တောင်ကြီးမှာ လက်နက်ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး ၂/မှတ်ပုံတင် ကိုင်ဆောင်သူတွေကို စစ်ဆေးမှု တင်းကြပ်နေ

ZY(VOM)
နိုဝင်ဘာ ၁၁၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ရက်၊ ညပိုင်းက လက်နက်ခဲယမ်းအများအပြား ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး ကယားပြည်နယ် မှတ်ပုံတင် ၂/ ကိုင်ဆောင်ထားသူတွေကို စစ်ဆေးမှုတင်းကြပ်ထားသလို ရပ်ကွက်တွေကိုလည်း ဝင်ရောက်စစ်ဆေးမှုတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
အေးသာယာစက်မှုဇုန်၊ ရပ်ကွက် ၁၃၊ လမ်းအမှတ် ၂၀ရှိ ဒေါ်သန်းသန်းနု (လွိုင်ကော်ဇာတိ) ပိုင်ဆိုင်တဲ့ ပြောင်းအခြောက်ခံစက်ရုံကို သတင်းအရ ဝင်ရာက်စစ်ဆေးရှာဖွေခဲ့ရာ ကယားပြည်နယ်၊ မော်ချီးမြို့ကို ပို့ဆောင်မယ့် လက်နက်အမြောက်အများကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်နက်ခဲယမ်းသိမ်းဆည်းရမိတဲ့ စက်ရုံပိုင်ရှင်ကို ဖမ်းဆီးစစ်ဆေးနေပြီး ပတ်သက်ဆက်နွယ် သူတွေကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေသလို အေးသာယာနဲ့ တောင်ကြီးမြို့တွင်းရပ်ကွက်တွေကို ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်နေပြီး မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်တွေကို တင်းကြပ်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“လက်နက်မှုနဲ့ပါတ်သက်ပြီး ဆက်စပ်ပါတ်သက်တဲ့ ကယားဒေသခံ ၁၂ယောက် ဖမ်းဆီးရမိထားတယ်လို့ ကြားတယ်။ သတင်းတော့ မထုတ်ပြန်လာသေးလို့ အတည်မပြုနိုင်သေးဘူး။ အဲဒီနောက်ပိုင်းကတည်း ရပ်ကွက်ထဲကို ဝင်စစ်ဆေးတာတွေ ရှိတယ်။ ၂/ မှတ်ပုံတင် ကိုင်ဆောင်သူတွေ အနေနဲ့ ခရီးထွက်တာ၊ ခဏတဖြုတ် နေရပ်ပြန်တာတို့လုပ်မယ်ဆိုရင် ရပ်ကွက်ရုံးကို အရင်ဆုံး သတင်းပို့ဖို့နဲ့ ပြန်ရောက်လာရင်လည်း အချိန်မီ အကြောင်းကြားပေးဖို့ မှာထားတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
လက်ရှိမှာလည်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကျင်းပပြုလုပ်မှာဖြစ်တာကြောင့် မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရေးတင်းကြပ်ထားပြီး မြို့တွင်းလမ်းဆုံလမ်းခွတွေနဲ့ မီးပွိုင့်တွေမှာ လုံခြုံရေးချထားသလို ပွဲဧရိယာတဝိုက်မှာလည်း လုံခြုံရေးတင်းကြပ်ထားကာ ၂/မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို ပြန်လှည့်ခိုင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။
Photo:ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW