အောက်တိုဘာ ၁၁ – ၂၀၂၄
SN (VOM)
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ မနေ့ အောက်တိုဘာ ၁၀ ရက်၊ ညနေပိုင်းက လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ များစွာ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကျောက်တော်မြို့နယ်ရှိ ဒေသခံတွေရဲ့ ပြောဆိုချက်အရ မနေ့ ညနေ ၄ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ အဲဒီ လေကြောင်း တိုက်ခိုက်ခံရမှုမှာ လူလေးယောက် သေဆုံးခဲ့ပြီး အယောက် ၃၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ကျောက်တော်မြို့မဈေးနဲ့ အထက (၂) စာသင်ကျောင်းဝင်းထဲကို လက်နက်ကြီး ကျခဲ့တာ။ လေယာဉ်သံကြားတာနဲ့ လက်နက်ကြီး ချက်ချင်းကျလာတာ။ လေယာဉ်လာမှန်းတောင် မသိလိုက်ကြဘူး။ ဂျက်ဖိုက်တာ တစီးနဲ့ လေကြောင်း တိုက်ခိုက်ခံခဲ့ရတာ။ ဒဏ်ရရာ ပြင်းထန်တဲ့သူတွေလည်း ရှိတော့ သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်လောက်တယ်” လို့ ကျောက်တော်ဒေသခံက ပြောပါတယ်။
နစက လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်မှာတော့ မနေ့ ညနေ ၄ နာရီ ၂၅ မိနစ်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပြီး အာရက္ခတပ်တော် (AA) အဖွဲ့မှ ၁၅ ယောက်ခန့် သေဆုံးကာ အယောက် ၂၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
AA အဖွဲ့ အစည်းအဝေး ပြုလုပ်နေချိန် သတင်းအတိအကျ ရရှိမှုကြောင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ သိရပြီး သေဆုံးသူတွေထဲမှာ AA ရဲ့ အကြီးပိုင်းအရာရှိတွေလည်း ပါဝင်တယ်လို့ ဆိုထားကြပေမယ့် VOM အနေနဲ့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နစကဘက်က လက်ရှိအချိန်အထိ ကြေညာချက် ထုတ်ပြန်ထားခြင်း မရှိသေးသလို အာရက္ခတပ်တော် (AA) ဘက်ကလည်း တစုံတရာ အသိပေး ကြေညာထားတာ မရှိသေးပါဘူး။
AA အနေနဲ့ အခု ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတည်းက အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အပါအဝင် ကျောက်တော်မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...