တိုက်ပွဲတွေကြောင့် အမ်းလေဆိပ် လေယာဉ်အတက်အဆင်းမရှိတာ လေးရက်ခန့် ကြာမြင့်လာ



အောက်တိုဘာ ၂၃ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ်၊ အမ်းမြို့အနီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အမ်းလေဆိပ် လေယာဉ်အတက်အဆင်း ရပ်တန့်နေမှု လေးရက်ခန့် ကြာမြင့်လာပြီဖြစ်တယ်လို့ လေယာဉ်လက်မှတ် အရောင်းဝန်ထမ်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

အမ်းမြို့မှာ နစကတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး AA အနေနဲ့ အမ်းမြို့နယ်က နစကရဲ့ အရေးပါတဲ့ ဗျူဟာကုန်းတွေကို သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

“လက်ရှိအချိန်မှာတော့ တိုက်ပွဲကြောင့် လေယာဉ်အတက်အဆင်း မရှိသေးဘူးလို့ သိရပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့ကတည်းက ဖြစ်တာ။ တိုက်ပွဲမငြိမ်သေးတဲ့အတွက် လေဆိပ်ကို လေယာဉ်မဆင်းနိုင်ဘူး ဖြစ်နေတယ် ပြောတယ်။ အခြေအနေ အသေးစိတ်ကိုတော့ ကျွန်မတို့လည်း သေချာမသိရသေးဘူး” လို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် တယောက်က ပြောပါတယ်။

အမ်းမြို့လေယာဉ်ကွင်းမှာ လေယာဉ် မဆင်းသက်နိုင်တော့တဲ့အတွက် နပခအတွက် လိုအပ်တဲ့ ရိက္ခာနဲ့ လက်နက်ပစ္စည်းတွေကို နစက က လေယာဉ်ပေါ်မှတဆင့် လေထီးနဲ့ ချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် လက်ရှိမှာ တိုက်ပွဲတွေကြောင့် အမ်းမြို့ထဲက အစိုးရဝန်ထမ်းတချို့ကလွဲပြီး ဒေသခံပြည်သူအများအပြား စစ်ရှောင်သွားကြပြီဖြစ်ပေမယ့် ငွေကြေးမတတ်နိုင်တဲ့ မြို့ခံ ထောင်နဲ့ချီ ကျန်ရှိနေပြီး လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက် ခက်ခဲနေကြတယ်လို့ သိရပါတယ်။

“တနေရာကနေ တနေရာကို စစ်ရှောင်ဖို့က လမ်းစရိတ်လိုတယ်လေ။ ငွေကြေးမတတ်နိုင်တဲ့ သူတွေကတော့ ‌ဘယ်မှ မသွားနိုင်ကြဘူးပေါ့။ တိုက်ပွဲတွေကလည်း ဆက်တိုက်ဆိုသလို ဖြစ်နေတော့ အကုန်လုံးက ကျီးလန့်စာစားဖြစ်နေကြတယ်။ လက်နက်ကြီးရန်ကိုရော၊ လေကြောင်းရန်ကိုရော အချိန်ပြည့် စိုးရိမ်နေရတဲ့ အခြေအနေ။ ဖုန်းလိုင်းကလည်း MPT တမျိုးပဲ ရတော့တယ်။ အမ်းချောင်းဘက်မှာလည်း MPT လိုင်းမိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

အောက်တိုဘာ ၂၁ ရက်ကလည်း အမ်းမြို့နယ်၊ လောင်းစပ်ကျေးရွာမှာ လက်နက်ကြီး ကျရောက်မှုကြောင့် အရပ်သား သုံးယောက် သေဆုံးပြီး အသက် ‌၁၄ နှစ်အရွယ် ကလေးတယောက် အပါအဝင် ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

AA အနေနဲ့ အမ်းမြို့ရှိ နစကရဲ့ တိုင်းစစ်ဌာနချုပ်နဲ့ တပ်စခန်းတွေကို ပြီးခဲ့တဲ့ မတ်လကတည်းက ဝန်းရံပိတ်ဆို့ထားတာဖြစ်ပြီး အမ်း – ပဒါန်းလမ်းကနေ ပြည်သူတွေအတွက် ရိက္ခာပို့ဆောင်တဲ့ယာဉ်တွေကို စိစစ်ပြီး ခွင့်ပြုခဲ့ပေမယ့် မြို့တွင်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် ရိက္ခာပို့ဆောင်မှု ရပ်တန့်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ AA အနေနဲ့ အမ်းမြို့နယ်က တောဟိန်းတောင်ဗျူဟာ၊ စေ့ချောင်းဗျူဟာနဲ့ မဲတောင်ဗျူဟာကုန်းတွေကို သိမ်းပိုက်ထားပြီဖြစ်တယ်လို့ သိရပါတယ်။

အမ်းမြို့မှာ နစကရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)၊ ခြေမြန်တပ်ရင်း (ခမရ – ၃၇၃၊ ၃၇၂၊ ၃၇၁)၊ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမြောက်တပ်နဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) တို့ အခြေစိုက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အမ်းမြို့အဝင်မှာရှိတဲ့ ခမရ ၃၇၃ တပ်ရင်းကို AA က အောက်တိုဘာ ၁၁ ရက်နေ့က သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောဆိုကြပေမယ့် နစကတပ်နဲ့ AA ဘက်ကတော့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ရခိုင်တိုက်ပွဲ ၁၀ လကျော်အတွင်းမှာ AA အနေနဲ့ မြို့နယ် ၁၁ ခုအထိ သိမ်းပိုက်ထားပြီး အမ်း၊ မောင်တောနဲ့ ဂွမြို့နယ်တို့မှာ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW