လားရှိုးကို လေကြောင်းနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်

နိုဝင်ဘာ ၅၊ ၂၀၂၄
Shy V ( VOM )
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ပြင် မယ်ဟန်ရွာမှာ နိုဝင်ဘာလ ၅ ရက်နေ့ မနက် အစောပိုင်း ၁ နာရီ မထိုးခင်မှာ နစကဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လားရှိးမှာ ည သန်းခေါင်ကျော် ၁၂ နာရီခွဲကျော်ခန့်က၊ ဒီမနက် အစောပိုင်း ၁ နာရီ မထိုးခင် လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရပါတယ်။ မယ်ဟန်ဘက် ကျပါတယ်။ လူမရှိတဲ့ အိမ်မလို့ လူမထိဘူးလို့ သိရတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
လေကြောင်းနဲ့ နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၁၂ နာရီ ၄၄ မိနစ်မှာ ပထမ အကြိမ်၊ ၁၂ နာရီ ၄၉ မိနစ် ဒုတိယ အကြိမ် ဗုံးကြဲသွားတာ လို့ ဆိုပါတယ်။
“မယ်ဟန် ဆေးပေးခန်းအနီးက နေအိမ် နှစ်အိမ်ပေါ်ကျတာ။ လူ အထိအခိုက်တော့ မရှိဘူး။ ဆေးခန်းနား ရပ်ထားတဲ့ကား နှစ်စီးတော့ ပျက်စီးသွားတယ်” လို့ ‌ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခန့်ကလည်း နောင်ချိုမြိူ့နယ် မြောင်ဇီးရွာ မှာ လေကြောင်းနဲ့ ဗုံးကြဲခံရလို့ နေအိမ် တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
“အိမ်တွေလည်း ပါသွားတယ်။ လူက အဝေးမှာ ရှောင်နေလို့ တော်သေးတယ်။ တရပ်ကွက်ထဲက အသိတွေရဲ့ အိမ်တွေချည်း ထိတယ်။ လူ အထိအခိုက် မရှိဘူး ဆိုတာ လေးနဲ့‌ပဲ ဖြေသိမ့်နေရတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲကျော်ခန့်ကလည်း နောင်ချို့မြို့နယ် အနောက်ဘက်ခြမ်းထဲ ၂ နေရာကို K – 8W ဂျက်ဖိုက်တာနဲ့ သုံးကြိမ် ဗုံးကြဲခံရတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့ ကလည်း နောင်ချိုမြို့ ဘူတာ၊ ရပ်ကွက် ၅ ကတ္တီပင် ဘုန်းကြီး ကျောင်းအနီးနဲ့ သကြားစက်ရုံဘက် လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရပြီး သကြားစက်ရုံမှာတော့ လူ လေးယောက် သေဆုံးခဲ့သလို နိုဝင်ဘာလ ၁ ရက်နေ့ကလည်း နောက်ချိုမြို့ ဘူတာ၊ ရပ်ကွက် ၅ ကတ္တီပင် ဘုန်းကြီး ကျောင်းအနီး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရကာ နေအိမ်တွေ အများအပြား ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
Photo Crd# Newnyi

Related posts

Leave a Comment

VOM News

FREE
VIEW