ZY(VOM)
အောက်တိုဘာ ၉၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်ရဲ့ နယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ ဖယ်ခုံနဲ့ မိုးဗြဲဒေသမှာ စပါးစိုက်ခင်းဧက ထောင်ကျော် ပျက်စီးသွားတဲ့အတွက် လာမယ့်နှစ်အတွက် စားနပ်ရိက္ခာ လုံလောက်မှု မရှိမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံဆန်ကုန်သည်တွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ဒုတိယပါတ်အတွင်းက ဘီလူးချောင်းဆည်ရေ လျှံကျမှုကြောင့် ဆည်အောက်ပိုင်းရှိ ရပ်ကွက်ကျေးရွာတွေနဲ့ စိုက်ခင်း၊ လယ်ခင်းဧရိယာတွေ ရေနစ်မြှုပ်မှုတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာတော့ ရေပြန်ကျနေပြီဖြစ်ပေမယ့် စပါးစိုက်ခင်း ဧကထက်ဝက်ကျော်က ပျက်စီးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
“ရေမြှုပ်သွားတဲ့ စပါးခင်းကတော့ ဧကအားဖြင့်တော့ ၆ထောင်နီးပါးလောက် ရှိနိုင်တယ်။ ရေပြန်ကျသွားပေမဲ့ ဧက ၃၅၀၀လောက်ကတော့ ပျက်စီးသွားပြီ။ ရေကတော့ တရက်ကို နှစ်လက်မစီလောက် ပြန်ကျနေတယ်။ လာမယ့်နှစ်ကတော့ စားနပ်ရိက္ခာအတွက် အတော်လေးဒုက္ခရောက်မယ့် အခြေအနေရှိတယ်။ လမ်းပန်း ဆက်သွယ်ရေးကလည်း တော်တော်ခက်ခဲနေတယ်။ ကားလတ်တွေတောင် သွားလို့မရသေးဘူး။ အလှုူရှင်တွေ စက်လှေတွေနဲ့ လာလှူတာရှိပေမယ့် နည်းတယ်”လို့ ဆန်ကုန်သည် ဦးတင်ဖေက VOMကို ပြောပါတယ်။
အဲဒီလို ရေကြီးရေနစ်မြှုပ်မှုကြောင့် ဒေသခံ ၅၀၀၀ကျော်ဟာ စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်ခိုလှုံနေ ရသလို စားနပ်ရိက္ခာမလုံလောက်မှုအပြင် ရာသီတုပ်ကွေး၊ ဖျားနာမှုတွေအပြင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အရေပြားရောဂါတွေ၊ ဝမ်းရောဂါတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဒီဒေသတွေမှာ နစကတပ်ဖွဲ့နဲ့ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေအကြား မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပေမယ့် နှစ်ဖက်ထိခိုက်သေဆုံးမှုနဲ့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေအသေးစိတ်ကို နှစ်ဖက်တပ်ဖွဲ့ တွေက ထုတ်ပြန်အသိပေးတာ မရှိကြောင်းနဲ့ တိုက်ပွဲတွေကြောင့် အဲဒီဒေသကို ဝင်ရောက်တဲ့ လမ်းကြောင်းတွေ အားလုံးကို ကုန်ပစ္စည်းအဝင်ပိတ်ထားတာကြောင့် ကုန်ဈေးနှုန်းမြင့်တက်ကာ ဆန်ဈေးမှာလည်း မြင့်တက်နေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-CJ
Related posts
-
ဖိလစ်ပိုင်ရေပြင်မှာ တရုတ်ရေအောက်ဒရုန်းတစင်း ရှာဖွေတွေ့ရှိ
မနီလာ၊ ဇန်နဝါရီ-၂-၂၀၂၄မျိုးဆက်(VOM)တရုတ် မောင်းသူမဲ့ ရေအောက်ဒရုန်းလို့ ယူဆရတဲ့ ယာဉ်တစင်းကို ဖိလစ်ပိုင်ရေပြင်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က... -
နေပြည်တော်မှာ ရဲဝန်ထမ်းက ဇနီးကျောင်းဆရာမကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်
ဇန်နဝါရီ ၂ – ၂၀၂၅SN (VOM)နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့မှာ မနေ့ ဇန်နဝါရီလ... -
အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးကာရံမှု မိုရေးနယ်စပ်မှာ ပြီးစီး
ဒေလီ၊ ဇန်နဝါရီ-၂-၂၀၂၅မျိုးဆက်(VOM)အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ မိုရေးမှာ မြန်မာနဲ့ထိစပ်နေတဲ့နယ်စပ်မှာ ၉ ဒဿမ ၂၁၄ ကီလိုမီတာအရှည်ရှိ...