ဘုတလင်မှာ စစ်ရေးတင်းမာနေလို့ ဒေသခံ ငါးသောင်းဝန်းကျင် အရေးပေါ်တိမ်းရှောင်နေရ

အောက်တိုဘာ ၂၃ – ၂၀၂၄
SS (VOM)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ဒေသခံပြည်သူ ငါးသောင်းဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ အကူအညီပေးနေသူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့မှ စတင်ကာ ဘုတလင်မြို့နယ်အတွင်း နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေအကြား စစ်ရေးအခြေအနေ တင်းမာမှုတွေကြောင့် ဒေသခံပြည်သူတွေ စစ်ရှောင်နေရတာဖြစ်ပြီး အကူအညီများစွာ လိုအပ်နေတယ်လို့ သိရပါတယ်။
“စစ်ရှောင်နေရတာက မီးဘေးသင့် ဒေသခံတွေလည်း ရှိတယ်။ စစ်ဘေးကြောင့် ရှောင်နေရတာလည်း ရှိတယ်။ စစ်ရှောင်နေရတဲ့ ကျေးရွာပေါင်းကတော့ ၂၅ ရွာထက်မနည်း ရှိနိုင်တယ်။ စစ်ရှောင်ရတဲ့ရက် ကြာလာတာနဲ့အမျှ သူတို့အတွက်က နေရေးထိုင်ရေး၊ စားရေးသောက်ရေး အခက်အခဲ ရှိလာတယ်။ စားနပ်ရိက္ခာတွေလည်း လိုသလို ဆေးဝါး၊ အမိုးအကာ၊ အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း အရေးပေါ် လိုအပ်နေတယ်” လို့ အကူအညီပေးနေသူက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေအတွက် နယ်မြေချင်း ထိဆက်နေတဲ့ ဒီပဲယင်းမြို့နယ်မှ စစ်ဘေးသင့်ပြည်သူတွေက လိုအပ်တဲ့ စားနပ်ရိက္ခာတွေ တတ်နိုင်သမျှ ကူညီလှူဒါန်းဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။
လက်ရှိ ဘုတလင်မြို့နယ်အတွင်း သပြေပင်၊ မြောက်ကျီ၊ ရှမ်းတဲ၊ တက်လှိုင်း၊ စီပါ၊ ဆည်ကုန်း၊ ဆည်ဝ၊ အိုင်ပေါင်းချောင်နဲ့ စိုင်ပြင်လေး စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာ အများအပြားမှာ စစ်ရေးအခြေအနေ တင်းမာနေခြင်းဖြစ်ပြီး စီပါ၊ ဆည်ဝ၊ အိုင်ပေါင်းချောင်နဲ့ စိုင်ပြင်လေးရွာတွေက နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဘုတလင်မြို့အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က ဖြစ်ပွားခဲ့တဲ့ စီပါကျေးရွာက ဒေသခံခြောက်ယောက် သတ်ဖြတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး နစကဘက်ကတော့ နစကတပ်သားတွေ ကျူးလွန်တာ မဟုတ်ဘူးလို့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ငြင်းဆိုထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW