သူတို့အိမ် အခန်း – ၇၈

 

ဆူးငှက်

 

 

 

မန္တလေးသင်္ကြန်ဆိုတာ
——————————-

သင်္ကြန်အကြိုနေ့၏ နေဝင်ရီတရောညနေချမ်းဆည်းဆာနေလုံးသည် ကျုံးပြာသာဒ်ကြား တွဲလွဲခိုနေ၏။ နေလုံးပတ္တမြားနီနီက ပြာသာဒ်တတိယဘုံ၏ ဒုယင်အစွန်းနှင့် ထိခိုက်မိ၍ ဖြာကျလာသော ပတ္တမြားရည်များကား ကျုံးရေပြင်တွင် ပြန့်ကျဲသွားသည်။ ဟိုတစ်စ သည်တစ်စအနီ။ ပြာသာဒ်ဒုယင်ကြားမှ ကင်းလွတ်ပြီး အနောက် မင်းဝံတောင်ရိုးပေါ် ပြေးဆင်းလုလု နေလုံးက သင်္ကြန်၏ အကြိုနေ့ကို သံယောဇဉ် ကြီးနေဆဲဖြစ်သည်။

သို့သော် လမ်းမီးတွေ အပွင့် မဏ္ဍပ်တွေမှာ အလှပြယာဉ်တွေမှာ ရောင်စုံမီးသီးမီးလုံးတို့ အပြိုင်အဆိုင် ပွင့်လန်းလာတော့ နေလုံးသည် စိတ်ချစွာဖြင့် တောင်ရိုးနောက် ငုတ်လျှိုးသွားချေပြီ။ မန္တလေးသင်္ကြန်၏ ကန့်လန့်ကာက စ၍ဖွင့်ချေပြီ။ ဆွေမျိုး ဧည့်သည်များကို မန္တလေးသင်္ကြန်၏ ဇာတ်ဝင်ခန်းတွေ ပြသဖို့ ကျွန်တော်တို့လည်း အများနည်းတူ မြို့လယ်က ဗဟိုမဏ္ဍပ်အနား ရောက်နေကြပြီ။ ထိုစဉ် သင်္ကြန်၏ အမှတ်အသား ပဏာမ တီးလုံးသံတွေကို ဈေးချိုနာရီစင်ဘက်ဆီက သဲ့သဲ့မှ တိုးသံညှင်းညှင်း ၊ တိုးသံညှင်းညှင်းမှသည် သဲကွဲပီပြင် ကြားနေရပြီ။

ရန်ကုန်က ဆွေမျိုးများနှင့် ကျွန်တော်တို့ စောင်းဆိုင်း ရပ်ကြည့်ကြေသည့် ကျောက်သွေးတန်း ရွှေမောင်းတိုက်ရှေ့တွင် သင်္ကြန်လည် ပရိသတ်များကလည်း အသံကြားရာ မြောက်ဘက် ဈေးချိုဆီ မျှော်ကြည့် နေကြသည်။ အသံကတော့ တဖြည်းဖြည်းနီးလာသလို သီချင်းတီးလုံး အဆုံးသတ် လိုက်သည်ကိုပင် ပီပီပြင်ပြင် ကြားရသည်။

ဟော မကြာမီ အချက်ပြမီးလည်ဖြင့် ရှေ့ပြေးကားတစ်စီး ပေါ်လာသည်။ နောက်မှာ ကန်တော့ပွဲညွန့်ကြီး တင်ထားသည့် ဆန်နီပစ်ကပ် ကားတစ်စီး။ ပြီးတော့ မီးရောင်စုံ ထိန်လင်းနေသည့် ငွေငန်းအလှပြယာဉ်ကြီး။ မြင်ကွင်းတွင် ပေါ်လာခြင်းနှင့်အတူ ပြိုင်တူ တီးမှုတ်လိုက်သော တေးသွား အတောက ပတ်မကြီး အဆို့အပိတ်ဖြင့် ခံ့ခံ့ညားညား ဟည်းထ မြိုင်ဆိုင်သွားသည်။ ကျွန်တော် ဆွေမျိုးများအားလုံး ရုတ်ချည်း မေ့မြောသွားကြလေသလား။ စောစောက အချင်းချင်း ပြောဆိုနေကြသော စကားသံတွေ တိတ်သွားသည်။ တူရိယာသံနှင့်အတူ ငွေငန်းယာဉ်ကြီးတငြိမ့်ငြိမ့် ရောက်၍လာ …။

”အေးအေးချမ်းချမ်း .. လောင်းစမ်းသင်္ကြန်ရေ၊
မာပါစေ၊ တောင်းဆုကိုချွေ၊ ဖျန်းပက်သူတို့ ယဉ်စစချောနွဲ့နွဲ့လုံမေ …၊
ထောင့်သုံးရာ သုံးဆယ့်ခြောက် ခုနှစ် သင်္ကြန်ရေ …၊
စွတ်သူစိုသူ၊ ကြည်ဖြူစွာလေ ….
စိတ်မှာထင်မြင်၊ ရေစင်တွေဖျန်း … မောင်ရင်းနှမ တမ်းတသူတွေ ….”

ငွေငန်းအလှပြယာဉ်ကြီးက တေးသံမြိုင်မြိုင်နှင့်အတူ ဗဟိုမဏ္ဍပ်မှာ ဖြည်းဖြည်းငြိမ့်ငြိမ့် ထိုးဆိုက်လာ သည်။ အလှပြယာဉ်ကြီးရှေ့မှာပင် ငန်းရုပ်လေးတွေကိုယ်စီနှင့် ပိုင်းလော့ကားအစီး ၂ဝ ခန့်နှင့် ဘေးမှာနောက်မှာ သင်္ကြန်ပျော် ကားတွေ တန်းစီပြီး လိုက်ပါလာသည်။

”ဒီသီချင်းက အတော် ခံ့ညားတာပဲ။ ရင်ထဲ ဆို့တက်ပြီး မျက်ရည်တောင် လည်လာမိတယ် ထောင့်သုံးရာ သုံးဆယ့် ခြောက်ခုနှစ် သင်္ကြန်ရေ ဆိုတော့ ဒီနှစ်စပ်တာလား” ဟု ရန်ကုန်သား ယောက်ဖက မေး၏။

‘မဟုတ်ဘူးဗျ၊ ဒါ ဆရာမြို့မငြိမ်းရေးခဲ့တာ …၊ လွန်ခဲ့တဲ့ နှစ်၃၀လောက်က သီချင်း၊ ၁၉၄၇ ခုနှစ်ကပေါ့ဗျာ …”

သည်နောက် ထိုတစ်နေရာထဲမှာပင် မြို့မက သီဆိုသည့် သီချင်းများကို တစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်ရင်း ဆွေမျိုး ဓည့်သည်များက “ ဒီသီချင်းက ..” ဟူသော အမေးပုစ ္ဆာတွေကို လက်ဆည်ကန် ဝင်းလိုက်ရုပ်ရှင်ရုံအနီး အလင်းဆိုင်မှာ လက်ဖက်ရည် သောက် နားကြရင်း တစ်ယောက်တစ်လှည့် ဖြေကြတော့ ဆွေမျိုးဧည့်သည်တွေ အံ့အားတသင့်နှင့် လက်ဖက်ရည် ခွက်များပင် အေးစက်ကုန်ပေါ့။

ကျွန်တော်တို့ ထိုင်နေသည့် လက်ဖက်ရည်ဆိုင်ရှေ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်မှာ ဗဟိုမဏ္ဍပ်က ဖျော်ဖြေပြီးသည့် မြို့မ ငွေငန်းအလှပြယာဉ်က သွက်လက်သော ဥရောပ ဗုံသံဒိုးချက်ဖြင့် တငြိမ့်ငြိမ့် သီဆိုတီးမှုတ်ရင်း ရှေ့က နဂါးမယ် မဏ္ဍပ်ဆီ ဦးတည်နေပြီလေ။ ဖွင့်ချည်မှိတ်ချည် မီးလုံးရောင်စုံ သွယ်တန်း ရစ်ဆွဲထားသည့် ပျံလုမတတ် ငွေငန်းရုပ်ကြီးကို ငေးမော ကြည့်ရှုနေရင်း အမြင်တွေ ဝေဝါးသွားသည်။ သတင်းစာဟောင်းများ၏ ဝါကျင့်ကျင့် စာမျက်နှာများလည်း တဖျပ်ဖျပ် လန်သွားပါပကော ….။

 

တောင်ရိုးတန်း စစ်ကိုင်းဘက်မှာနေ
————————————–

တယောသံနွဲ့နွဲ့နှင့် သီချင်းသွားလေး ထွက်ပေါ်လာ၏။ သည်နေ့မှပဲ သပြေညွန့်တွေ ဝေနေသည်။ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ချောင်တိုင်း၊ ကျောင်းတိုင်း၊ ဇရပ်တိုင်းမှာ မန္တလေးမှ စစ်ပြေးများဖြင့် ပြည့်နေ၏။ ဘုရား ဆင်းတုတော်တိုင်း၊ ပုထိုးလိုဏ်တိုင်း၊ စေတီတိုင်းမှာ အမြောက်ဆံ၊ စိန်ပြောင်းဆံများမှ တဖြစ်လဲ ကြေး ညောင်ရေအိုးကြီးများတွင် သပြေပန်းတွေ ဝေနေသည်။

စစ်ကြီးကြောင့် မြို့ကိုစွန့်ခွာခဲ့ကြရပြီး စစ်ကြီးကြောင့် အိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းကြီးတွေ နှင့်အတူ တစ်သက်လုံး တသသ ဖြစ်ခဲ့ကြရသော ရွှေနန်းတော်ကြီးအပါအဝင် ကျုံး၊ မြို့ရိုး၊ ပြာသာဒ်များ မီးလောင် ပျက်စီး ပြာကျကုန်ပြီဟူသော သတင်းကြောင့် ဝမ်းနည်းပက်လက် ဖြစ်ရသလို အခု ဖက်ဆစ်ဂျပန်တွေကို ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး စစ်ရေးခေါင်းဆောင်များ၊ မြန်မာ့တော်လှန်ရေး အင်အားစုနှင့် မဟာမိတ်များက ၁၉၄၅ ခုမတ်လ (၂၇)ရက်နေ့ကို လျှို့ဝှက်ရက် သတ်မှတ်ကာ ဂျပန်ကို တော်လှန်ရန် စီစဉ်ခဲ့ကြသော်လည်း စစ်ပရိယာယ်နှင့် အခြေအနေအရ ဗိုလ်မှူးဗထူး ဦးဆောင်သော အထက်မြန်မာပြည် တော်လှန်ရေး အင်အားစုများက မတ်လ (၈)ရက်နေ့ ကတည်းက တိုက်ပွဲဝင်ခဲ့ကြသည်။

ထို့ကြောင့် မတ်လ ၂၁ ရက်နေ့တွင် မန္တလေးမြို့တွင်း၌ ဖက်ဆစ်ရန်သူ တစ်ယောက်မျှ မကျန်တော့ကြောင်း ကြေငြာနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းကြားသည်နှင့် စစ်ကိုင်းတောင်ရိုးပေါ်မှ မန္တလေးသား စစ်ပြေးများအားလုံး ပြုံးပျော်သွားကြသည်။ ပြန်ရတော့မည်လေ ….။

 

တက်ခေတ်လူငယ်များ အားအင်တောင့်တင်းစေ
—————————————————

နေခြည်နှင့်အတွေ့ စိန်ပွင့်အသွေး လက်သွားသည်။ ဒန်ညောင်ရေတကောင်းတွင် သပြေပန်းတွေဝေနေသည်။ သပြေရွက်များ၌ အေးစိမ့်ဧရာဝတီ ရေစက်များ သီးနေသည်။ သပြေရွက်ပေါ်မှ ရေစက်များမှာလည်း စိန်ပွင့်တလက်။ ဟို မြစ်ပြင်မှာလည်း လှိုင်းကြက်ခွပ်လေးတွေ တလက်လက်။ နွေဦးပေါက် မြူထဲမှာ အင်းဝတံတားကြီးက ကျိုးပြတ်။ စစ်ကိုင်းဘက်ကမ်းမှ သံမဏိဂုံးကြီး တွန့်လိန်ကောက်ကွေးကာ ကျိုးပြတ်ပြီး မြစ်ရေသောက်နေ၏။

၁၉၄၅ ခုမတ်လ (၂၃)ရက်….။ ၁၃ဝ၆ ခု နှောင်းတန်ခူးလဆန်း (၁ဝ)ရက် သောကြာနေ့။

စစ်သုံး လက်ကျန် ထရပ်ကားကြီးတစ်စီး၏ ခေါင်းပေါ်မှာ သပြေပန်းတွေနှင့် ညောင်ရေတကောင်းကြီး တင်ကာ ရရာကြိုးများနှင့် စည်းနှောင် လိုက်ကြသည်။ ထို့နောက် စံရွေးဘူတာရုံလေး ဘေးမှ ထောင်ထားသော ပျဉ်ချပ်တစ်ချပ်ကို ယူကာ ရရာထုံးခဲ ရေဖျော်ပြီး ‘မြို့မ ဗုဒ္ဓ ဝေယျာဝစ္စ တူရိယာအသင်းကြီး’ ဟု ရေးသားလိုက်သည်။ ကားခေါင်း ညောင်ရေအိုးအောက ်ချိတ်ဆွဲ ချည်နှောင်လိုက်ကြပြန်၏။

ကား၏ ဂေါက်တံကို အားနှင့်လှည့်သည်။ တစ်ယောက် လက်ပန်းကျတော့ တစ်ယောက်ကူသည်။ သည်လိုနှင့် ကားအင်ဂျင်ကနိုးသွားသည်။ အားလုံးက ဟေးခနဲ ညာသံပေးပြီး ကားပေါ် ပြေးတက်ကြသည်။ ကားဘော်ဒီအား သစ်သားချောင်းများဖြင့် တဘုံးဘုံးရိုက်ရင်း ‘ဘေးကို….ဘေးကို’ ဟု အော်ရင်း လမ်းရှင်းရသည်။ အိပ်ဇောငွေ့ကြောင့် ဖုန်လုံးကြီး လိမ့်တက်သွားသည်။ ကားပေါ်မှ မယ်ဒလင်သံ၊ တယောသံများဖြင့် တီးလုံး အတော တစ်ပိုဒ်အသံက ဂီယာပြောင်းအပြီး စက်သံအညက်မှာ ပီပီသသ ပေါ်ထွက်လာသည်။ ကားပေါ်ပါလာသူ အားလုံးက လက်ခုပ်သံပြိုင်တီးကာ သီချင်းတစ်ပုဒ်ကို သံပြိုင် သီဆိုလိုက်ကြသည်။

”ချစ်ခင်ကြတဲ့အားလုံးမိတ်ဆွေ….
နေ့တိုင်းပဲသတိရကာနေ….
ကျုပ်တို့မြို့မအသင်းသားများတစ်တွေ
တောင်ရိုးတန်းစစ်ကိုင်းဖက်မှာနေ၊
ကျန်းမာကြရဲ့လားလို့ မြို့မမောင်တွေ….
ရွှေမန်းသူတွေမေးလိုက်သံတွေ….
ကျန်းမာကြပါရဲ့လို့ မြို့မမောင်တွေ….
ရွှေမန်းသူမေပြောလိုက်ပါလေ…
စစ်ကိုင်းမှာပဲစိတ်ကစွဲနတ်ပြေ (ပြည်)…၊
တစ်ခါတလေတော့ မျှော်ကာမှန်း…..
လွမ်းမိတဝေဝေ….
ပြန်ချင်ဇောတွေ၊ ရောက်ချင်ဇောနဲ့ စိတ်စောလို့သာနေ….”

ထိုနှစ်က မတ်လ (၂၃)ရက်နေ့ကတည်းက သင်္ကြန်ကျသွားသည်။ စံရွေးဘူတာဆိပ်ကမ်းမှ အမရပူရမြို့ကို ဖြတ်ကာ မန္တလေးမြို့တွင်းအထိ အေဝမ်းဆရာညှာ ရေးသားသော ‘ပြည်တော်ဝင်’ သီချင်းဖြင့် ကျော့ကာ ကျော့ကာ သီဆို တီးမှုတ် ဝင်ရောက်ခဲ့သော မြို့မအသင်းနှင့်အတူ မန္တလေးသားများ သင်္ကြန်ကျခဲ့သည်။ သင်္ကြန်အဆက်ဆက် ဦးညွှတ် အရိပ်ခိုခဲ့ရသော မန္တလေးကျုံး၊ မြို့ရိုး၊ ပြာသာဒ်တို့ကား စစ်ဒဏ်ကြောင့် မမှတ်မိ လောက်အောင် ပျက်စီး ဆုံးရှုံးခဲ့ပြီ။ သင်္ကြန်အကြိုနေ့တိုင်း ဦးခိုက် ပူဇော်ခဲ့သော မဟာမုနိဘုရားကြီးကား ရဟန်းပျိုများနှင့် လူထုက ကာကွယ်ခဲ့၍ မပျက်မစီးရှိခဲ့ငြား ဂန္ဓကုဋီတိုက်ကြီးက စစ်မီးခိုးမှိုင်းများဖြင့် မည်းနေ၏။

‘မန္တလေးဆို ရွှေမြို့၊ ဒို့ရတနာပုံနေပြည်….
တင့်တယ် သာယာစည်ကား၊ ဟိုတုန်းအခါကလေ၊
အဲဒါတွေ မတွေးကြနဲ့၊ ရှေ့ဆက်ကာစီမံကြစို့လေ….’ဟု

ဆိုသည့်အတိုင်း အနိဋ္ဌာရုံတွေကို မတွေးတော ဖယ်ရှားကာ ပြာပုံထဲက ကြာပွင့်ပေါက်စေရမည်ဟု မန္တလေးသားများက သန္နိဋ္ဌာန်ချလိုက်သည်။

 

ပျော်ခင်းလေး သာပါဘိတယ်
——————————–

ဤသို့ဖြင့် ၁၉၄၇ ခုနှစ် ဧပြီလ ၁ဝ ရက်။ ကောဇာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် တန်ခူးလပြည့်ကျော် (၅)ရက်နေ့ထုတ် လူထုသတင်းစာ မျက်နှာဖုံးတွင် သင်္ကြန်ပွဲတော်၌ ဆင်နွှဲမည့် မြို့မအသင်းကြီး၏ အလှပြယာဉ် ဒီဇိုင်းကို ဖော်ပြထားပြီး သီဆိုဖျော်ဖြေမည့် သီချင်းအသစ်များ၏ စာသားများအား မျက်နှာဖုံး၌ပင် ပုံနှိပ် ဖော်ပြထားသည်။

သီချင်းသစ်များတွင် ‘ရွှေမန်းတောင်ရိပ်ခို’ သီချင်း၊ ‘အေးအေးချမ်းချမ်း လောင်းစမ်းသင်္ကြန်ရေ’ အစချီ အေးအေးချမ်းချမ်း သီချင်း၊ ‘ရေလောင်းရေပက် ခံလာတယ် သူငယ်ချင်းရင်းတဲ့ လုံမေရယ်’ အစချီ ‘ရေလောင်း ရေပက်’ သီချင်း၊ ‘ပျော်ပါစေမယ် လာကွယ်အလှရယ် ရေပက်ခံမယ်’ အစချီ သီချင်းစာသားများ အပြည့်အစုံနှင့် မြို့မအသင်းမှ သံချပ်ကိုပင် ထည့်သွင်းဖော်ပြ ထား၏။

ထို့ကြောင့် ယနေ့ နာမည်ကျော်နေသော ‘ရွှေမန်းတောင်ရိပ်ခို’ သီချင်းသည် ၁၉၄၇ခု (ကောဇာသက္ကရာဇ် ၁၃၀၈ခု)က စတင် ပေါ်ပေါက်ခဲ့သောသီချင်း ဖြစ်ကြောင်း မှတ်သားရသည်။ ‘အေးအေးချမ်းချမ်း’ ဟူသောသီချင်းတွင် ‘အေးအေးချမ်းချမ်း လောင်းစမ်း သင်္ကြန်ရေ မာပါစေေ တာင်းဆုကိုချွေ၊ ဖျန်းပက်သူတို့ ယဉ်စစချောနွဲ့လုံမေ၊ ထောင့်သုံးရာ ရှစ်ခုနှစ် သင်္ကြန်ရေ’ ဟု မြို့မငြိမ်းက ရေးစပ်ခဲ့သည်။

၁၉၄၇ ခု (၁၃ဝ၈ ခုမှ ၁၃ဝ၉ ခုနှစ်ကူး) သင်္ကြန်ကားစစ်ကြီးအပြီးတွင် ပြန်လည်၍ ထူးထူးခြားခြား စည်ကားသော သင်္ကြန်ဖြစ်သည်။ နန်းရှေ့ရေသဘင်အသင်းက ‘လွတ်လပ်ရေးကိုတိုက်ယူမယ်’ ဟူသောအဓိပ္ပာယ်ဖြင့် အမြောက်များ တပ်ဆင် ထားသော တိုက်ရေယာဉ် ကြီးပုံအလှပြယာဉ်၊ ရွာဟိုင်းဈေးမှ ‘ခင်ကိုကို’ က မြန်မာ့ဦးစွန်း အမှတ်အသား ဥဒေါင်းရုပ်ပုံ အလှပြယာဉ်၊ ‘ရှုတိုင်းယဉ်’ အသင်းက ခေတ်မီနိုင်ငံသစ်နှင့် သိပ္ပံပညာကို ရည်ညွှန်း၍ အာကာသယာဉ်ပုံစံ အလှပြယာဉ်၊ ‘ရွှေလက်ဝါး’ အသင်းက ဒုံးပျံပုံစံ အလှပြယာဉ်များဖြင့် ပါဝင်ဆင်နွှဲခဲ့သည်။

 

ချစ်မိတ်ဆွေဖြစ်ကြောင်း အခွင့်ကောင်း ကြုံလို့ပင်
——————————————————-

၁၉၅ဝ ခု (ကောဇာသက္ကရာဇ် ၁၃၁၁ ခုမှ ၁၃၁၂ ခုနှစ်အကူး) သင်္ကြန်ကို မန္တလေးမှာ ‘ငြိမ်းချမ်းရေး’ သင်္ကြန်ဟု ကမ္ပည်း တင်သည်။ ထိုစဉ်က နိုင်ငံတော် သမ္မတကြီး စပ်ရွှေသိုက် ကိုယ်တိုင် ပါဝင်ဆင်နွှဲကြ၏။ ထိုနှစ်က ထူးထူးခြားခြား မန္တလေးမြို့မ အသင်းသားတွေက ရန်ကုန်သင်္ကြန်၌ ဆင်နွှဲကြ၏။ ရန်ကုန်ရောက် ‘မန္တလေး မြန်မာ ကုန်သည်များအသင်း’ ၏အစီအစဉ်ဖြင့် ‘ရွှေမန်းရေယာဉ်’ ဟုအမည်ပေးကာ ငွေငန်းရုပ်အလှဆင် ရေသဘင် ကားကြီး ဆင်သည်။

‘ရွှေမန်းရေယာဉ်’ တွင် ၁၉၄၇ ခုနှစ်က ရေးစပ်ခဲ့သော ‘ရွှေမန်းတောင်ရိပ်ခို’ သီချင်းကို ၁၉၅ဝ ခုနှစ် ရန်ကုန်သင်္ကြန်၌ ဆရာမြို့မငြိမ်းကိုယ်တိုင် ပြန်လည် သစ်ဆန်းခဲ့သောအခါ အထူးနှစ်သက် ခဲ့ကြသည်။ သီချင်းသစ်အဖြစ် ဆရာမြို့မငြိမ်းက ‘သဘာဝရွှင်မြူး၊ နှစ်ကူး ဗမာ့ရေသဘင်၊ ခါရေစင် လန်းကြည်ရွှင် အေးစေချင် ချမ်းတယ်ခင်၊ စိမ့်စိမ့်ချမ်းချမ်း အေးအေးလောင်းပေ၊ လောင်းလေအေးလေ၊ အေးလေလောင်းလေတွေမို့ ၊ချစ်မိတ်ဆွေ ဖြစ်ကြောင်း အခွင့်ကောင်း ကြုံလို့ပင်’ အစချီ ‘ငြိမ်းချမ်းရေးရေသဘင်’ သီချင်းကို ရေးစပ်ခဲ့သည်။

တစ်ခါ ‘ငြိမ်းချမ်းရေး’ ပြီးတော့ ညီညွတ်ရေးပြယုဂ်အဖြစ် ‘ပြည်ထောင်စု’ကိုသရုပ်ဖော်ကြသည်။ ၁၉၅၁ ခုနှစ် (သက္ကရာဇ် ၁၃၁၂ခုမှ ၁၃၁၃ခုနှစ်အကူး) သင်္ကြန်ကလည်း ‘ပြည်ထောင်စုသင်္ကြန်’ အဖြစ် မန္တလေးမှာ တသသဖြစ်စေ ခဲ့သည်။ ထိုစဉ်က နိုင်ငံတော်သမ္မတကြီး နှင့်အတူ နိုင်ငံတော်ဝန်ကြီးချုပ်ပါ, ပါဝင်ဆင်နွှဲခဲ့သည့် ခြိမ့်ခြိမ့်သည်း သင်္ကြန်ဖြစ်သည်။

မန္တလေး၏ ရပ်ကွက် အတော်များများ၌ ယနေ့တိုင် အများပြည်သူ သုံးစွဲနေကြရသော ကျုံးရေကန် များကား ထို ပြည်ထောင်စုသင်္ကြန် အမီ တူးဖော်ပေးခဲ့သည့် ရေကန်များဟု ဆိုသည်။

 

လူလည်ဆို အ ဦးကွဲ့လေ
———————————–

ထိုနှစ်က ပိုမိုထူးခြားမှု တစ်ခုမှာ ၂၅ နှစ်မျှ မြို့မနှင့် မခွဲမခွာ ဦးဆောင်ခဲ့သော ဆရာမြို့မငြိမ်းသည် ပြည်ထောင်စု သင်္ကြန်နှစ်၌ အမရပူရ-မန္တလေး A.M.B.A မော်တော်ယာဉ် အသင်း၏ စောင်းကောက် အလှပြယာဉ်ကို ဦးဆောင်ကာ ထူးခြားသော ဂီတအစီအစဉ် တစ်ခု ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဂီတဟူ၍ နကန်းတစ်လုံးမျှပင် မသိသော ဘတ်စ်ကား ဒရိုင်ဘာ စပယ်ယာများက မြန်မာဖြစ် ဝါးပုလွေများ၊ မန်ကျည်းစေ့ထည့် ဘူးသီးခြောက်များ၊ ရာဘာပြားကျက် ရေစည်ပိုင်းများဖြင့် တူရိယာအသင်းပုံစံ တီထွင်ခြင်း ဖြစ်သည်။ သံစဉ်များအလိုက် အုပ်စုဖွဲ့ လေ့ကျင့် တီးခတ်စေခြင်းဖြင့် ထူးခြားသော ဂီတဖွဲ့စည်းမှုကို ဖြစ်စေခဲ့သည်။ သီဆို တီးမှုတ်သော သီချင်းများ ကလည်း ဥရောပ စည်းဝါးအသွားများ ဖြစ်၏။

”ခါတော်မီသိင်္ဂီရွှေပန်းပိတောက်တို့သာ၊ မှည့်ဝင်းကာနေလိမ့်မယ်၊ ထင်မိတာတွေ၊ ဝန်ခံပါပြီ၊ ခုတော့ဖြင့် တခြားစီနေ။ မာလာစုံအမည် မှည့်နိုင်ပေ၊ ပြာသိုမှာ ခွာညိုဟာ ပွင့်ခဲ့ပေါ့လေ၊ ခုတန်ခူးလည်း သူလည်းပါ စွာလိုက်ပုံတွေ၊ အို အလိုဗျာ၊ သင်္ကြန်မယ်တွေ၊ ပန်းမှတ်ထင်နေ၊ လူလည်ဆို အ ဦးကွဲ့လေ၊ ရွှေသဇင်တွေ၊ ဟိုမှာ နှင်းဆီတို့တစ်တွေ၊ လှဦးတော့ သရဖီလေးနှင့် စံပယ်လည်းပါပေ၊ A.M.B.A ငေးမိပေါ့ကျက်သရေ၊ အို အစုလိုက် ယဉ်မျာ့ခေါင်တွေ။”

မြန်မာ့ရိုးရာ အတာသင်္ကြန်သည် မြန်မာတို့၏ စိတ်ရင်း နူးညံ့သိမ့်မွေ့မှုနှင့် ယဉ်ကျေးသော အနုပညာကို လူတိုင်းစေ့ ဖော်ထုတ်ခံစားနိုင်ကြသည့် အမျိုးသားပွဲတော်ဖြစ်လေရာ မြန်မာအများစုရှိသည့် မန္တလေးသင်္ကြန်သည် ‘မြန်မာ့ရိုးရာ အတာသင်္ကြန်’ သရုပ်ကို အပီဆုံးဖော်ထုတ်နိုင်ခဲ့သည့် ပွဲတော်ဖြစ်ခဲ့ဖူးသည်။

မန္တလေးတွင် ဂီတမျိုးစေ့နှင့်အတူ သင်္ကြန်သံချပ် မျိုးစေ့ကလည်း အချိုးညီ ရှင်သန်ပေါက်ဖွားခဲ့သည်။ ဗိုလ်သခင်ဆရာ၊ ဒဿဂီရိ၊ တောကရွှေမိ၊ သော်က၊ နှစ်ဦးမောင်မယ်၊ သင်္ကြန်အမြောက်၊ ပျိုးခင်းလူငယ်၊ မိုးသိကြား၊ ပစ်တိုင်းထောင်၊ ပြည်သူ့ဖော်ကောင်၊ ပိတောက်ကုန်းကမျောက်ရှုံး၊ ညောင်ပင်သာကဆိုးပေ၊ ဒိုးဒိုးဒေါက်ဒေါက်၊ ခွပ်ဒေါင်းနီ၊ နွေဦးသခင်၊ တောကမောင်ကြီး၊ ပြည်သူ့ဘက်သား၊ ရွှေစွန်ညို၊ ဂျာရစ်တို့ရဲ့ လက်ပံနီ…စသည်ဖြင့် သံချပ်အသင်းပေါင်း မြောက်မြားစွာလည်း နှစ်စဉ်မပျက် ပါဝင်ဆင်နွှဲခဲ့ကြသည်။

 

ဘယာဘေးဖြင့် ကင်းဝေးကာ စိတ်၏ချမ်းသာ ရကြအများ
——————————————————————–

ဗဟိုမဏ္ဍပ်ရှေ့၌ သံချပ်အသင်း တစ်သင်းက ပြိုင်ပွဲဝင်နေသည်။ ပရိသတ်ကား ငြိမ်သက်စွာ အားပေး နေသည်။ တစ်ခါတစ်ခါမှသာ ဝေါခနဲပွဲကျသံ၊ လက်ခုပ်သံ၊ လက်ခေါက်မှုတ်သံများ ဆူညံသွားသည်။ နောက်၌ တမျှော်တခေါ် တန်းစီ စောင့်ဆိုင်းနေသော အခြားသံချပ်အသင်း၊ အလှပြယာဉ်များကလည်း ယဉ်ကျေးစွာဖြင့် အသံချဲ့စက်များ ပိတ်ပေးထားကြ၏။

ကျွန်တော်များရဲ့မေတ္တာရေ….အတာရေလိုအေးမြစေသား
အတာရေအေးဆွတ်ဖြန်းခြုံ……ရောဂါအစုံဘယာကင်းဝေး
ဘယာဘေးဖြင့် ကင်းဝေးကာ….စိတ်၏ချမ်းသာရကြအများ
တပို့တွဲမို့ ပေါက်လဲငုံ…..လုပ်ငန်းအစုံသိမ်းခဲ့ပြီပေါ့
လုပ်ငန်းသိမ်းလို့ အပေါင်းအဖော်…..မန်းမြို့တော်ကိုလာခဲ့ပါရဲ့
တစ်နှစ်လုံးလုံး နွမ်းလျခွေ….ပန်းသမျှတွေ ရေစင်နဲ့ဆေး
သင်္ကြန်ကျလို့ မြူးပျော်ရွှင်…..သီတာသဘင်ဆင်နွှဲကြစို့
ရောက်ခဲ့ရပေါ့ အတာသင်္ကြန်….မင်းတို့စံရာရွှေမြို့တော်ကြီး
ရွှေမြို့တော်ကြီးရှုခင်းမှာ….သာသာ ယာယာ ခမ်းးနားပါပေ့
သာယာ ခမ်းနား ဝင့်ကြွားကာ…ရိုးရာဓလေ့မှာ ကွယ်ပျောက်လုပေါ့ …. တဲ့။

သင်္ကြန်အကြိုနေ့ တစ်ညခင်း ဗဟိုမဏ္ဍပ်နှင့်ပင် ကျွန်တော်တို့ ဆွေမျိုးဧည့်သည်များကို မန္တလေးသင်္ကြန် ဟူသည် ဆိုသော ပြယုဂ်အား အပြောမဟုတ် အလုပ်နှင့် သက်သေပြနိုင်ခဲ့ချေပြီ။ အခုတော့ သူတို့က “မန္တလေး သင်္ကြန် ဆိုတာ သမိုင်းအစဉ်အလာကြီးပြီး အတော်ယဉ်ကျေး ခံ့ညားတာကိုး” တဲ့။ ဒါတောင် သီချင်း ၄ပုဒ်အကြောင်း ရှင်းပြရုံ ရှိသေး။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW