မန္တလေး၊ မတ် – ၂၁- ၂၀၂၆
SA(VOM)
အရင်နှစ်သင်္ကြန်ပွဲတော်တွေနဲ့ မတူပဲ ဒီနှစ် ၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ ကျရောက်မယ့်မြန်မာ့ရိုးရာနှစ်သစ်ကူး အတာ သင်္ကြန်ပွဲတော်အတွက် မြန်မာ့ရိုးရာယဥ်ကျေးမှုတွေကို အခြေခံပြီး ကြီးကျယ်ခမ်းနားစွာ ကျင်းပဖို့အတွက် မန္တလေးတိုင်းအစိုးရအဖွဲ့က စီစဥ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ်က သင်္ကြန်ပွဲတော်ကို ပထမပိုင်းအစီအစဥ်အဖြစ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်က ဖဲကြိုးဖြတ်ပြီးတာနဲ့ ကျောင်းသူအင်အား ၉၀၀ က မဏ္ဍပ်ရှေ့မှာ ကပြဖျော်ဖြေဖို့ စီစဥ်ထားပြီး ဒုတိယပိုင်းအစီအစဥ်မှာတော့ ယူနက်စကို ကနေ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်က လူသားမျိုးနွယ် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင်ထားတဲ့အတွက် အခမ်းအနားအစီအစဥ် ဒုတိယပိုင်းအစီအစဥ်ကို ကြီးကျယ်ခမ်းနားစွာ လုပ်ဖို့စီစဥ်ထားပေမယ့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သင်္ကြန်ပွဲတော်ကို မကျင်းပနိုင်ခဲ့တာကြောင့် ဒီနှစ် ၂၀၂၆ မှာ ဒီအစီစဥ်တွေကို အခြေခံပြီး ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
ဒီနှစ်မှာ ထူးထူးခြားခြား မြန်မာ့သနပ်ခါးကို ယူနက်စကိုမှာ ဒြပ်မဲ့ယဥ်ကျေးမှု စာရင်းဝင်အောင် တင်ထားတာ ရှိတဲ့အတွက်၊ ဗဟိုမဏ္ဍပ် ဖွင့်ပွဲအပါအဝင် မန္တလေးမြို့ တမြို့လုံးမှာရှိတဲ့ မဏ္ဍပ်တိုင်း နေရာတိုင်းမှာလည်း သနပ်ခါးယဥ်ကျေးမှုကို ထည့်သွင်းကျင်းပသွားဖို့ စီစဥ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
၂၆ လမ်းနဲ့ ၆၆ လမ်းပေါ်မှာ ခါတိုင်းနှစ်တွေကလို လမ်းလျှောက်သင်္ကြန်ကိုပြုလုပ်မှာဖြစ်ပြီး မဏ္ဍာပ်နေရာချထားရေးအစီစဥ် မလုပ်ရသေးတဲ့အတွက် မဏ္ဍာပ်တွေကို ဘယ်လိုစီစဥ်သွားမယ်ဆိုတာကိုတော့ လက်တလော မသိရသေးပါဘူး။
မန္တလေးမြို့တော်ဝန်မဏ္ဍပ်ကြီးကိုတော့ ၂၆ လမ်း ၇၁ လမ်းနဲ့ ၇၂ လမ်းကြားမှာရှိတဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မျက်နှာစာမှာ တည်ဆောက်နေတာဖြစ်ပြီး လက်ရှိမှာ ၃၀ ရာခိုင်နှုန်းဝန်းကျင်အထိ ဆောက်လုပ်ပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။
နစက အကြီးအကဲတွေက စက်သုံးဆီခြွေတာဖို့လမ်းညွှန်တာကြောင့် လမ်းလျှောက်သင်္ကြန်ကို အဓိကထားပြီးလုပ်ဖို့ စီစဥ်မယ်လို့ မန္တလေးစည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။
ပုံစာ – မန္တလေးမှာ မန္တလေးမြို့တော်ဝန်မဏ္ဍပ်ကြီးကို ဒီနေ့တွေ့ရစဥ်
