စစ်ရေးတင်းမာလာနိုင်လို့ ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးက ဒေသခံခုနှစ်ထောင်ကျော် နေရပ်စွန့်ခွာနေ

နိုဝင်ဘာ ၁၇ – ၂၀၂၄
SS (VOM)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးမှာ စစ်ရေးတင်းမာလာနိုင်လို့ ဒေသခံ ခုနစ်ထောင်ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
“နစကဘက်က စစ်ကြောင်း သုံးကြောင်း တပြိုင်တည်း နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ အနေအထားပါ။ ဒီနေ့မနက်တော့ ရေဦးနယ် မြောက်ခြမ်းက ရွာဗုကြီးနဲ့ တန့်ဆည်နယ်အရှေ့တောင်ခြမ်းက ကြို့ထိမ်၊ ကလဇင်ရွာတွေကို ရောက်နေတယ်။ စစ်ရေးတင်းမာလာနိုင်တဲ့အခြေအနေကြောင့် ပြေးတဲ့သူကလည်း ပြေးနေကြတာပေါ့” လို့ ရေဦးမြို့နယ်က ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ရေဦးနယ်မြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ၅၀၀၀ ကျော်နဲ့ တန့်ဆည်မြို့နယ်က ဒေသခံ ၂၀၀၀ ကျော် ဘေးလွတ်ရာကို အရေးပေါ် တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“ခင်ဦးမြို့နယ်ဘက်ကို သွားကြတာလည်း ရှိတယ်။ ဒေသခံတွေက အုပ်လိုက်ကို စစ်ရှောင်နေရတာ။ ဒါကို တခါတခါကျရင် အဲဒီလူအုပ်ထဲကို လက်နက်ကြီး ကျလာတွေ ရှိသေးတယ်။ ပြည်သူ တယောက်သေတယ်။ ဒဏ်ရာ ရတဲ့သူတွေလည်း ရှိတယ်။ ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အကူညီတွေ လိုအပ်နေသလို ဆောင်းတွင်းကာလ ရောက်ရှိနေပြီဖြစ်တာကြောင့် အနွေးထည်တွေ၊ ခြုံစောင်တွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
“အခုကတော့ စားရေးသောက်ရေးက တရွာနဲ့တရွာ လှည့်ပတ်ပြီး ကူညီနေရတာ။ စစ်ရှောင်တွေက ဘေးလွတ်ရာ ရွာတွေက အိမ်တွေမှာ ခိုကပ်နေကြသူတွေရှိသလို တချို့ကတော့ ဘုန်းကြီးကျောင်းတွေမှာ နေကြတယ်။ တချို့ကတော့ တောထဲမှာပေါ့။ တောတွေထဲအထိ ထမင်းထုပ်တွေ လိုက်ပို့ရတယ်။ အဲဒီလို ပြည်သူကနေ ပြည်သူချင်း ကူနေရတာ” လို့ စစ်ရှောင်အရေး ဆောင်ရွက်သူက ပြောပါတယ်။
မြန်မာမဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (Institute for strategy and policy Myanmar) ရဲ့ အစီခံစာအရ မြန်မာနိုင်ငံတဝန်းမှာ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက် စုစုပေါင်း ၆ ဒသမ ၆ သန်းအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
အစီရင်ခံစာမှာ ဖော်ပြထားချက်အရ ပြည်တွင်းရှိ စစ်ဘေးရှောင် ၆ ဒသမ ၆ သန်းအနက် ၄၂ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းမှဖြစ်ပြီး အရေအတွက်အားဖြင့် စစ်ဘေးဒုက္ခသည် ၂ ဒသမ ၈ သန်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒုတိယ အများဆုံးမှာ ကရင်ပြည်နယ်ဖြစ်ပြီး စစ်ဘေးဒုက္ခသည် ရှစ်သိန်းကျော်ရှိကာ ရခိုင်ပြည်နယ်ကတော့ တတိယအများဆုံးဖြစ်ကာ အရေအတွက်အားဖြင့် ခြောက်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် စုစုပေါင်း လေးသိန်းကျော်စီ အသီးသီးရှိနေပြီး နိုင်ငံတဝန်း စစ်ဘေးဒုက္ခသည် ၂ ဒသမ ၇ သန်းကျော် တိုးလာခြင်းဖြစ်တယ်လို့ ISP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW