တောင်တရုတ်ပင်လယ်မှာ အမေရိကန်မဟာမိတ်တွေ စစ်ရေးလေ့ကျင့်ချိန် တရုတ်ကလည်း ပြိုင်တူ စစ်ရေးလေကျင့်

ပေကျင်း၊ စက်တင်ဘာ-၂၈-၂၀၂၄
မျိုးဆက်(VOM)
တင်းမာမှုတွေမြင့်တက်နေတဲ့ အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ဒေသမှာ တရုတ်စစ်တပ်ဟာ ဝေဟင်၊ ရေပြင် ပူးတွဲစစ်ရေးလေ့ကျင့်နေသလို အမေရိကန်နဲ့ မဟာမိတ်လေးနိုင်ငံကလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဒီနေ့စက်တင်ဘာ ၂၈ ရက်မှာ အပြိုင်အဆိုင် ပြုလုပ်နေကြပါတယ်။
အမေရိကန်၊ ဂျပန်၊ ဖိလစ်ပိုင် ၊ ဩစတြေးလျနဲ့ နယူးဇီလန်ရေတပ်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ်ဒေသ ဖိလစ်ပိုင် အထူးစီးပွားရေးဇုန် ရေပြင်မှာ ဒီနေ့စတင် ပြုလုပ်နေကြပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ငြိမ်းချမ်းတည်ငြိမ်တဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်လာရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေခိုင်မာစေတဲ့ ကတိကဝတ်ကို ပြသတာဖြစ်တယ်လို့ ဩစတြေးလျစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုဟာ အထက်ပါနိုင်ငံငါးနိုင်ငံရဲ့ ပထမဆုံးအကြိမ် ပူးတွဲလေ့ကျင့်ခြင်းဖြစ်ပြီး လွတ်လပ်စွာ ခုတ်မောင်းသွား ပျံသန်းခွင့်ကိုမြှင့်တင်ဖို့နဲ့ နိုင်ငံတကာဥပဒေအရ ပင်လယ်ရေကြောင်းဆိုင်ရာ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ လှုပ်ရှားမှုတခုဖြစ်ကြောင်း ဂျပန်စစ်တပ်က ဆိုပါတယ်။
စ််ရေးလေ့ကျင့်မှုမတိုင်မီ ဂျပန်ဖျက်သင်္ဘော၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့မှ စစ်သင်္ဘောတွေဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့ပြီး ဒါဟာ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ထိပါးတဲ့ ရန်စတဲ့ လုပ်ရပ်လို့ တရုတ်နိုင်ငံက ဝေဖန်ထားပါတယ်။
တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပုံမှန်ကင်းလှည့်သွားလာ သတိပေးခြင်း၊ ကင်းထောက်လေ့ကျင့်မှုတွေ၊ စကားဘော့သောင်ခုံအနီး ကင်းလှည့်တာတွေပါဝင်မယ်လို့ တရုတ်စစ်တပ် တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုတာမရှိပါဘူး။
တရုတ်စစ်တပ်အနေနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ရေကြောင်းဆိုင်ရာ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ပြတ်ပြတ်သာသား ကာကွယ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သယံဇာတတွေ ပေါကြွယ်၀တဲ့ တောင်တရုတ်ပင်လယ် နယ်မြေအများစုကို ပိုင်ဆိုင်ကြောင်း တရုတ်နိင်ငံက အခိုင်အမာဆိုထားပြီး ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်အပါအဝင် ဒေသတွင်းနိုင်ငံအချို့ကလည်း ပိုင်ဆိုင်ကြောင်း တောင်းဆိုထားပါတယ်။
Ref: NHK/ Reuters
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW