နိုဝင်ဘာ ၉၊ ၂၀၂၄
SN (VOM)
လက်ရှိ မြန်မာပြည်မှာ နွေရာသီကာလကို ရောက်ဖို့ ဝေးစွ၊ မိုးလေကင်းလွတ်တဲ့ အချိန်ရာသီရယ်လို့ ပီပီပြင်ပြင် မရောက်သေးခင်မှာဘဲ နိုင်ငံတဝန်း နေရာအများစုမှာ နာရီနဲ့ချီ လျှပ်စစ်မီးပြတ်တောက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာတောင် မြို့နယ်အများစု အလှည့်ကျမီးလာရမယ့်အချိန်တောင် မလာလို့ လူမှုဒုက္ခတွေများစွာ ကြုံနေကြရပါတယ်။
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအနေနဲ့ လာမယ့် ၂၀၄၀ ခုနှစ်အတွင်းမှာ မြန်မာတနိုင်ငံလုံး မီးလင်းရမယ် လို့ စီမံကိန်းချထားတာပါ။ ဒါပေမယ့်လည်း နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးတဲ့နောက် သုံးနှစ်ကျော် ကာလအတွင်းမှာတော့ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်မှုကို မြို့နေလူထုတွေ ခါးစည်းခံနေကြရပါတယ်။
ဒါနဲ့ပတ်သက်လို့ လျှပ်စစ်ဝန်ကြီးဌာနဘက်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ရေအားလျှပ်စစ်ထုတ် စက်ရုံတွေအတွင်း ရေဝင်ရောက်၊ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ အသိပေးထားပါတယ်။ လက်ရှိမှာ တနိုင်ငံလုံး ဓာတ်အားလိုအပ်ချက်ရဲ့ ၄၆ ရာခိုင်နှုန်းသာ ထုတ်နိုင်တော့တယ်လို့ ဆိုထားတာပါ။
ဘီလူးချောင်း လောပိတရေအားလျှပ်စစ်စက်ရုံတွေ၊ ရွှေလီ ရေအားလျှပ်စစ်ထုတ်စက်ရုံ၊ ပေါင်းလောင်း ရေအားလျှပ်စစ်ထုတ် စက်ရုံတွေ အပါအဝင် နိုင်ငံတဝန်းရှိ ရေအားလျှပ်စစ်စက်ရုံ ကိုးခု မလည်ပတ်နိုင်တော့ဘူးလို့လည်း ဆိုပါတယ်။ ပျက်စီးမှုတွေအတွက် အကြီးစားပြင်ဆင်မှု ပြုလုပ်ဖို့ လိုအပ်နေပြီး လက်ရှိအချိန်အထိ ပြင်ဆင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ဒါကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ အသိပေးထားတာပါ။
“ရာဂီမုန်တိုင်းရဲ့ အကျိုးဆက်၊ ရေကြီးရေလျှံမှုတွေကြောင့် ဓာတ်အားပေးစက်ရုံတွေမှာ ရေဝင်ရောက်မှုတွေရှိခဲ့တယ်။ လောလောဆယ်တော့ စက်ရုံတွေထဲကရေကို စုပ်ထုတ်ပြီး ရှင်းလင်းတာတွေ လုပ်နေတယ်။ ဒါပေမယ့် ဓာတ်အားလိုင်းမ ရေတိုက်စားမှု ဖြစ်ပေါ်ခဲ့တဲ့အတွက် ဓာတ်အားပိတ် ထိန်းသိမ်းပြုပြင်ခြင်းတွေကိုလည်း ဆောင်ရွက်နေရတယ်။ ဒါကြောင့် ဒီအချိန်မှာ လျှပ်စစ်ဓာတ်အားရရှိမှုက ပိုပိုပြီး လျှော့ကျလာနေတဲ့အတွက် ဒီထက်ပိုပြီး အချိန်ကြာကြာ လျှပ်စစ်မီး ပြတ်တောက်တာတွေ ရှိလာနိုင်တယ်” လို့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
စက်ရုံကို တည်ဆောက်ပေးခဲ့ကြတဲ့ မူလကုမ္ပဏီတွေက လာရောက် ပြင်ဆင်နိုင်ဖို့အတွက် ညှိနှိုင်းမှုများစွာ လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စက်ရုံတွေ ပြန်လည် လည်ပတ်နိုင်ဖို့ အချိန်ကြာမြင့်မယ့် အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် လက်ရှိ တနိုင်ငံလုံးမှာ ပြည်သူများကို ၄ နာရီ မီးပေး၊ ၄ နာရီ မီးဖြတ်စနစ်ကို ကျင့်သုံးမှာဖြစ်သလို စက်မှုဇုန်တွေမှာတော့ တရက်ကို ၄ နာရီသာ မီးပေးတော့မယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ကြေညာပါတယ်။ အဲဒီလို လျှပ်စစ်ဓာတ်အား လျှော့ချ ပေးနေပေမယ့်လည်း ရရှိနေတဲ့ ဓာတ်အားမှာ အလွန်ကို နည်းပါးနေတယ်လို့ သိရပါတယ်။ ဒါကြောင့် လာမယ့်ရက်ပိုင်းအတွင်း မီးပြတ်တောက်မှု အခြေအနေတွေ ပိုမိုဆိုးဝါးလာနိုင်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်သူတယောက်က “မီးပျက်နေတာက ရေလာတဲ့ရက်ဆို ပိုပြီး စိတ်ဆင်းရဲရတယ်။ ရေက တင်လို့မရသေးဘူး၊ မီးကပျက်ပြီ။ မီးကလာတော့ 30 volt လောက်လာတာ။ ဘာမှလုပ်မရဘူး။ အလာပြတာပဲရှိတယ်။ ထမင်းအိုးတည်ထားရင်း မီးပျက်သွားလို့ ထမင်းတွေမကျက်၊ လွှင့်ပစ်လိုက်ရတာလည်း မနည်းဘူး။ ဒီမီးနဲ့က ဘာမှကို အဆင်မပြေတာ” လို့ ပြောပါတယ်။
အခုလို လျှပ်စစ်မီး အချိန်ကြာကြာ ပြတ်တောက်တာတွေကြောင့် အသေးစားနဲ့ အလတ်စား (SME) လုပ်ငန်းတွေအပါအဝင် လုပ်ငန်းအားလုံး လည်ပတ်ဖို့ အခက်ကြုံနေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ လျှပ်စစ်မီးအရင်လို မရတဲ့အတွက် လုပ်ငန်းတွေကို မီးစက်သုံးပြီး လည်ပတ်နေရတယ်လို့ ဆိုပါတယ်။
ရေရှည်မှာတော့ စက်သုံးဆီအတွက် ကုန်ကျစရိတ်တွေ ပိုများလာပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ထုတ်ကုန်တွေကို ဈေးထပ်တင်ကုန်ကြတာပါပဲ။ ဒီအတွက် နောက်ဆုံး ထိခိုက်မှာကတော့ စားသုံးသူတွေသာ ဖြစ်ပါတယ်။
“လျှပ်စစ်မီးက ဘယ်လုပ်ငန်းမဆိုပေါ့၊ လုပ်ငန်းတခု လည်ပတ်ဖို့အတွက် အခြေခံလိုအပ်ချက်ပါပဲ။ မီးပျက်ချိန် ကြာလာတာ၊ ရက်တွေ များလာတာနဲ့အမျှ လုပ်ငန်း ပုံမှန်လည်ပတ်ဖို့က ပိုပြီး ခက်ခဲလာဖို့ပဲရှိတယ်” လို့ SME လုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မိုးတွင်းကာလတုန်းက အလှည့်ကျစနစ်နဲ့ တရက်ကို လျှပ်စစ်မီး ၁၂ နာရီဝန်းကျင်ခန့် ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အလှည့်ကျစနစ်နဲ့ တရက်ကို ၈ နာရီဝန်းကျင်လောက်သာ ရရှိတော့တာပါ။ အဲဒီလို တရက် ၈ နာရီလောက်သာ လျှပ်စစ်မီးရရှိပေမယ့် မီးရရှိချိန်မမှန်တာ၊ အချိန်ကြာကြာ ပြတ်တောက်လာတာ၊ ပေးချင်သလို ပေးနေတာတွေကြောင့် လုပ်ငန်းတွေ လည်ပတ်ရာမှာ အခက်ကြုံနေရတာ ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒါအပြင် နိုင်ငံတဝန်းရှိ စက်မှုဇုန်တွေအားလုံးမှာ တရက်ကို (၄) နာရီ အလှည့်ကျနဲ့သာ လျှပ်စစ်မီး ရရှိတော့မှာဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက စက်မှုဇုန်လုပ်ငန်းရှင်တွေဆီ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က စာပို့ အကြောင်းကြားထားပြန်ပါတယ်။ အရင်က စက်မှုဇုန်တွေအားလုံးကို မနက် (၉) နာရီမှ နေ့လယ် (၁) နာရီ (ဒါမှမဟုတ်) နေ့လယ် (၁) နာရီမှ ညနေ (၅) နာရီ အလှည့်ကျ လျှပ်စစ်မီး ပေးနေတာဖြစ်ပါတယ်။
စက်မှုဇုန် လုပ်ငန်းရှင်တွေကတော့ အခုလို လျှပ်စစ်မီးရရှိချိန် နည်းပါးလာတာဟာ လုပ်ငန်းလည်ပတ်မှုကို နှောင့်နှေးစေပြီး ရေရှည်အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ ပြောဆိုကြပါတယ်။ လက်ရှိမှာ စက်ရုံတွေအနေနဲ့ လျှပ်စစ်မီး ပြတ်တောက်ချိန်မှာ ဒီဇယ်အင်ဂျင်သုံး မီးစက်တွေကိုသာ အဓိကထား အသုံးပြုပြီး လုပ်ငန်းလည်ပတ်ရတာကြောင့် ကုန်ကျစရိတ်ပိုများနေတယ်လို့ သိရပါတယ်။
နိုင်ငံဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိရင် တယူနစ်ကို ကျပ် ၁၅၀ သာ ကုန်ကျပေမယ့် မီးစက်နဲ့ လည်ပတ်ရင်တော့ တယူနစ်ကို ကျပ် ၁၀၀၀ အထက် ကုန်ကျတယ်လို့ ပြောဆိုကြပါတယ်။ လက်ရှိမှာ ဒီဇယ် တဂါလန်ကို ကျပ် တသောင်းကျော် ဈေးရှိနေပြီး မီးစက်ထဲ ထည့်မောင်းပါက ၁၀ ယူနစ်ထွက်ပေမယ့်လည်း ဒီဇယ်ဆီကိုတောင် လက်ရှိမှာ အကန့်အသတ်နဲ့ ဝယ်ယူနေရတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
“ဆီကတော့ အရင်ကတော့ ဆိုင်ကို ဖုန်းတချက်ဆက်လိုက်ရင် လာပို့တာပေါ့။ ခုတော့ မရတော့ဘူး။ ဆိုင်မှာသွားထုတ်ရင် တဈေး။ လာပို့ရင် တဈေး ဖြစ်သွားပြီ။ တလီတာကို ကျပ် ၄၀၀ ၊ ၅၀၀ လောက်ကွာတယ်။ ဂါလံ ၅၀ တပေပါဆိုရင် တသိန်းခွဲကွာတယ်။ ကားတစီးဆိုရင် သိန်း ၁၅၀ ကွာရော။ အဲ့ဒါကြောင့် ပို့ခထက် နည်းနည်း အပိုယူပေါ့၊ မဟုတ်ဘူးလား။ ပို့ခထက် အများကြီးပိုယူတော့ အများကြီးသုံးတဲ့လူက နာတာပေါ့။ ရေရှည်ကျတော့ မခံနိုင်ဘူး။ စက်မှုဇုန်ဆိုတာ မီးမှမရရင် စက်မှုဇုန်လို့ ဘယ်လိုလုပ် ခေါ်လို့ရမှာလဲ။ အဓိက အရေးကြီးတာ ဒါပဲလေ။ စက်မှုဇုန်တွေသည် မီးလာရင်တော့ ကောင်းတာပေါ့။ မီးမလာဘူး ဆိုရင်တော့ ဆီပေးပေါ့။ ဆီလည်းမပေးဘူး၊ မီးလည်းမလာဘူး ဆိုရင်တော့ ပိတ်ရတော့မှာပေါ့” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လက်ရှိမှာ စက်ရုံတွေအနေနဲ့ လျှပ်စစ်မီး ပြတ်တောက်ချိန်မှာ ဒီဇယ်အင်ဂျင်သုံး မီးစက်တွေကိုသာ အဓိကထား အသုံးပြုပြီး လုပ်ငန်းလည်ပတ်ရတာကြောင့် ကုန်ကျစရိတ်ပိုများနေတယ်လို့ သိရပါတယ်။ တရိပ်ရိပ်တက်လာတဲ့ လောင်စာဆီဈေး၊ မီးစက်ထိန်းသိမ်းပြုပြင်စရိတ်ကြောင့် အမြတ်အားလုံးဟာ ဆီးဖိုးနဲ့သာကုန်သွားပြီး တွက်ခြေမကိုက်တော့တဲ့အတွက် အရည်အသွေးနိမ့်တဲ့ ကုန်ကြမ်းတွေနဲ့သာ ထုတ်လုပ်နိုင်တော့တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
“အခုက မနက်ပိုင်း နှစ်နာရီလေးပဲလာတော့ ကျန်တဲ့အချိန်က မီးစက်မောင်းပေါ့။ စက်ရုံတိုင်းကတော့ မီးစက်ရှိပါတယ်။ ဒါပေမယ့် မီးစက်ဆိုတာက သိတဲ့အတိုင်းပဲ၊ backup လုပ်တာလေ။ အခုက ၂၄ နာရီနီးပါး လိုသလောက် မောင်းနေရတဲ့အခါကျတော့ ကြာတော့လည်း သူတို့လည်းမခံနိုင်ဘူး။ အကုန်ပျက်ကုန်တယ်။ အဲတော့ တင်သွင်းဖို့ကလည်း ကြပ်၊ အပိုပစ္စည်းကလည်း မရှိ ဆိုတော့ အရင် တခါပြင် ၁၀ သိန်းလောက် ကုန်တဲ့ဟာက အခု သိန်း ၂၀၀ လောက်ကုန်တော့ ဘယ်လိုလုပ်ကြမှာတုန်း” လို့ နောက်ထပ် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနကတော့ သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းနဲ့ ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံရခြင်းတို့ကြောင့် နိုင်ငံတဝန်းမှာ လျှပ်စစ်မီးများ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာလို့ ဆိုပါတယ်။ ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်မှုရှိနေတဲ့ ဓာတ်အားပေးစက်ရုံတွေ ပြုပြင် ဆောင်ရွက်နေရတာကြောင့်လည်း လိုအပ်ချက်ရဲ့ ရာခိုင်နှုန်း ၅၀ ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးနိုင်တော့တယ်လို့ ဝန်ခံ ပြောဆိုထားပါတယ်။
နိုင်ငံရှိ ရေအားလျှပ်စစ်စက်ရုံ ၃ဝ ရုံ၊ သဘာဝ ဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံ၊ ကျောက်မီးသွေးသုံးစက်ရုံ နှစ်ရုံ၊ နေရောင် ခြည်သုံးစွမ်းအင်စက်ရုံ ရှစ်ရုံတို့ စွမ်းအားပြည့်လည်ပတ်နိုင်ရင်တော့ လျှပ်စစ်ဓာတ်အား ၇၂၄၈ မဂ္ဂါဝပ်ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခအခြေအနေတွေကြောင့် လျှပ်စစ်ဓာတ်အား ၂၈၀၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်တော့တယ်လို့ သိရပါတယ်။
ဒါအပြင် ဓာတ်အားပေးစက်ရုံတွေက ထွက်ရှိတဲ့ ဓာတ်အားကို ပို့လွှတ်လျက်ရှိတဲ့ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းတွေလည်း ဖျက်ဆီးခံထားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဓာတ်အား ၁၄၈၇ မဂ္ဂါဝပ် အသားတင် လျော့နည်း ထုတ်လုပ်ရခြင်းနဲ့အတူ သဘာဝဓာတ်ငွေ့ရရှိမှုဟာလည်း လျော့နည်းနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုမှာ အခုကာလအတွင်း ၂၂၇ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိတယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ရေအားနဲ့ သဘာဝဓာတ်ငွေ့သုံး စက်ရုံတွေရဲ့ ထုတ်လုပ်မှုမှာ ၁၇၁၄ မဂ္ဂါဝပ်ခန့် အသားတင် လျော့နည်းနေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ နိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်ဟာ နှစ်စဉ် ၉ ရာခိုင်နှုန်း တိုးတက်သုံးစွဲနေရတယ်လို့ သိရပါတယ်။ စုစုပေါင်း တရက်လိုအပ်ချက် ဓာတ်အား ၅၄၈၃ မဂ္ဂါဝပ် ရှိပေမယ့်လည်း လတ်တလော နယ်မြေအခြေအနေတွေကြောင့် အခုကာလမှာ တရက်ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်တော့တယ်လို့ သိရပါတယ်။
ဒါကြောင့် လက်ရှိမှာ တရက် လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က တနိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲတဲ့ အိမ်ထောင်စုအချိုးမှာ ၅၆ ရာခိုင်နှုန်းသာ ရှိခဲ့တာဖြစ်ပေမယ့် အခု ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ၆၈ ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲလာခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုလို တိုးတက်လာတဲ့ သုံးစွဲမှုအရ ဓာတ်အားဖြည့်ဆည်း ထုတ်လုပ်နိုင်ရေးအတွက် ရေအား လျှပ်စစ်စီမံကိန်း ခုနစ်ခု၊ သဘာဝဓာတ်ငွေ့ စီမံကိန်း လေးခု၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ၁၀ ခု၊ ကမ်းရိုးတန်း လေအားလျှပ်စစ်စီမံကိန်း ၁၁ ခု၊ ကုန်းတွင်းလေအားလျှပ်စစ် စီမံကိန်း ၁၅ ခု၊ ကမ်းလွန် လေအားလျှပ်စစ်စီမံကိန်း နှစ်ခုတို့ကို နှစ်အလိုက် ပြီးစီးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဖျက်ဆီးခံရတဲ့ ဓာတ်အားလိုင်းတွေကနေ ဓာတ်အား ပြန်လည် ပို့လွှတ်နိုင်ရေးအတွက်လည်း ပြုပြင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။ အဲဒီ စီမံကိန်းတွေနဲ့ ဓာတ်အားလိုင်းလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးရင်တော့ ပြည်သူတွေ လိုအပ် လျက်ရှိတဲ့ လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်း ဖြန့်ဖြူးပေးသွားနိုင်မှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။
“မီတာခတွေသာ တိုးလာလို့ လျှပ်စစ်မီး အခြေအနေ အဆင်ပြေသွားမလား တချို့က ထင်ကြတယ်။ ကိုယ်တွေကတော့ ကြိုတွက်ပြီးသား။ ဒုံရင်းမဟုတ်တောင် ပိုဆိုးဖို့ပဲရှိလာမယ်ဆိုတာကို။ အဖက်ဖက်ကနေ ချွတ်ခြုံကျနေတဲ့ အခြေအနေမှာ ရှေ့ဆက် ဘာကောင်းတာတွေ ဖြစ်လာမလဲလို့ ဒီအချိန်မှာ ယောင်လို့တောင် မမျှော်လင့်လေနဲ့။ မီတာခ ဆိုတာကလည်း ဒီခေတ်အခြေအနေနဲ့ဆို ဘုရားတရလောက်အောင် တက်သွားတာလေ။ အဲဒါကြောင့် မီးလာနေတဲ့အချိန်မှာတောင် မလိုအပ်တဲ့ မီးတွေကို သတိလေးနဲ့ လိုက်ပိတ်၊ အဲဒီလိုလေး သုံးနေရတယ်။ အထောက်အကူလေး ရလို့ရငြားပေါ့လေ။ ဒါပေမယ့်လည်း ရှေ့က ပြောခဲ့သလိုပါပဲ။ ဒီအချိန်မှာက ကောင်းတာတွေက တခုတလေတောင်မှ မျှော်လင့်လို့ မရတာလေ။ အခုလို မီးမလာတော့လည်း မီတာခအလိုလို ချွေတာရာ ရောက်တာပေါ့လို့လည်း မတွေးလိုက်ဦး။ လကုန်လို့ မီတာစာရွက်လာရင် မီတာခက လျော့သွားတယ်မရှိပြန်ဘူး” လို့ ပြည်သူတယောက်က ပြောပါတယ်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေကို အိမ်သုံး အမျိုးအစားတွေအတွက် တယူနစ်မှ ၅၀ ယူနစ် အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁ဝဝ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်နဲ့ ၂၀၁ ယူနစ်နဲ့အထက် ၃၀၀ ကျပ်အဖြစ် အခု ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှစပြီး ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်တာဖြစ်ပါတယ်။
အိမ်သုံးမဟုတ်တဲ့ အမျိုးအစား (စက်မှုလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ တလုံးတခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာန အဖွဲ့အစည်းတွေ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းတွေ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေ၊ မြစ် ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန/ လုပ်ငန်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံခြားသံရုံးတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ) အတွက် တယူနစ်မှ ၅,၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅,၀၀၁ ယူနစ်မှ ၂၀,၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀,၀၀၁ ယူနစ်နဲ့ အထက် ၅၀၀ ကျပ်အဖြစ် တိုးမြှင့် သတ်မှတ်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့ ထုတ်လုပ်မှုစရိတ် ပိုများပြားလာတာကြောင့် မီတာခ တိုးမြှင့် ကောက်ခံရခြင်းဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။ ဒုက္ခပေါင်းများစွာ ခါးစည်းခံနေရတဲ့ ပြည်သူတွေအတွက်ကတော့ မီတာခ တိုးမြှင့်လိုက်ခြင်းဟာ တပူပေါ် နှစ်ပူဆင့် ဆိုသလို ကြပ်တည်းမှုတွေကိုသာ ပိုဖြစ်စေတယ်လို့ ဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ခဲ့တာဟာ အချိန်ကာလအားဖြင့် လေးနှစ်နီးပါး ရှိလာနေပြီပဲ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ပြည်သူတွေဟာ လျှပ်စစ်ဓာတ်အား လုံလောက်အောင် မရရှိတော့တဲ့အတွက် လူမှုဒုက္ခမျိုးစုံကို ရင်ဆိုင်နေရတာပါ။
ဖယောင်းတိုင်မီးနဲ့ မီးသွေးမီးဖို၊ ဂက်စ်မီးဖို၊ ထင်းမီးတို့ကို ပြန်လည် အားကိုးနေရတဲ့ အခြေအနေကို ဆိုက်ရောက်နေတာပါ။ လျှပ်စစ်မီးမှန်အောင် မရရှိတဲ့အတွက် ရေသုံးစွဲမှုအပါအဝင် အခက်အခဲပေါင်း များစွာကိုလည်း ကြုံတွေ့နေကြရပါတယ်။ လျှပ်စစ်မီးမရှိ အလင်းရောင်မရှိတဲ့ ညအချိန်တွေ ကြာရှည်လာလေ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံရေးကလည်း စိုးရိမ်လာရလေ ဖြစ်လာပါတယ်။
နစက ကတော့ ပြည်သူတွေ သုံးစွဲနိုင်အောင် နိုင်ငံအနှံ့ လျှပ်စစ်ကားတွေအပြင် လျှပ်စစ်ရထား ပြေးဆွဲပေးနိုင်ဖို့ကိုပါ စီစဉ်နေတယ်လို့ မကြာခဏ ပြောဆိုနေတာပါ။ ဒါပေမယ့် နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး တနှစ်အကြာမှာ လျှပ်စစ်ဝန်ကြီးဌာနက နိုင်ငံအတွင်း လျှပ်စစ်မလုံလောက်မှုကို ဝန်ခံခဲ့ပြီး ပြည်သူတွေကို လျှပ်စစ်မီးသုံးစွဲမှု လျှော့ချဖို့နဲ့ အချိန်ပိုင်း မီးဖြတ်ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ လျှပ်စစ်မီး ရရှိမှုအခြေအနေဟာ အဆိုးရွားဆုံး အနေအထားကို ရောက်ရှိလာနေပြီး စီးပွားရေး လုပ်ကိုင်သူတွေ အခက်တွေ့နေရသလို ပြည်သူတွေအနေနဲ့လည်း နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်လာပါတယ်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကတော့ လျှပ်စစ်မီး ပုံမှန်ဖြန့်ဝေနိုင်မှာ မဟုတ်သေးဘူးလို့ ကြေညာချက်တွေ တတွင်တွင် ထုတ်ပြန်ထားပေမယ့် ဘယ်အချိန်မှာ လျှပ်စစ်မီး ပုံမှန်ပြန်ပေးနိုင်မယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ တိတိကျကျ သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။
ဒါကြောင့် လျှပ်စစ်မီးနဲ့ အသက်မွေး၀မ်းကျောင်းနေရတဲ့ ပြည်သူတွေအတွက်ကတော့ တရက်ထက် တရက် ပိုပြီး ဆိုးရွားလာတဲ့ လျှပ်စစ်မီး ပြတ်တောက်မှု သံသရာကြား အပူသောကတွေနဲ့ ဆက်လက် ဖြတ်သန်းနေရဦးမှာပဲ ဖြစ်ပါတယ်။ ။
Photo:CJ