ဟိုပုံးမှာ ရွာလုံးကျွတ်ရေနစ်မြှုပ်နေလို့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေ

ZY(VOM)
အောက်တိုဘာ ၂၃၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ နားပုံကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ရက်ကနေ ဒီကနေ့ အောက်တိုဘာလ ၂၃ရက်အထိ ရွာလုံးကျွတ်ရေနစ်မြှုပ်နေလို့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ရေဘေးကူညီနေသူတွေထံကနေ သိရပါတယ်။
ဟိုပုံးမြို့နယ်ရဲ့ မြောက်ဘက် အစွန်အဖျားရှိ နားပုံကျေးရွာမှာ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် အိမ်ခြေ ၃၀၀ခန့်ရှိတဲ့ နားပုံကျေးရွာဟာ ရွာလုံးကျွတ်နီးပါး ရေနှစ်မြုပ်နေသလို ကျေးရွာနေ လူဦးရေ ၈၀၀ခန့်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“တရွာလုံးနီးပါးမြှုပ်သွားတာ တပါတ်လောက်ရှိပြီ။ ဒီနေ့အထိပဲ။ စမြှုပ်တုန်းကထက်တော့ နည်းနည်းတော့ ပြန်ကျလာပေမယ့် အရမ်းသိသိသာသာကြီး ကျသွားတာမျိုး မဟုတ်သေးဘူး။ ဖုန်းလိုင်းကလည်း အခုမှပြန်ရတာ။ ဒါတောင် ကုန်းမြင့်တွေပေါ်မှာပဲရတာ၊ အင်တာနက်လိုင်းကတော့ အခုထိ ပြန်မရသေးဘူး”လို့ ရေဘေးကူညီနေသူတစ်ဦးက VOMကို ပြောပါတယ်။
အဲဒီလို တရွာလုံးနီးပါးရေနစ်မြှုပ်နေတာကြောင့် ဆန်၊ အဝတ်အစား၊ မာမားခေါက်ဆွဲခြောက်၊ ဆေးဝါးတွေနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ၊ သောက်သုံးရေတွေ အရေးပေါ်လိုအပ်နေပြီး လာရောက်လှူဒါန်းသူတွေ ရှိနေပေမယ့် ရေဘေးသင့်လူဦးရေများပြားနေတာကြောင့် လုံလောက်မှုမရှိဘူးလို့ သိရပါတယ်။
ဒီဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ပြိုမြေပြိုမှုကြောင့် သီးနှံစိုက်ခင်းတွေပါ ပျက်စီးသွားပေမယ့် အင်တာနက်လိုင်း၊ ဖုန်းလိုင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိတဲ့ ဒေသဖြစ်တာကြောင့် လက်ရှိအချိန်ထိ ကူညီသူနည်းပါးနေပြီး ကျေးရွာချင်းဆက်လမ်းတွေနဲ့လည်း ကုန်ထုတ်လမ်းတွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-CJ

Related posts

Leave a Comment

VOM News

FREE
VIEW