ရန်ကုန်မှာ တလအတွင်း ဖောက်ခွဲတိုက်ခိုက်မှု ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့

နိုဝင်ဘာ ၄ – ၂၀၂၄
SN (VOM)
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဖောက်ခွဲတိုက်ခိုက်ခံမှု ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့လအတွင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာမှာ အောက်တိုဘာ ၉ ရက်နေ့က မှော်ဘီလေတပ်အတွင်း Type 63 အမျိုးအစား ရှော့တိုက်ဒုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး K8W အမောင်းသင်လေယာဉ် ဂိုဒေါင်နဲ့ ခြံစည်းရိုး ထိမှန်ပေါက်ကွဲခဲ့တယ်လို့ တိုက်ခိုက်မှု ပြုလုပ်ရာမှာ ပါဝင်ခဲ့တဲ့ Civilian Military – SRDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါအပြင် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ဒဂုံမြို့နယ်၊ အလံပြဘုရား လမ်းမပေါ်ရှိ သမ္မတရုပ်ရှင်ရုံအနီး အထိုင်ချထားတဲ့ နစကလုံခြုံရေးတပ် ယာယီဂိတ်ကို ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ God’s Hand Forces (GHF) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီ အောက်တိုဘာလ ၁၀ ရက်နေ့မှာပဲ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို Yangon Army (YA) အဖွဲ့နဲ့ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့သိရပြီး အုပ်ချုပ်ရေးမှူး အပါအဝင် အဖွဲ့ဝင်တချို့ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
“အဲဒီညက ရွှေပြည်သာမှာ ပေါက်ကွဲသံသုံးချက် အကျယ်ကြီး ကြားလိုက်ရတာ။ ရွှေပြည်သာတင်မကဘူး၊ အနီးအနားက မြို့နယ်တွေလည်း ကြားရတယ်ပြောတယ်” လို့ ရွှေပြည်သာမြို့နယ်အတွင်း နေထိုင်သူတယောက်က ပြောပါတယ်။
အလားတူ အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း YUPA Yangon People Army နဲ့ မြောက်ဥက္ကလာပ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ ပူးပေါင်းပြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်ရုံးကို လက်ပစ်ဗုံး နှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာကြောင့် ရုံးအတွင်းရှိနေတဲ့ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးအပါအဝင် နစက လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုပြင်းထန်ခဲ့တယ်လို့ YUPA Yangon People Army က သတင်းထုတ်ပြန်ထားပါတယ်။
ဆက်လက်ပြီး အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးသုံးလုံးနဲ့ တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ထိခိုက်မှုများနိုင်တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ရန်ကုန် – ပဲခူး လမ်းပိုင်းရှိ လှည်းကူးမြို့မရဲစခန်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ရဲသုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အဲဒီ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ Operation Flame (OF) အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် အောက်တိုဘာ ၁၆ ရက်နေ့ကလည်း မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့ရှိ နစကရဲ့ ခြေမြန်တပ်ရင်း (ခမရ – ၁၀၆) ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီလိုပဲ အောက်တိုဘာ ၁၈ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ်ရှိ နစကတပ်ဝင်း အဝင်ဂိတ်ကို God’s Hand Forces (GHF) အဖွဲ့က ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် အောက်တိုဘာ ၂၃ ရက်နေ့ကလည်း ရွှေပြည်သာမြို့နယ်ရှိ (၂) ရပ်ကွက်နဲ့ (၂၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေကို Yangon Army နဲ့ အနောက်ပိုင်းခရိုင် – ပကဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တချို့ ထိခိုက်မှုရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အောက်တိုဘာ ၂၅ ရက်နေ့ကလည်း Yangon UG People Army (YUPA) နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) တို့ ပူးပေါင်းမှုနဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၆) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီးရှိ နစကရဲ့ အမှတ် (၉၈၁) ဂိတ်ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Dark Shadow အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုဖော်ပြခဲ့တဲ့ ဖြစ်စဉ်တွေဟာ VOM က လက်လှမ်းမီသမျှ စုစည်းထားတဲ့ သတင်းအချက်အလက်တွေဖြစ်ပြီး ရန်ကုန်မြို့အတွင်း ဖြစ်ပွားခဲ့တဲ့ တခြားသော ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွေလည်း ရှိနေနိုင်ပါသေးတယ်။ နစကအနေနဲ့တော့ ဒီတိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာမရှိပါဘူး။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW