အဏုမြူဗုံးသင့်သူတွေ တည်ထောင်ထားတဲ့ ဂျပန်အခြေစိုက်အဖွဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိ

အော်စလို၊ အောက်တိုဘာ-၁၁-၂၀၂၄
ရတီ(VOM)
ဂျပန်နိုင်ငံကို အမေရိကန်ကြဲချခဲ့တဲ့ အဏုမြူဗုံးဒဏ်ကနေ အသက်ရှင်ကျန်ရစ်သူတွေ ဖွဲ့စည်းထားတဲ့ နီဟွန်ဟီဒန်ကျိုအဖွဲ့ဟာ ကမ္ဘာ့မှာ နျူကလီးယားလက်နက်ကင်းစင်ရေး လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံရပါတယ်။
နျူကလီးယားကင်းစင်တဲ့ ကမ္ဘာကြီးကိုအောင်မြင်စွာ တည်ဆောက်နိုင်ဖို့ အဖွဲ့ရဲ့ ထူးထူးခြားခြား အားထုတ်မှုတွေကို နိုင်ဘယ်ကော်မတီအကြီးအကဲ Joergen Watne Frydnes က ချီးကျူးပြောဆိုပါတယ်။ နျူကလီးယား တားမြစ်ပိတ်ပင်မှုဆိုင်ရာတွေမှာ များစွာ အထောက်အကူပြုခဲ့တယ်လို့ ဆိုပါတယ်။
ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် လူပုဂ္ဂိုလ် ၁၉၇ ယောက်နဲ့အဖွဲ့အစည်း ၈၉ ခုအပါအဝင် အမည်စာရင်းတင်သွင်းမှု ၂၈၆ ခုရှိခဲ့တယ်လို့ နိုဘယ်ဆုကော်မတီက ထုတ်ပြန်ထားပါတယ်။
နိုဘယ်ဆု အမည်စာရင်းတင်သွင်းမှုကို အစိုးရတွေ၊ လွှတ်တော်တွေ၊ နိုင်ငံတကာတရားရုံးနဲ့ တရားစီရင်ရေးအဖွဲ့ဝင်တွေအပါအဝင် အရေးပါတဲ့ အခွင့်အာဏာရှိသူတွေက နိုဘယ်ကော်မတီကို တင်သွင်းနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကိုတော့ အီရန်မှာ ထောင်ဒဏ်ကျခံနေရတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအမျိုးသမီး နာဂတ်စ်မိုဟာမာဒီက ရရှိခဲ့ပြီး သူမဟာ အမျိုးသမီးအခွင့်အရေးအတွက် နှစ်ပေါင်း ၂၀ ကျော်ကြာ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။
Ref:BBC
Photo:ABC News /Getty Images

Related posts

VOM News

FREE
VIEW