ရန်ကုန်ရှိ မြို့နယ်တချို့ တတိယအကြိမ် မိုးကြီး၊ ရေလျှံမှု ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့

အောက်တိုဘာ ၂၆ – ၂၀၂၄
SN (VOM)
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်ရှိ မြို့နယ်တချို့မှာ မနေ့ အောက်တိုဘာ ၂၅ ရက်၊ ညနေပိုင်းက တတိယအကြိမ် မိုးကြီး၊ ရေလျှံပြီး ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မြို့နေ ပြည်သူတွေဆီက သိရပါတယ်။
မနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ကစပြီး ရွာသွန်းခဲ့တဲ့မိုးကြောင့် ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်နဲ့ တောင်ဥက္ကလာပမြို့နယ်တို့မှာ ရေကြီးခဲ့ပြီး ကားလမ်း ပိတ်ဆို့မှုတွေလည်း ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“တာမွေ အိုးရှင်းစင်တာရှေ့မှာ ရေက တော်တော်ကိုဆိုးတာ။ ကားသေးတွေဆို ရေပေါ်တောင် ပေါလောပေါ်တယ်။ ဘေးကနေ YBS ကားကြီးတွေ ဖြတ်ချိန်ဆို ကားသေးတွေ ရေလှိုင်းရိုက်ခံရပြီး ရေပေါ်မှာ ရွေ့နေကြတယ်။ လမ်းတွေကလည်း တောက်လျှောက်ပိတ်တာ။ ညနေ ၄ နာရီလောက်က အိမ်ပြန်တာ၊ အိမ်ကို ၈ နာရီ ထိုးခါနီးလောက်မှ ပြန်ရောက်တယ်။ ကားပေါ်မှာလည်း လူတွေ ကျပ်သိပ်နေတာပဲ။ မှတ်တိုင်တွေမှာလည်း လူတွေအုံနေတယ်။ ရုံးဆင်းချိန်ရွာတာဆိုတော့ အတော်ကိုဒုက္ခရောက်တာ” လို့ ဒဂုံမြို့သစ် (အရှေ့ပိုင်းမြို့နယ်) မှာ နေထိုင်တဲ့ ကုမ္ပဏီဝန်ထမ်းတယောက်က ပြောပါတယ်။
ရေကြီးမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှု‌တွေလည်း ဆိုးဆိုးရွားရွားဖြစ်ခဲ့ကာ ယာဉ်ရွေ့ရုံမျှသာ သွားနိုင်တာကြောင့် တချို့နေရာတွေမှာ ခရီးသည်အများစု ကားပေါ်ကနေ လမ်းဆင်းလျှောက်ရပြီး တချို့ လိုင်းကားတွေကတော့ ယာဉ်လမ်းကြောအတိုင်း ရှေ့ဆက်မသွားနိုင်ဘဲ နီးစပ်ရာ လမ်းတွေကတဆင့် နောက်ကိုပြန်လှည့်ကာ လမ်းကြောင်းပြောင်း မောင်းနှင်ရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
“ဗဟန်းမှာဆို ရေက ခါးလယ်လောက်အထိ ရောက်တယ်။ ကားကိုဘယ်လိုမှ မောင်းမရတော့လို့ ကားသမားက လမ်းဆင်းလျှောက်ခိုင်းတယ်။ ခါးလယ်လောက်ရှိတဲ့ ရေတွေထဲ လဲမကျအောင် ဖိနပ်ချွတ်ပြီး မနည်းထိန်းပြီး လျှောက်ခဲ့ရတာ။ မိုးကလည်း အဲဒီအချိန် တအားကိုသည်းတယ်။ ရေတက်လာတာလည်း အရမ်းမြန်တယ်။ မိုးရွာပြီး သိပ်မကြာဘူး၊ ရေတွေတက်လာတာ” လို့ ‌သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ရုံးဝန်ထမ်းတယောက်က ပြောပါတယ်။
ရေကြီးမှုဟာ တာမွေနဲ့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ဝန်းကျင်တလျှောက် အဆိုးရွားဆုံးဖြစ်ခဲ့ပြီး လမ်းကိုရေကျော်နေတဲ့အတွက် ကားတွေသွားလာရ ခက်ခဲခဲ့သလို ကားတချို့ ပျက်နေတာကြောင့် အဲဒီ နေရာတွေမှာ ယာဉ်လမ်းကြော ပိတ်ဆို့မှုတွေလည်း ပိုမို ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“ရန်ကုန်က အရင်ကတည်းကိုက မိုးနည်းနည်းရွာတာနဲ့ လမ်းပေါ်ရေတင်ပြီ။ ဒါက ဖြစ်နေကျပါ။ မနေ့ကလို မိုးတွေ အရမ်းရွာလာရင်တော့ ပိုဆိုးသွားတာပေါ့။ စည်ပင်ကလည်း အလုပ် မလုပ်ဘူး။ ရေဆင်းမြောင်းတွေ မရှင်းဘူး။ မြောင်းဖော်ဖို့၊ ရေစီးရေလာ ကောင်းဖို့ ထိထိရောက်ရောက် မလုပ်ကြဘူး။ လူတွေကလည်း အမှိုက်ကို စည်းကမ်းမဲ့ ပစ်ချင်သလိုပစ်ကြတယ်။ ရေစိမ့်ကန်တွေနဲ့ ချောင်းတွေ၊ မြောင်းတွေပိတ်ပြီး ဆောက်ချင်ရာဆောက်၊ လုပ်ချင်ရာလုပ်နေကြတယ်။ ချောင်းတွေ၊ မြောင်းတွေက တနေရာနဲ့တနေရာ ချိတ်ဆက်မှု မရှိတော့ဘူး။ အခု ဒါတွေရဲ့ အကျိုးဆက်ကို လက်တွေ့ ကြုံနေရတာပေါ့” လို့ သဘာဝပတ်ဝန်းကျင် လေ့လာသူတယောက်က ပြောပါတယ်။
ရေကြီး၊ ရေလျှံမှုဟာ ပုံမှန်အားဖြင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်အနီး ဒေသတွေမှာသာ ဖြစ်ပေါ်လေ့ရှိပေမယ့် အခုအခါ မြို့ပြဒေသတွေမှာလည်း အဖြစ်များနေပြီး ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းတွေထဲကမှ တခုကတော့ အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းပဲဖြစ်တယ်လို့ ဆိုပါတယ်။
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့် မိုးတွင်းကာလ ရောက်တဲ့အခါ မြို့ပြတွေမှာ ရေမြောင်းတွေ ပိတ်ဆို့ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းတွေကို ဖြစ်ပေါ်စေသလို ရေကြီး၊ ရေလျှံမှုကြောင့် ယာဉ်ကြောပိတ်ဆို့ခြင်းအပြင် ရေကျသွားတဲ့အခါ ကျန်ခဲ့တဲ့ အမှိုက်တွေက ပတ်ဝန်းကျင်သန့်ရှင်းမှုကို ထိခိုက်စေပြီး ကျန်းမာရေး ပြဿနာတွေကိုပါ ခံစားရနိုင်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း မိုးကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နဲ့ ၂၂ ရက်နေ့ကလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့နယ် ၁၈ မြို့နယ်ထက်မနည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ မနေ့ အောက်တိုဘာ ၂၅ ရက်၊ ည ၇ နာရီအချိန် ထုတ်ပြန်ချက်အရ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “ထရမ်မီ” (TRAMI) ဟာ အနောက်ဘက်ကို ဆက်လက် ရွေ့လျားလျက်ရှိတယ်လို့ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၆ ရက်၊ မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အနေနဲ့ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလျက်ရှိပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုနိုင်ဖို့ မိုး/ဇလဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW