အောက်တိုဘာ ၁၁၊၂၀၂၄
Ms(VOM)
နှစ်စဉ်သီတင်းကျွတ် လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့အထိ ကျင်းပတဲ့ ကျိုက်ထီးရိုးဘုရားပွဲတော်ကို ယခုနှစ်မှာလည်းအောက်တိုဘာလ ၁၇ ရက်နေ့တွင် စတင်ကျင်းပသွား မှာဖြစ်ရာ ဘုရားဖူးလာရောက်မယ့် သူတွေအတွက် အခမဲ့တည်းခိုဆောင်တွေပါ စီစဉ်ထားကြောင်း ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ထံကသိရပါတယ်။
သီတင်းကျွတ်အားလက်ရက် များအတွင်း လာရောက်ကြမယ့် ဘုရားဖူးတွေအတွက် အခမဲ့တည်းခိုဆောင်တွေကို လူဦးရေ၅၀၀ကျော် ပမာဏ တည်းခိုနေထိုင်နိုင်ဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။
” သွားရေး၊လာရေး၊စားသောက် တည်းခိုရေး ၊လုံခြုံရေးကအစ ကျန်းမာရေး အစအားလုံးဘတ်စုံပြင်ဆင်မှုတွေကို ဆောင်ရွက်ထားပါတယ်။ အခမဲ့တည်းခိုဖို့ကတော့ ဆီမီးကိုးထောင်ဓမ္မာရုံ၊ အောင်ပြည့်စုံဓမ္မာရုံ အဲ့ဒါတွေက အခမဲ့ဖြစ်ပါတယ်။ဆီမီးကိုးထောင်ဆိုလည်း လေးထပ်တောင်ဆိုတော့ အားလုံးပေါင်းရင်တော့ ၄၀၀ကနေ ၅၀၀လောက် တည်းနိုင်ပါတယ်။”လို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင် တယောက်က ပြောပါတယ်။
ယခုနှစ် သီတင်းကျွတ်ကာလအများပြည်သူရုံးပိတ်ရက် က အောက်တိုဘာလ ၁၆ ရက်မှ စနေ၊ တနင်္ဂနွေပါ ဆက်ပိတ်နေတာကြောင့် ပိတ်ရက်ရှည်တဲ့အတွက် ကျိုက်ထီးရိုး ဘုရားပွဲတော်ကို လာရောက်ဘုရားဖူးသူများနိုင်မယ်လို့ ဒေသခံတွေနဲ့ ဘုရားကြီးကိုအမှီပြုစီးပွားရေးလုပ်ကိုင်နေသူတွေက မျှော်လင့်လျှက်ရှိနေပါတယ်။
” တောင်ခြေက အမတို့ဆိုင်ကတော့ မနေ့ကမှ စဖွင့်တာ တချို့ဆိုင်တွေလည်း ဖွင့်တာအမတို့ထက် စောတယ်။သီတင်းကျွတ်လပြည့်ဆို အကုန်ဆိုင်ရော ၊တည်းခိုစရာတွေရော အကုန်ဖွင့်ကုန်ပြီ ဒီနှစ်အတွက်ဘုရားဖူးဧည့်သည် အနည်းအများကတော့ မသိသေးပါဘူး။ဘုရားဖူးဧည့်သည်များမှ ဈေးသည်တွေက အဆင်ပြေမှာပါ နည်းရင်တော့အဆင်မပြေနိုင်တော့ ဘုရားဖူးများများလာစေချင်တာပေါ့။ အခုတော့ ဘုရားဖူးတွေ လာနေကြပါပြီ နည်းနည်းချင်းပေါ့” ဟု ကျိုက်ထီးရိုးဘုရားတောင်ခြေ ကင်မွန်းစခန်း အနီးက ရင်ရင်ပြုံး စားသောက်ဆိုင်ရဲ့ တာဝန်ရှိသူကပြောပါတယ်။
ယခုအောက်တိုဘာလ ပထမတစ်ပတ်ကြာအတွင်းကစလို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့အနေနဲ့ တောင်တော် ဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများအနေဖြင့် တောင်တက်မော်တော်ယာဉ်ကြံ့ခိုင်ရေး၊ တည်းခိုဆောင် သန့်ရှင်းရေး၊ ဈေးဆိုင်များကိုပြန်လည်နေရာချထားရေး အပါအဝင်လိုအပ်တာများကို ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
ကျိုက်ထီးရိုးဘုရားပွဲတော်ဖွင့်ပွဲ အစီစဉ်အနေနဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ကျိုက်ထီးရိုးရင်ပြင်တော်ပေါ် တွင် စေတီတော်ကို ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ပူဇော်ကာ ဩဝါဒစရိယခံ ဆရာတော်ဘုရားကြီး ၂၁ ပါးက တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။
ထို့နောက် တောင်တော်ပရိဝုဏ်အတွင်း ဘုန်းကြီးကျောင်းများမှ ဆရာတော်ကြီးများအပါအဝင် သံဃာတော်အပါး ၆၀ ကျော်ကို ဆွမ်းဆန်စိမ်းလောင်းပွဲ ပြုလုပ်မယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်ကို ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည့် ခုနစ်သိန်းကျော် ဝင်ရောက်ခဲ့ကာ ဘုရားဖူးလာရောက်သူ ၇၂၂၀၀၀ ကျော်တွင် ပြည်ပဘုရားဖူး ၄၀၀ ကျော်သာရှိခဲ့ပြီး အဲဒီ့ထဲမှာ အိမ်နီးချင်းနိုင်ငံတွေက ထိုင်းနဲ့ တရုတ် လူမျိုးတွေ အများဆုံးလာရောက်တာလို့သိရပါတယ်။
ကျိုက်ထီးရိုးဘုရားပွဲတော် က နှစ်စဉ် သီတင်းကျွတ်ကာလမှာ အစည်ကားဆုံး နဲ့ဘုရားဖူးအများဆုံးလာရောက်ကြပေမယ့် ပြီးခဲ့တဲ့၁နှစ်ကျော် ၂၀၂၂ခုနှစ် အောက်တိုဘာလ၁၂ရက်က တောင်ခြေ ရှိ တောင်တက်မော်တော်ယာဉ်အသင်းဂိတ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့လို့ ဘုရားဖူး အရပ်သားပြည်သူ၃ ယောက်သေဆုံးကာ လူ၁၀ယောက်ကျော် ဒဏ်ရာ ရ ရှိခဲ့မှု ဖြစ်စဉ်အပြီးမှာ ဘုရားဖူးခရီးသွားနည်းပါးခဲ့ တာတွေရှိခဲ့ သေးကြောင်းသိရပါတယ်။
ပုံမှန်ကာလ တွင် ကျိုက်ထီးရိုး ဘုရားကို ဘုရားဖူး၁၀၀ကျော်ဝင်ရောက်နေရာ လာမယ့် သီတင်းကျွတ်ကာလမှာတော့ တစ်ရက်ကို ဘုရားဖူးအရေအတွက် ထောင်ချီဝင်ရောက်နိုင်ကြောင်း စေတီတော်ဂေါပကအဖွဲ့က ခန့်မှန်းထားပါတယ်။
” အခုတော့ ကျိုက်ထီးရိုး လက်မှတ်ကြိုဖြတ်တာတွေလည်းရှိနေပါတယ်။အောက်တိုဘာ၁၆ ကစပြီးပေါ့။ ကားဂိတ်မှာတော့လက်မှတ်တွေရှိတုန်းပါ ။လက်မှတ်မရှိလောက်အောင်ရောင်းရတဲ့ အခြေအနေတော့မဟုတ်သေးပါဘူး။ လိုချင်ဝယ်လို့ရနေသေးတယ်။သူများဂိတ်တွေကတော့ တယောက်စာ ၊နှစ်ယောက်စာပဲ ကျန်တယ်ပြောတာပဲ တကယ်လား၊ဘာလားတော့ သေချာမသိပါဘူးလို့” ယူနီဗာဆယ် ကားဂိတ်က တာဝန်ရှိသူတယောက်က ပြောပါတယ်။
နှစ်စဉ် ကျိုက်ထီးရိုးတောင်ဘုရားတော်ပွဲတော်ကာလမှာ သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်အထိ ခုနစ်လတာ ကျင်းပလေ့ရှိကြောင်း သိရှိရပါတယ်။
Photo-CJ
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...