ခြံအမှတ် ၅၄ ကို ကြမ်းခင်းစျေး ကျပ်ဘီလီယံ၂၉၀ နဲ့လျှော့ချလေလံပစ်ဖို့ တရားရုံးမှာ လျှောက်ထားပြန်



အောက်တိုဘာ၂၃ ၊၂၀၂၄
Ms(VOM)

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ငွေကျပ်ဘီလီယံ၂၉၀ နဲ့ ဈေးလျော့လေလံပစ်ဖို့ကို မနေ့က အောက်တိုဘာ၂၂ရက်နေ့ မှာ တရားရုံးကို ဦးအောင်ဆန်းဦး ရဲ့ရှေ့နေကတင်ပြ လျှောက်ထားလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ခြံအမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လေလံတင် ရောင်းချနိုင်ဖို့ အရေး ဒုတိယအကြိမ်ဈေးခေါ်ထားခဲ့တုန်းက လေလံကြမ်းခင်းဈေး ကျပ်ငွေ ၃၀၀ ဘီလီယံတန်ဖိုးကနေ ကျပ် ၁၀ဘီလီယံ လျော့ချပေးပြီး ကျပ်၂၉၀ ဘီလီယံနဲ့ လေလံတင်ဖို့ ရန်ကုန်တိုင်း ကမာရွတ်ခရိုင် တရားရုံး ရဲ့ရုံးချိန်းမှာ တင်ပြ ခဲ့တာဖြစ်ပြီး အဲဒီလို တင်ပြမှုအပေါ် လာမယ့်ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေက ပြန်လည်တင်ပြဖို့ရှိနေပြီး နှစ်ဖက်စလုံးကို တင်ပြချက်တွေကို ကြားနာပြီးမှသာ တရားရုံးက ဆုံးဖြတ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

” ပထမအကြိမ်နဲ့ဒုတိယအကြိမ် လေလံမအောင်တော့ နောက်ထပ် မရမခြင်း အကြိမ်ကြိမ်လေလံတင်ဖို့လုပ်မယ့်ပုံပေါ်တယ်။ လာမယ့်ရုံးချိန်းက နိုဝင်ဘာ၁၃ဆိုတော့ အဲဒီ့မှာ နှစ်ဖက်တင်ပြမှုတွေကိုကြည့်ပြီး ဆုံးဖြတ်မယ်လို့ ပြောကြတယ်။ ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ရှေ့နေ အဖွဲ့ကတော့ ဦးအောင်ဆန်းဦးရှေ့နေတွေတင်ပြလာတဲ့ဈေးနှုန်းအပေါ် အဲဒီ့နိုဝင်ဘာ ၁၃ ရက်ရုံးချိန်မှာ ကန့်ကွက် သွားမယ်လို့ပြောတာသိရတာပဲ။လေလံပွဲကအရင် အကြိမ်တွေကလေလံလာဆွဲမယ့်သူကို မရှိတာ။ အဲဒါကြောင့်ပဲ လေလံဈေးလျော့လျော့လာတာပေါ့”လို့ တရားရေးဆိုင်ရာ ရှေ့နေတစ်ယောက်ကပြောပါတယ်။

ခြံအမှတ် (၅၄ )ကို ကျပ် ၃၁၅ ဘီလီယံနဲ့ ယခု၂၀၂၄ခုနှစ် မတ်လ ၂၀ ရက်က ပထမအကြိမ် လေလံတင် ရောင်းချခဲ့ရာမှာလည်း ဝယ်ယူမယ့်သူ မရှိ ဖြစ်ခဲ့သလို နောက်ထပ်သြဂုတ် ၁၅ ရက်နေ့မှာ ဒုတိယအကြိမ် ကျပ် ၃၀၀ဘီလီယံနဲ့ ဈေးလျော့လေလံတင် ရောင်းချပေမယ့် ဝယ်ယူမယ့်သူမရှိဖြစ်နေသေးတာကြောင့် တတိယအကြိမ်လေလံပစ်ဖို့ထပ်မံတင်ပြတာလို့ လည်းသိရပါတယ်။

လွန်ခဲ့တဲ့၂ဝဝ၁ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဦးအောင်ဆန်းဦးက တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄) နေအိမ်ကို အမွေခွဲဝေယူလိုကြောင်း တရားရုံးမှာ လျှောက်ထားခဲ့ပြီး၂၀၁၆ ခုနှစ်မှာတော့ အိမ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ နှစ်ယောက်ခွဲယူဖို့ အမိန့်ချခဲ့ရာ အိမ်မကြီးကို ဒေါ်အောင်ဆန်းစုကြည်ကရပြီး ဦးအောင်ဆန်းဦးက ပြိုပျက်နေတဲ့ အိမ်အသေးကိုရတဲ့အတွက် မကျေနပ်ဖြစ်ကာအိမ်ကိုလေလံတင်ခွဲ ယူဖို့တရားရုံးအဆင့်ဆင့်မှာ ထပ်မံတရားစွဲ လျှောက်လဲခဲ့ပါတယ်။

အဲဒီနောက်တရားရုံးအဆင့်ဆင့်ကနေ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီး ကိုးဦးပါ စုံညီခုံရုံးက ပယ်ချခဲ့ပေမယ့် ၂ဝ၁၉ခုနှစ်အတွင်းမှာ ထပ်မံပြီး အထူးလျှောက်လွှာ တင်သွင်းခဲ့လို့ ပြည်ထောင်စုတရားလွှတ်တော်က မူလ ဆုံးဖြတ်ချက်ကိုပြင်ပြီး ဦးအောင်ဆန်းဦး လျှောက်ထားခဲ့တဲ့အတိုင်း ခြံနဲ့ နေအိမ်ကို လေလံပြန်ပစ်ပြီး ခွဲဝေယူကြဖို့ ပြင်ဆင်အမိန့်ချခဲ့တာလို့ ဆိုပါတယ်။

အဲဒီခြံအမှတ်(၅၄)နေရာရဲ့ အကျယ်အဝန်းဟာ ဧရိယာစတုရန်း ၁ ဒသမ ၉၂၃ ဧက ရှိပြီး ဒေါ်ခင်ကြည် အမည်ပေါက် ပိုင်ဆိုင်တာဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW