ရှမ်း/မြောက် ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ မြန်မာ့နိုင်ငံရေး ဝိရောဓိများ

အောက်တိုဘာ ၁၂ – ၂ဝ၂၄
KKO(VOM)
MNDAA က ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းက သီပေါကို ဆက်လက်တိုက်ခိုက်‌နေမှုဟာ သူတို့ရဲ့ နယ်မြေချဲ့ထွင်ခြင်းနဲ့ ရှမ်းမြောက်ဒေသရဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်ခွင့်ရဖို့ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
နစက က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းခံရတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့ မြောက်ပိုင်း မဟာမိတ် ညီနောင်ပူးပေါင်းတပ်ဖွဲ့ တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့တဲ့ ယခုနှစ်၊ဇွန်လ ၂၅ ရက်နေ့ကစလို့ သီပေါမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ စစ်ရေး အခြေအနေတင်းမာလာခဲ့ပြီးလက်ရှိအချိန်အထိ မြို့ပြင်ဘက်နဲ့ မြို့ထဲ နေရာတချို့မှာ စစ်ရေးတင်းမာ‌‌နေဆဲဖြစ်ပါတယ်။
“ဟိုတလောတုန်းက တရုတ်က “ဝ”ပြည်ဘက်ကိုပေးပို့ထားတဲ့စာက လူမှုကွန်ရက်ပေါ်မှာ ပေါက်ကြားလာတာရှိတယ်။အဲဒီကိစ္စနဲ့ပတ် သက်ပြီး သီပေါကို MNDAA က ဆက်တိုက်နေတဲ့သဘောရှိတယ်။ ရှမ်းမြောက်ကိစ္စမှာ တရုတ်က နစကဘက်လိုက်တယ်၊ ဘက်လိုက်တယ်ဆိုပြီး ရှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကတွေးထင်ထားပုံရပါတယ်။ တရုတ်နိုင်ငံခြားဝန်ကြီးဝမ်ယိလာပြီးတဲ့ စက်တင်ဘာ ၂၇ ရက် နောက်ပိုင်းမှာ “ဝ”ရော၊MNDAA ကို‌ရော တရုတ်ဘက်က ရာဇသံပေးထားရှိတယ်။UWSA ကိုရောသတိပေးထားတာရှိတယ်။အဲဒါကဘာလဲဆို‌တော့ တရုတ်က “ဝ” ပြည်နယ်ကနေ ကိုးကန့်‌ဒေသကိုဖြတ် (၅)ဖြတ်နဲ့ ဖြတ်ရမယ်ဆိုပြီး တရုတ်ဘက်ကပြောထားတာရှိတယ် ။အခုပေါက်ကြားလာတဲ့စာအရဆို “ဝ”ပြည်ထဲကနေ ကိုးကန့်ဒေသကို လက်နက်ရိက္ခာထောက်ပံ့တာတွေ ဆန်ရိက္ခာထောက်ပံ့တာတွေ လျှပ်စစ်တွေဒါတွေကိုဆက်ပြီး ထောက် ပံ့မှုမပြုလုပ်ဖို့ဆိုတဲ့ စာမှာဖော်ပြထားတယ်။နောက်တချက်က “ဝ”ကနေ ကိုးကန့်ထဲကို လူဝင်၊လူထွက်ကအစ အတော်လေးစိစစ်ဖို့ တရုတ်ကမှာလိုက်တာရှိတယ်။ ဒီစာထွက်ပြီးတဲ့ ကာလမှာ MNDAA က တရုတ်ကို ဂရုမပြုတဲ့ပုံစံ‌ပေါ့၊သူတို့လုပ်စရာရှိတာကိုဆက်လုပ်မယ်ဆိုတဲ့ပုံစံနဲ့ သီပေါကိုဆက်သိမ်းနိုင်ဖို့ ကြိုးပမ်းနေတာတွေ့ရတယ်။ဒါကတအောင်းတပ် TNLA အတွက်လည်း Pressure များလာစေတယ်”လို့ ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ တယောက်က သူရဲ့အမြင်ကို သုံးသပ်ပြောပြခဲ့ပါတယ်။
ရှမ်းမြောက်ဒေသက လက်နက်ကိုင်ပဋိပက္ခများ
…………………………………..
ဒါကြောင့်မို့ ရှမ်းမြောက်ဒေသမှာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စစ်ပွဲတွေဟာ လက်ရှိအ‌နေအထားအရ ထိန်းချုပ်နိုင်ဖို့ခက်သလို ဆက်ပြီးတော့ အချိန်ကာလအတော်လေးကြာမြှင့်မယ့် အနေအထားမှာရှိနေတယ်လို့ သူက ဆက်ပြီးပြောပြပါတယ်။
“ရှမ်းမြောက်တိုက်ပွဲတွေက အချိန်ကြာအုံးမယ့်သဘောရှိတယ်။အခုပုံစံအတိုင်းဆိုအတော်‌‌လေးမလွယ်တဲ့အနေအထားရှိတယ်။ အရင်ထဲက MNDAA က ကွမ်းလုံ၊ချင်းရွှေဟော်ဘက်‌တွေကိုသူတို့ရထားတယ်။အခု MNDAA က မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကြီးကိုပါ လိုချင်တဲ့သဘောရှိတယ်။နောက် MNDAA ကအခုလားရှိုးအပြင် နောင်ချို၊ကျောက်မဲ၊သီပေါ အဲဒီဘက်တောက် လျှောက်ပေါ့၊သူတို့နယ်‌မြေကိုဆက်ချဲ့သွားဖို့ဆန္ဒရှိတာတွေ့ရတယ်။လားရှိုး-သီပေါ၊မိုးကုတ်ဘက်အပိုင်းတွေအထိ MNDAA က ထိန်းထားချင်တဲ့ပုံရတယ်။ဒီဘက်က UWSA “ဝ”ကျတော့လည်း တန့်ယန်းဘက်အထိထိန်းထားတာရှိနေတယ်။ပြောရရင်ရှမ်း‌မြောက်ကသူတို့ထိန်းချုပ်ထားတဲ့နေရာနဲ့ နယ်မြေချင်းဆက်စပ်နေတဲ့နေရာ‌တွေကို MNDAA က ထိန်းချင်တဲ့ပုံရပါတယ်။တရုတ်က ဘယ်လိုပဲပြောပြော MNDAA က သူတို့လုပ်ချင်တာကိုဆက်လုပ်မယ့်သဘောတွေ့ရတယ်”လို့ သူရဲ့အမြင်ကို ထပ်လောင်း ပြောပြခဲ့ပါတယ်။
MNDAA လက်နက်ကိုင်အဖွဲ့နဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက် ကိုင်မဟာမိတ်အဖွဲ့တွေက ၁၀၂၇ ဆိုတဲ့ ခေါင်းစဉ်နဲ့ ယခုနှစ်ပိုင်းအတွင်းမှာ သံလွင်အရှေ့ခြမ်းဖြစ်တဲ့ ကွမ်းလုံ အပါအဝင် ချင်းရွှေဟော်၊မုန်းကိုး၊ဖောင်းဆိုင်၊နမ့်ခမ်း၊လောက်ကိုင်၊သိန္နီနဲ့ လားရှိုးမြို့တို့ကဲ့သို့သော အချက်အချာကျတဲ့ မြို့ကြီးတွေကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သလို နစက လက်အောက်ခံတပ်စခန်း ၁၆၈ ခုကိုလည်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ အဲဒီ‌ မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၃)ဖွဲ့က ထုတ်ပြန်‌ကြေညာထားခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှု
………………………………
ဒီလိုအခြေအနေတွေအပြီးမှာ ပြီးခဲ့တဲ့နှစ်က မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဟာ တရုတ်အစိုးရရဲ့ကြားဝင်‌စေ့စပ်မှုနဲ့ အတူ နစက အစိုးရအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ တတိယအကြိမ်ဆွေးနွေးမှတဆင့်ဖြစ်ပေါ်လာတဲ့ ဟိုင်ဂင်သဘောတူညီချက်အတိုင်း ရခိုင်ပြည်နယ်တွင်းမပါဘဲ ရှမ်းမြောက်ဒေသမှာ ယာယီအပစ်ရပ်ဖို့ သဘောတူလိုက်ကြပြီး အခု၂၀၂၄ ခုနှစ်အတွင်းမှာတော့ ၁၀၂၇ စစ်ဆင်ရေး (အဆက်)ဟုဆိုကာ သတင်းထုတ်ပြန်ခဲ့ပြီး ရှမ်းမြောက်တွင် စစ်ဆင်ရေးတွေကိုပြန်လည် လုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဘက်ကတော့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဒေသတွင် ကြီးထွားလာနေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ထိန်းချုပ်ဖို့နဲ့ ပါဝင်ပတ်သက်နေသော နစကတပ်တွေနဲ့ သူတို့ လက်အောက်ခံ ပြည်သူ့စစ်တွေကို နှိမ်နှင်းဖို့အတွက်ဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး စစ်ဆင်ရေးတွေကိုပြုလုပ်လာတာလည်းဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် တရုတ်အစိုးရက ရှမ်းမြောက်ကိစ္စရပ်တွေနဲ့ပတ်သက်လို့ နစက အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် သုံး ဖွဲ့ကြားမှာ ကြားဝင်ဖြေရှင်းပေးရမှုတွေလည်းရှိခဲ့တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
“ရှမ်းမြောက်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တရုတ်ဘက်ကတောင်ကြားဝင်ဖြေရှင်းပေးရတာတွေ ရှိနေတယ်။ဘာဖြစ်လို့လဲဆိုရင် မြန်မာဟာတရုတ်အတွက် Location အရအလွန်အရေးပါတဲ့ နိုင်ငံဖြစ်တယ်။တရုတ်အတွက်ထွက်ပေါက်လည်းဖြစ်ပါတယ်။ဒါကြောင့် တရုတ်ကမြန်မာကို အလုံးစုံပျက်စီးသွားတာကိုမလိုလားတဲ့သဘောရှိတယ်။ နောက်တချက်က တရုတ်-မြန်မာ ဆက်ဆံရေး၊ချစ်ကြည်ရေးက ဟိုးအရင်ထဲကခိုင်မြဲလာတယ်။ ဒါကိုတရုတ်အစိုးရကအပျက်မခံမယ့်သဘောတွေ့ရတယ်။ နှစ်နိုင်ငံလုံးကသူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားကိစ္စရပ်တွေရှိနေတယ်။ ဒါကြောင့်နှစ်ဘက်လုံးက ဒီကိစ္စတွေကိုပါးပါးနပ်နပ်ကိုင်တွယ်သွားမယ့် သဘောရှိပါတယ်”လို့ ပြည်တွင်း သတင်းစာဆရာတယောက်က ရှမ်းမြောက်ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ သူရဲ့အမြင်ကို သုံးသပ်ပြောပြပါတယ်။
တနှစ်ထက် တနှစ်တိုးလာတဲ့ စစ်ဘေးရှောင်ဦးရေ
……………………………………….
မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP-Myanmar)ကတော့ ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်းမှာ နိုင်ငံအဝှမ်းတိုက်ပွဲပေါင်း ၁၇,၀၀၀ အထိဖြစ်ပွားခဲ့ပြီး၊စစ်ဘေးဒုက္ခသည်ပေါင်း ၆ ဒသမ ၅ သန်းကျော်အထိရှိနေခဲ့တယ်လို့ သူတို့ရဲ့လေ့လာမှုသုတေသနစစ်တမ်းတစ်ရပ်မှာဖော်ပြထားပါတယ်။
အဲဒီ ISP-Myanmar က လေ့လာပြုစုထားတဲ့ သုတေသနမှတ်တမ်းတွေအရ ပြီးခဲ့တဲ့သုံး နှစ်အတွင်းမှာ တိုင်းရင်းသားအဖွဲ့ EAO တွေ၊ PDF လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ထိတွေ့တိုက်ပွဲပေါင်း အနည်းဆုံး အကြိမ် ၁၇,၀၀၀ အထိဖြစ်ပွားခဲ့ပြီး နိုင်ငံအတွင်းက မြို့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ ပဋိပက္ခစစ်ပွဲတွေ ဖြစ်ပွားနေခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါအပြင်် တဖက်မှာ စစ်ရေးအောင်ပွဲတွေကို ချီးကျူးမြှောက်စားနေကြပေမဲ့ စစ်ဘေးဒဏ်သင့်ရတဲ့ လူထုတွေရဲ့ အသံကို ကြားနိုင်ဖို့ကတော့ ခက်ခဲလှပြီး စစ်ပွဲအတွင်းက အရပ်သား ပြည်သူလူထုတွေရဲ့ ဒုက္ခကလည်း တောင်လိုပုံပြီး ကြီးမားခဲ့သလို လက်နက်ကိုင်ပဋိပက္ခတွေအတွင်း စိတ်ထိခိုက်ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေ၊ သေကြေပျက်စီးရမှုတွေကလည်း ဒုနဲ့ဒေးရှိနေခဲ့တယ်လို့ ISP-Myanmar ရဲ့သုတေသီတွေက ထုတ်ဖော်ပြောကြားထားပါတယ်။
နစကရဲ့ နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်မှု
…………………………………..
ဒီလိုအခြေအနေအရပ်ရပ်မှာ မကြာသေးမီလပိုင်းအတွင်းက နစက ဘက်က နိုင်ငံရေးအရဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဒီလိုဖိတ်‌ခေါ်ကမ်းလှမ်းမှုတွေကို ပြုလုပ်ခဲ့တာဟာနိုင်ငံတကာအခြေအနေတွေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်း/လူပုဂ္ဂိုလ်တွေရဲ့သဘောဆန္ဒအရ PDF များအပါအဝင် လက်နက်ကိုင်အဖွဲ့အားလုံးကို နိုင်ငံရေးနည်းလမ်းဖြစ်တဲ့ပါတီ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲလမ်းကြောင်းမှာပါဝင်ကြဖို့အတွက် ဖိတ်ခေါ်ရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
“နစက က သူတို့ကတိအတိုင်းရွေးကောက်ပွဲကိုမဖြစ်၊ဖြစ်အောင်လုပ်မယ့်သဘော‌တွေ့ရပါတယ်။အခုနိုင်ငံမှာဖြစ်‌နေတဲ့အခင်းအကျင်းတွေအရ တနိုင်ငံလုံးမှာရှိတဲ့ မြို့နယ် ၃၄၀ မှာရွေးကောက်ပွဲကိုမ‌ကျင်းပနိုင်ရင်တောင် ကျင်းပလို့ရနိုင်တဲ့ပြည်နယ်နဲ့တိုင်းတွေမှာနစက အနေနဲ့ ရွေးကောက်ပွဲကိုကျင်းပသွားဖို့ သဘောထားရှိနေတာကိုတွေ့ရတယ်။ နိုင်ငံတကာကိုလည်း နစက က သူတို့ကတိတည်ကြောင်းပြချင်တယ်။ ဒါကြောင့် ရွေးကောက်ပွဲကို နစကဘက်က မဖြစ်မနေလုပ်မယ့်အနေအထားရှိပါတယ်။ သူတို့ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲကိုဖြစ်အောင်တော့လုပ်မယ်။ပြီးရင် လွှတ်တော်လမ်းကြောင်းကိုပြန်သွားမယ့် သဘောတွေ့ရတယ်”လို့ ပြည်တွင်းရှိ ဝါရင့် သတင်းစာဆရာတယောက်က သူရဲ့အမြင်ကို သုံးသပ် ပြောပြပါတယ်။
လက်နက်ပဋိပက္ခချုပ်ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး
…………………………………………………..
တဖက်မှာလည်း NCA လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့တွေအနေနဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ တွေချုပ်ငြိမ်းဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ဦးတည်လုပ်ဆောင်တိုက်တွန်း မှုတွေကလည်းရှိနေတာဖြစ်ပါတယ်။
“NCA ရေးထိုးထားတဲ့ အဖွဲ့တွေအကုန်လုံးကတော့ NCA လမ်းကြောင်းအတိုင်းပဲ ဆက်သွားနေတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နဂိုကတည်းကမူဝါဒတွေ လုပ်ငန်း စဉ်တွေချမှတ်ထားပြီးဖြစ်တယ်။ဒါကိုလည်းအဖွဲ့အလိုက်၊လုပ်ငန်းစဉ်အလိုက်‌ဖော်ဆောင်နေတာတွေရှိပါတယ်”လို့ NCA ရေးထိုးထားတဲ့ EAO အဖွဲ့ ခေါင်းဆောင်တယောက်က ပြောပြပါတယ်။
တိုင်းပြည်ရဲ့လက်နက်ကိုင်ပဋိပက္ခအခြေ အနေတွေဟာ နှစ်ပေါင်း(၇၀)အတွင်း တခါမှမကြုံဘူးတဲ့ အခြေအနေမှာရှိနေတယ်လို့လည်း EAO အဖွဲ့ ခေါင်းဆောင်တယောက်က သူရဲ့သဘောထားကို အခုလိုဆက်ပြီးပြောပြပါတယ်။
“အခုကနှစ်ပေါင်း ၇ဝ အတွင်းမှာတိုင်းပြည်မှာတခါမှမဖြစ်ဘူးတဲ့ မကြုံဘူးတဲ့လက်နက် ကိုင်ပဋိပက္ခတွေဖြစ်နေတယ်။စစ်ပွဲတွေဖြစ်နေတယ်။ဒါကြောင့်ပဲသေကြေ ပျက်စီးနေကြရတယ်။ဒါကြောင့်မလို့ ဒီအချိန်မှာ အားလုံးက ပြည်သူ့မျက်နှာကို ပြန်ကြည့်ဖို့ လိုပါပြီ။ ဘာလို့လဲဆိုတော့ နစ်နာရတာ ဆုံးရှုံးရတာကပြည်သူတွေမို့လို့ပါ”လို့ သူက တွေးဆဆနဲ့ ဆိုပါတယ်။
ဒီလိုအခြေအနေအရပ်ရပ်ကြောင့် တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ အမြန်ချုပ်ငြိမ်းဖို့လိုအပ်နေတယ်ဆိုတာက ငြင်းမရတဲ့အမှန်တရားဖြစ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းလာ ဖို့ဆိုပါက ရွေးကောက်ပွဲလမ်းစဉ်နဲ့ နိုင်ငံရေးလမ်းစဉ်ကသာ အဓိက ပဓာန ကျတယ်လို့လည်း အချို့ကလည်း အခိုင်အမာ ယုံကြည်နေပြန်ပါတယ်။
ဒါပေမယ့်လည်း ရွေးကောက်ပွဲနဲ့ နိုင်ငံရေးကို အဆုံးအဖြတ်ပေးနိုင်မလားဆိုတာတော့ နိုင်ငံတည်ငြိမ်ရေးနဲ့ အချို့သော အခြေအနေတွေက အဓိကကျလိမ့်မယ်လို့ အကဲခတ်တချို့က မှတ်ချက်ပြုပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW