြတွေ၊ စွယ်စုံဆုတွေ၊ စာမြှောင် သီချင်းတွေ၊ တေးသရုပ်ဖော်တွေ ရွှန်းရွှန်းဝေအောင် ပြောတော့သည်။ ထိုအကြောင်းအရာမှာကျ သူတို့က လက်တွေ့နှင့်ယှဉ်၍ပင် ရွှန်းရွှန်းဝေ ကြတော့သည်။ ကျွန်တော်တို့ မန္တလေးသားများက ပါးစပ်အဟောင်းသားနှင့် မော့လို့လေ။

 

ထိုအကြောင်းအရာများ ကြားရတော့ ကိုဌေးအောင်ကလည်း မခံချင်၊ ကျွန်တော်ကလည်း မခံချင် ပြန်လှန်ပြောချင်လှသည်။ သို့သော် တစ်ဖက်က ဦးလေးတွေ အစ်ကိုတွေ ဆိုတော့ ကိုယ်တွေက အငယ်တွေမို့ ရေငုံနေရတာပေါ့။ သို့သော် ကိုဌေးအောင်၊ ကျွန်တော့် ဝမ်းကွဲ အစ်ကိုနှင့် ကျွန်တော်တို့ ၃ဦးသား စနေနှင့် အဖိတ်နေ့ညတိုင်း ဆုံဖြစ်ကြသည့် သင်္ဘောတန်းလမ်းမထိပ်က အကောင်းကြိုက် လက်ဖက်ရည်ဆိုင်ဝိုင်းတွင် ပြောဖြစ်တော့ အစ်ကိုဝမ်းကွဲက ဦးဆောင်ပြီး “မန္တလေးသင်္ကြန် ဆိုသည်မှာ” ဟူသော အကြောင်းအရာကို ကြားဖူးနားဝမျာ၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ရမှုများ ဖတ်ရှုလေ့လာရမှုများကို အခြေခံပြီး သုံးသပ်ခဲ့ကြတာ မှတ်မိနေပါသည်။ ထိုစကားဝိုင်းမှပဲ အကယ်၍ အခါအခွင့် သင့်လျှင် ရန်ကုန်သား ဦးလေး အစ်ကိုများကို “မန္တလေးသင်္ကြန် ဆိုသည်မှာ” ကို ယဉ်ကျေးသိမ်မွေ့စွာ ရှင်းပြကြမည်ဟု ၃ဦးသားက သဘောတူခဲ့ကြသည်။

တကယ်တော့ မန္တလေးသင်္ကြန်ဟူသည်မှာ……

 

ရွက်ဝါလေးတွေ ကြွေပြီး တောင်လေလေး ဝှေ့လာတော့
——————————————————–

တပို့တွဲလပြည့်ကျော် အအေးဓာတ်လျော့စ။ စောစောနေထွက် နောက်ကျနေဝင်ကာ ရွက်ဝါလေးတွေ ဖြုတ်ဖြုတ်ကြွေပြီး တောင်လေလေး ဝှေ့လာတော့ အခုလို အရွယ်မှာတော့ “သြော် တစ်နှစ်၊ တစ်နှစ် ဘာမှ မကြာလိုက် ပါလား၊ မကြာခင် သင်္ကြန် ရောက်ဦးမှာ ပေါ့လေ ” ဟု သံဝေဂလိုလို၊ စိတ်ပျက် ငြီးတွားသံလိုလိုနှင့် ဝတ္တရား မပျက် ငြီးငြူမိပြနသည်။ ဟုတ်သည်၊ တပို့တွဲလပြည့်ကျော် ပြီးတာနှင့် ဖေဖေါ်ဝါရီလ ကုန်တော့မှာပေါ့။ ငယ်စဉ်ကတော့ မန္တလေးသည် မတ်လဆန်း၊ စာမေးပွဲကြီးတွေ ပြီးတာနှင့် သင်္ကြန်ရနံ့နှင့်အတူ သင်္ကြန်မိုး က မြို့လုံးကျွတ် ထန်လာတော့၏။ ပြတိုင်းပြတိုင်း မှာ သင်္ကြန်ကြော်ငြာ ပိုစတာတွေ ပလူပျံလာသည်။

ဝင်းတွေ၊ဓမ္မာရုံတွေထဲ တူးပို့တူးပို့ ဒိုးသံနှင့် သင်္ကြန်သီချင်း၊ သင်္ကြန်တီးလုံး၊ သင်္ကြန်ယိမ်း တိုက်သံတွေ ကြားလာရပြီ။ အချို့ဝင်း၊ အချို့ရပ်ကွက်၊ အချို့ဓမ္မာရုံတွေမှာလည်း စည်တိုသံ လင်ကွင်းသံ စည်းချက် ကျကျဖြင့် သင်္ကြန်သံချပ်တွေ တိုက်ကြဖို့ ပြင်ဆင်လာကြ၏။ သင်္ကြန်တီးလုံး၊ သင်္ကြန်သီချင်း၊ သင်္ကြန်သံချပ် ကိုတော့ သိုသိုသိပ်သိပ်ဖြင့်သာ မိမိတို့ သံချပ်အသင်းသားများ သီးသန့်ဖြင့် အချိန်ကပ်မှ တိုက်ကြသည်။ အဘယ့်ကြောင့် ဆိုသော် သင်္ကြန်သံချပ်ပါ အကြောင်းအရာ အသစ်အဆန်းတွေကို ပြိုင်ဘက်အသင်းတွေ ကြိုတင် မသိစေချင်လို့ဖြစ်သည်။ ငယ်စဉ်ကတော့ အခုလို ဆောင်းဆုတ်ချိန်တွင် သံဝေဂတွေ၊ ငြီးငြူ စိတ်ပျက်မှုတွေ အလျဉ်း အသံမထွက်ဘဲ ရင်တလှပ်လှပ်ဖြင့် အပျော်ဓာတ်တွေပဲ စတင်ဥဖွဲ့ ကြီးထွားလာသည် ချည်းဖြစ်သည်။

ထိုစဉ်ကာလ ညောင်းရွက်ကျ၊ တောင်လေမြူးစဆိုလျှင်ပင်၊ တီးလုံးကွက် ဝါသနာပါသူတိုင်း၊ နှုတ်ဖျားတွင် သင်္ကြန်တီးလုံးတီးကွက်ကို ရွတ်ဆိုကြည့်ကာ အနားရှိ မယ်ဒလင်၊ တယော၊ ပတ္တလားတို့ဖြင့် တို့ခတ်ကြည့်မိသည်ချည်း ဖြစ်၏။ သီချင်း ကဗျာ ဝါသနာပါသူတိုင်းလည်း သင်္ကြန်တေးတစ်စကို စိတ်ထဲပေါ်သည်နှင့် ဗလာစာအုပ်၊ စာရွက်ထဲ ချက်ချင်း ရေးချ သီကုံးမိကြသည်ချည်း ဖြစ်သည်။ အလားတူ လက်မှုပညာနှင့် ပန်းချီဝါသနာ ပါသူကလည်း စာရွက်လွတ် တစ်ရွက်မှာ အလှပြမဏ္ဍပ်ပုံစံ၊ အလှပြ ရေသဘင်ကားပုံစံ ကောက်ကြောင်းတွေခြစ်ကြည့်နေကြသည်။

အတီးအမှုတ် ဝါသနာပါသူကလည်း စန္ဒရား၊ တယော၊ ဂစ်တာ လက်လှမ်းမီရာဖြင့် အသံညှိ၊ တို့ထိကာ တေးတစ်စ ဖန်တီးနေကြပြီ။ သံချပ်ဝါသနာပါသူတွေက အချင်းချင်း ခေါင်းချင်းဆိုင်ပြီး၊ အကြောင်းအရာ တစ်ခုအပေါ် ပုဂ္ဂိုလ်ရေးလား၊ အမျိုးသားရေးလား၊ သာမညလား၊ အဓိကလား၊ ပဋိပက္ခလား၊ သမူဟလား။ ရန်တိုက်တာလား၊ စံကိုက်တာလား…။ ငြင်းခုန် ဆွေးနွေးပြီး မှတ်စုထုတ်နေကြပြီ။

 

သမိုင်းတန်ဖိုး ရှိရှိ အစဉ်အလာ မှတ်တိုင်များ
————————————————-

မန္တလေးသည် မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်များနှင့် ပတ်သက်၍မူ အစဉ်အလာ မှတ်တိုင်များကို သမိုင်းတန်ဖိုး ရှိရှိ စိုက်ထူနိုင်ခဲ့သည်။ ထိုမှတ်တိုင်များက သမိုင်းတန်ဖိုး ရှိခဲ့၏။ အမျိုးသားရေး ဆိုင်ရာ အမှတ်အသား များလည်း ဖြစ်ခဲ့၏။ ဂုဏ်ပုဒ် ဝိသေသများလည်း ဖြစ်ခဲ့၏။ သာမာန် တစ်ဦးနှင့်တစ်ဦး ရေပက်ကစားကြရာမှ ၁၉၂၀ ဝန်းကျင်တွင် ကုန်တိုက်၊ ကုမ္ပဏီများ သုံးသော ထရပ်ကားကြီးတွေပေါ် ရေစည်ပိုင်း၊ ရေပုံးများ တင်ကာ တစ်ပြဝင် တစ်ပြထွက် ရေပက် ကစားကြသည့် အစဉ်အလာတွေ ပေါ်ပေါက်လာသည်။

တစ်နှစ်နှစ်နှစ်အတွင်း ထိုရေပက်ခံ ကားကြီးတွေပေါ်မှာ ရေစိုခံ တူရိယာပစ္စည်းတွေ ပါဝင်လာကာ တီးမှုတ်သီဆို ဖျော်ဖြေမှုတွေ တိုးလာသည်။ သည်လို ရေပက်ခံကားတွေ လာရောက် ရေပက် ကစား သီဆို တီးမှုတ်ကြလျှင် ရေပက်အဖွဲ့တွေကလည်း ပြန်လည် ဧည့်ခံကြဖို့ ရေပက် မဏ္ဍပ်တွေမှာ တီးဝိုင်းအဖွဲ့တွေ ပါဝင်လာကြသည်။ နောက်တော့ ဝါသနာရှင် အသီးသီး၏ ကိုယ်ပိုင်သီချင်း၊ ကိုယ်ပိုင်တီးလုံးတွေ ပါလာတာပေါ့။ကားတွေ မဏ္ဍပ်တွေအလှဆင် ပသာဒ အသွင် ခြယ်မှုန်း ဖန်တီးမှုတွေ ပါလာတာပေါ့။

“မိုး… မိုး…မိုးလားမောင်တို့
လေ… လေ… လေလားမောင်တို့
ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ…
အမောပြေအောင် သောက်ပါ့ မမ…”
“သူများပျော်လို့ မပျော်နိုင်…
ရည်းစားပျောက်လို့မှိုင်…”

ဟူသော သမရိုးကျ သံချပ်များအစား အမြင်မတော်တာ သရော်သည့် သံချပ်တွေ ထိုးလာကြသည်။

 

၁၉၄၅မှာ ပြည်တော်ဝင်ပြီး ရွှေမန်းတောင်ရိပ် ခိုလှုံကြတာ ၁၉၄၇ ကတည်းကပါ
————————————————————————————-

နိုင်ငံရေးဒီရေအမြင့်ဆုံး ၁၃၀၀ ပြည့်နှစ် (၁၉၃၉ ခုနှစ်) သင်္ကြန်တွင် အမြော်အမြင်ရှိသော မန်္တလေးမြို့ မိမြို့ဖများနှင့် ပညာရှင်များက ကိုယ့်ရေ၊ ကိုယ့်မြေတွင် ကိုယ့်အရှင်၊ ကိုယ့်သခင်နှင့် အမွန်အမြတ် အလေးထားသည့် ဝံသာနုစိတ်ဓာတ်ကို ထင်ရှားစေခဲ့သည့် သင်္ကြန်ပွဲတော်ကိုဆင်နွှဲခဲ့ကြသည်။

တေးပြုစာဆို မြို့မငြိမ်းကလည်း ၁၃၀၀ ပြည့်သင်္ကြန် ဟူသည့်သီချင်း၌ ““ မန်းသူနွဲ့မူ နုယဉ်ယဉ်တွေလန်းပါစေ ၊ အခါရေလောင်း ညှာကြွေပြောင်းပေါ့ခင်ရယ်၊ အေးစေတော့ဆို လောင်းတဲ့စိတ်ရင်းပင်၊ အဟုတ်ပ နှမလေးအတွင်၊ အလှသဘင်တွေ သူတို့ကိုယ်တိုင်လောင်းကြမှာမို့၊ မငြင်းသာပြီဘု၊ ရွှေမန်းမြို့မမောင်တို့ သင်္ကြန်တွင်” ဟုရေးစပ်ခဲ့သည်”

ထိုစဉ်က အလှပြယာဉ်များမှာလည်း ဝံသာနု စိတ်ဓာတ်ကို ပေါ်ထွန်းစေသည့် ပန်းချီ အပြင်အဆင်များ ဆင်ယင်ခဲ့ကြသည်။ မြန်မာတို့၏ အထင်အရှားနှင့် အခိုင်အခံ့ရှိခဲ့သော ရိုးရာယဉ်ကျေးမှု သင်္ကြန်ကို ပီပြင်စွာ ထိန်းသိမ်းခဲ့ကြသည်။ ထိုစဉ်က အနောက်နိုင်ငံမှ ယဉ်ကျေးမှုများ မည်မျှပင် ထွန်းကားခဲ့သော်လည်း မန်္တလေးက ဝံသာနုသင်္ကြန်ကို အထိခိုက်မခံခဲ့ကြပေ။

ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၅ခုနှစ် မတ်လ(၂၃)ရက်နေ့တွင် စစ်ပြေးကြသူတွေ စစ်ကိုင်းမှ မန္တလေးမြို့ ပြန်အဝင် “ခါတော်ရောက်ချိန် နီးလို့လာပြီလေ၊ ဒေါ်ဒေါ် မမ နှမတို့ရေ…” ဟု ခွန်းဆက်သံနှင့်အတူ “မန္တလေးဆို ရွှေမြို့ ဒို့ရတနာပုံ နေပြည်၊ တင့်တယ်သာယာ စည်ကား ဟိုတုန်းအခါကလေ၊ အဲဒါတွေ မတွေးကြနဲ့ ရှေ့ဆက်ကာ စီမံကြစို့လေ…” ဟု ပြာပုံထဲက ပြန်လည် ရှင်သန်နိုးထမည့် မန္တလေးကို သင်္ကြန်ကြိုတေးနှင့် လှုံ့ဆော်ခဲ့တာကလည်း ခေတ်ကို မျက်ခြည်မပြတ်ခဲ့သော သာဓကဖြစ်သည်။

စစ်ကြီးအပြီး ပြန်လည် စည်ကားလာသော ၁၉၄၇ခုနှစ် သင်္ကြန်မှာတော့ ဒီနေ့တိုင် နာမည်ကျော်ဆဲ၊ မြန်မာ့သင်္ကြန် အမှတ်လက္ခဏာအဖြစ် မှတ်ကျောက်တင်ဆဲဖြစ်သည့် “ရွှေမန်းတောင်ရိပ်ခို” သီချင်း၊ “အေးအေးချမ်းချမ်း” သီချင်းများကိုလည်း ဆရာမြို့မငြိမ်းက အမွေအနှစ်အဖြစ် ထားရစ်ခဲ့သည်။ ထိုနှစ် သင်္ကြန်တွင် ရာချီရှိသော အလှပြယာဉ်များက အမျိုးသားအားမာန်နှင့် လွတ်လပ်စွာ ပြဋ္ဌာန်းခွင့် ဆန္ဒ၊ လွတ်လပ်ရေး တိုက်ပွဲဝင် ခေတ်မီ တပ်မတော်စသော သရုပ်ဖော်မှုများ၊ သီချင်းများ၊ သံချပ်များဖြင့် သင်္ကြန်ကို ဆင်နွှဲခဲ့ကြသည်။

 

ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စု
———————————

လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ် မီးကြောင့် မငြိမ်မသက်ဖြစ်ကာ နိုင်ငံထူထောင်ရေး နှောင့်နှေးခဲ့မှုကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်ပြီး တိုင်းချစ် ပြည်ချစ် ပုဂ္ဂိုလ်များ စုစည်း၍ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှု အရှိန်အဟုန် ကြီးမားခဲ့သည်။ ထို့ကြောင့် ၁၉၅၀ခုနှစ် (၁၃၁၁ ခု မှ ၁၃၁၂ ခုနှစ် အကူး) သင်္ကြန်ကို ‘ငြိမ်းချမ်းရေး သင်္ကြန်’ဟု ကမ္ပည်းတင်ကာ မန္တလေးသင်္ကြန်အား ‘ငြိမ်းချမ်းရေး’သို့ ဦးတည်၍ မြို့လုံးကျွတ် ဝှဲချီး ကျင်းပခဲ့ကြ၏။

‘ပိတောက်တွေ ဝေေ၀လွင်လွင်၊ ရွှေစင်အိအိ
ဖူးပွင့်တဲ့ သည်ချိန်တွင်
ဗမာပြည်တစ်ခွင်…ဘေးအပေါင်း ရန်အပေါင်းလွင့်ကြွေ
ငြိမ်းချမ်းရေး ရွက်သစ်နုတို့လို
ခါတော်ရေစင်မှီးလို့ ဝေစည်လွင်လွင်
ငွေငန်းဆုတောင်း၊ အောင်ကြောင်းကိုဆင် ခါတော်ရေသဘင်’

ဟုလည်း မြို့မငြိမ်းက သင်္ကြန် တေးတစ်ပုဒ် ရေးစပ်ခဲ့သည်။

ထိုနှစ်ပြီး နောက်နှစ်တွင်လည်း ပင်လုံစိတ်ဓာတ်ဖြင့် ဖွဲ့စည်းရယူခဲ့သော လွတ်လပ်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြယုဂ်အဖြစ် ‘ပြည်ထောင်စုသင်္ကြန်’ကို မန္တလေးတွင် ခမ်းနားစွာ ဆင်နွဲခဲ့ပြန်သည်။ ၁၉၅၁ခု (သက္ကရာဇ် ၁၃၁၂ခု မှ ၁၃၁၃ ခုနှစ် အကူး) သင်္ကြန်ပွဲတော် ဖြစ်သည်။ ထိုစဉ်က နိုင်ငံတော် သမ္မတ နှင့် ဝန်ကြီးချုပ် အပါအဝင် အကြီးအကဲများနှင့် ရာချီ၍ရှိသော အလှပြယာဉ်၊ အလှပြမဏ္ဍပ်၊ သံချပ်အသင်း၊ ရေပက်အသင်းများနှင့် မြို့လုံးကျွတ် ဆင်နွဲကြသည့် သင်္ကြန်မို့ ပြည်သူ့သင်္ကြန်၊ လူထုသင်္ကြန်အသွင် အပီပြင်ဆုံး ဖြစ်ခဲ့သည်။

သင်္ကြန်၏ ပြယုဂ်များကလည်း ရိုးရာ ယဉ်ကျေးမှုကို အခြေခံပြီး လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ပြည်ထောင်စု စိတ်ဓာတ် ခိုင်မြဲရေးကို ပြဆိုခဲ့ကြသည်။ နောက်ပိုင်း မန္တလေးသင်္ကြန်များအထိ နိုင်ငံရေးကို နောက်ခံပြုသည့် အထိမ်းအမှတ်များ မရှိခဲ့သော်လည်း အမျိုးသား ယဉ်ကျေးမှု မဏ္ဍိုင်ကိုတော့ ခိုင်ခိုင်ကြီး စိုက်ထူခဲ့ကြသည့် ‘လူထုသင်္ကြန်’ များက အများဆုံး ဖြစ်ခဲ့သည်။

ရာချီရှိသော အလှပြယာဉ်များ၊ ရာချီရှိသော အလှပြမဏ္ဍပ်များ၊ ပြတိုင်းစေ့ ရပ်ကွက်တိုင်းစေ့ ရေပက်မဏ္ဍပ်များ၊ သံချပ်အသင်းများ စသည်ဖြင့် အယုတ်အလတ် အမြတ်မရွေး ပျော်ရွင် ကြည်နူးခဲ့ကြသည့် သင်္ကြန်များဖြစ်ပါ၏။

ဤသို့ဖြင့် သင်္ကြန်ကာလသို့ ရောက်ခဲ့ပြီပေါ့။

 

 

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW