သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့တွေ တိုက်ခိုက်ခံရမှုတွေ ရှိနေ



အောက်တိုဘာ ၆ – ၂၀၂၄
GG (VOM)

သန်းခေါင်စားရင်းစတင်ကောက်ယူတဲ့ အောက်တိုဘာလ ၁ရက်ကနေ ၄ ရက်နေအတွင်းမှာ စာရင်းကောက်ယူတဲ့အဖွဲ့တွေ တိုက်ခိုက်ခံရသလို စာရင်းကောက်ရာမှာပါဝင်သူအချို့လည်းဖမ်းဆီးခံရတဲ့အပြင် အသတ်ခံရတာတွေပါရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့က အောက်တိုဘာလ ၄ ရက်နေ့တရက်တည်းမှာတင် ပဲခူးအနောက်ခြမ်းကရွှေတောင်မြို့နယ်နဲ့ တနင်္သာရီ တိုင်းက ပုလောမြို့နယ်မှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေတိုက်ခိုက်ခံခဲ့ရပါတယ်။

ရွှေတောင်မြို့နယ် ဖြစ်စဥ်က ညနေ ၅ နာရီလောက်မှာ သန်းခေါင်စာရင်း ကောက်ပြီးပြန်လာတဲ့ ယွန်းတန်းအုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး အုပ်ချုပ်ရေးမှူး ကတော့ဆေးရုံတင်ထားရတယ်လို့သိရပါတယ်။

” အုပ်ကြီးကတော့ ဖြစ်ပြီးပြီချင်းဆေးရုံတင်လိုက်ရတယ်။ပေါက်ကွဲမှုဖြစ်ပြီးမကြာဘူး ပိတ်ဆို့စစ်ဆေးတာတွေလုပ်တယ်။ကျန်တဲ့သူတွေထိခိုက်ဒဏ်ရာ ရသလားမရဘူးကတော့သေချာမသိပါဘူး။” လို့ ရွှေတောင်ဒေသခံကပြောပါတယ်။

ပုလောမြို့နယ်မှာကလည်း သန်းခေါင်စာရင်း ကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးနေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့စခန်းငါးခုကို အောက်တိုဘာ ၄ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့တယ်လို့ သိရပါတယ်။

ပုလောမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၅) အနီးမှာရှိတဲ့ မိုင်ခရိုဝေ့တောင်၊ တာဝါတိုင်ကုန်း၊ ကျောက်ဖားတောင်ဂိတ်၊ ပလရဲစခန်းနဲ့ မီးလောင်ချောင်းဂိတ်တွေဖြစ်တယ်လို့သိရပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့မှာလည်း အောက်တိုဘာ၄ရက်နေ့ကပဲ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူ ဦးကမ်းလျန်ထန်ဆိုသူကိုသန်းခေါင်စာရင်း ကောက်ယူမှုမှာ ပါဝင်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Zoland)ကဖမ်းဆီးခဲ့ပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့မှာလည်း အောက်တိုဘာ ၁ ရက်က သန်းခေါင်စာရင်း ကောက်ယူနေတဲ့အဖွဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာလည်း အောက်တိုဘာ ၁ရက်နေ့က သန်းခေါင်စာရင်းကောက်ယူရာမှာ ကူညီပေးတဲ့ နန်ကြူကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရပါတယ်။အုပ်ချုပ်ရေးမှူးကို စေတုတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကဖမ်းဆီးခေါ်ဆောင်ချိန်မှာ အုပ်ချုပ်ရေးမှူးက သေနတ်ကိုလုယက်တဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

နစက ကတော့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်ကနေစပြီး တနိုင်ငံလုံး စတင်ကောက်ယူနေတာဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူဖို့အတွက် လူအင်အား ၄၀၀၀၀ အသုံးပြုထားတယ်လို့သိရပါတယ်။

နစကရဲ့ သန်းခေါင်စာရင်းကောက်ယူခြင်းနဲ့ပတ်သက်လို့ PDF အဖွဲ့တွေကလက်မခံကြောင်းကြေငြာထားပြီး သန်းခေါင်စားရင်းကောက်ယူရာမှာပါဝင်သူတွေကိုလည်းအရေးယူသွားမယ်လို့ သတိပေးထားပါတယ်။ ။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW