ရေဘေး ပြန်လည်ထူထောင်ဆဲကာလ ကလော တန်ဆောင်တိုင်ပွဲ ကျင်းပမယ့်အပေါ် ဒေသခံတွေ ဝေဖန်

ZY(VOM)
အောက်တိုဘာ ၂၄၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်မှာ လက်ရှိကာလအတွင်း သဘာဝဘေးကြောင့် ပြန်လည် ထူထောင်ရေးအတွက် ရုန်းကန်နေဆဲကာလမှာ ကလောတန်ဆောင်တိုင်ပွဲတော် ကျင်းပပြုလုပ်မယ့် အပေါ် ဒေသခံတွေ ဝေဖန်ပြောဆိုနေကြပါတယ်။
ကလောမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ရက်ကစတင်ပြီး တောင်ကျချောင်းရေတွေ အဆမတန် တက်လာကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သလို မြေပြိုမှုတွေလည်း မြို့နယ်အနှံ့အပြားမှာ ဖြစ်ပွားခဲ့ပြီး အဲဒီသဘာဝဘေး ကြောင့် သေဆုံးသူ ၂၅ ယောက်ထက်မနည်း၊ ပျောက်ဆုံးသူ ၄၀ ခန့်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်အတွင်း ရေဘေးသင့်အိမ်ထောင်စု ၉၃၀ ဝန်းကျင်ရှိပြီး အဲဒီထဲက အိမ်ထောင်စု ၂၅၅ စုကတော့ အိမ်ပြိုကျ ပျက်စီးသွားတာကြောင့် ပြန်လည်ထူထောင်ရေးအတွက် လက်ရှိအချိန်ထိ ရုန်းကန်နေဆဲကာလ ဖြစ်ပေမယ့် ဒေသအာဏာပိုင်တွေက ကလောတန်ဆောင်တိုင်(သို့) ၁၉ ကြိမ်မြောက် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော် ပွဲတော်ကို နိုဝင်ဘာလ ၁၆ရက်ကနေ ၁၈ရက်အထိ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ အောက်တိုဘာလ ၂၃ရက်က ထုတ်ပြန်အသိပေးခဲ့ပါတယ်။
“မြို့ပေါ်မှာလည်း နေအိမ်တွေ ပြန်မပြင်နိုင်သေးဘူး။ တောင်ပေါ်မှာဆိုရင် မြေပြိုတာကြောင့် ရွာလုံးကျွတ် မြေအောက်ရောက်သွားတာတွေ ရှိတယ်။ ဒါတွေကို ပြန်မဖော်နိုင်သေးဘူး။ တချို့နေရာတွေမှာဆို မြေပြိုတာကြောင့် လမ်းပျက်သွားတာ၊ ဘယ်လိုမှ သွားလို့မရသေးတဲ့ နေရာတွေရှိတယ်။ ဒီကာလကြီးမှာ ပြန်လည်ထူထောင်ရေးကို ဦးစားပေးရမယ့်အစား ပွဲထလုပ်တာကတော့ ဘယ်လိုမှ မသင့်တော်နေဘူးလေ”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
ကလောတန်ဆောင်တိုင်ပွဲကျင်းပမယ့်အပေါ် မြို့မိမြို့ဖတစ်ယောက်ကလည်း “ရိုးရာကို မပျောက်ပျက်အောင် လုပ်တာလို့ဆိုပြီး ပွဲကျင်းပရေးကော်မတီဖွဲ့ခိုင်းတော့ ဖွဲ့ထားတာပေါ့။ ဒီကာလကြီးမှာ မလုပ်သင့်သေးတာတော့ အမှန်ပဲလေ။ လူနည်းနည်းနဲ့ပဲ အကျဉ်းချုံးပြီး မဖြစ်ဖြစ်အောင် လုပ်တဲ့ သဘောပါ။ ဒေသခံတွေကလည်း သိပ်ပါဝင်နိုင်မယ်မထင်ပါဘူး”လို့ ပြောပါတယ်။
ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေအပါအဝင် နိုင်ငံအနှံ့အပြားက အလှူရှင်တွေဟာ ကလောမြို့နယ်ကို လာရောက်လှူဒါန်းမှုတွေ ရှိခဲ့ပေမယ့် ရေဘေးသင့်ပြည်သူ အများစုဟာ စားနပ်ရိက္ခာတွေသာ လက်ခံရရှိနေကာ လှူဒါန်းငွေတွေကတော့ မရရှိခဲ့ကြောင်းနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေသာ ငွေသားအလှူတွေကို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
“ကုန်ဈေးနုန်းတွေကတက်၊ ပိုက်ဆံရှာရတာခက်ပြီး အစစအရာရာ စိတ်ဆင်းရဲစရာတွေ ပြည့်နှက်နေတဲ့ ဒီလိုအချိန်အခါကြီးမှာ ပျော်ဖို့မစဉ်းစားနိုင်သေးပါဘူး။ တစ်ရက်စားပြီးရင် နောက်တစ်ရက်စားဖို့ ဘယ်လိုရှာရ မလဲဆိုတာပဲ တွေးရင်း ရုန်းကန်နေရတာ။ တခြားသူတွေ သွားတာ၊ မသွားတာကလည်း သူတို့အကြောင်းနဲ့ သူတို့ရှိမှာပေါ”လို့ အခြားကလောဒေသခံတစ်ယောက်ကလည်း VOMကို ပြောပါတယ်။
ကလောတန်ဆောင်တိုင်အပြင် တောင်ကြီးတန်ဆောင်တိုင်လည်း နိုဝင်ဘာလ ၉ရက်ကနေ ၁၅ရက်အထိ ၇ရက်ကြာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိ တောင်ကြီးမြို့မှာ စစ်ဘေးရှောင်အရေအတွက် အင်မတန်များပြားနေသလို ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ၊ စက်သုံးဆီရှားပါးမှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေ၊ အိမ်ငှားခ ဈေးမြင့်တက်မှုတွေကြောင့် တန်ဆောင်တိုင်ပွဲကျင်းပပြုလုပ်မယ့်အပေါ် ဒေသခံတွေကတော့ ဝေဖန်နေကြပါတယ်။
ဓာတ်ပုံ-CJ

Related posts

Leave a Comment

VOM News

FREE
VIEW