“တိုက်ပွဲရဲ့ သံသရာထဲမှာအများကြီး အလူးအလဲခံနေကြရတာက ပြည်သူတွေဖြစ်တယ်”
နိုဝင်ဘာ-၂၂-၂၀၂၄
KKO(VOM)
လက်ရှိတိုင်းပြည်အတွင်းမှာ ကျယ်ပြန့်စွာဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပြည်တွင်းစစ်ပွဲတွေ အခြေအနေ၊မြန်မာ့နိုင်ငံရေးအလားအလာ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းအရာတွေနဲ့ ပတ်သက်လို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်မှာပထမဦးဆုံးအနေနဲ့ ပါဝင်လက်မှတ်ရေးထိုးထားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ရဲ့ ဥက္ကဌ ဖြစ်သူ ဒေါ်စောမြရာဇာလင်းနဲ့ Voice of Myanmar သတင်းဌာနတို့ တွေ့ဆုံမေးမြန်းခဲ့မှုတွေကို ဖော်ပြပေးလိုက်ရပါတယ်။
မေး။ ။ ဆရာမ မင်္ဂလာပါခင်ဗျာ့။
ဖြေ။ ။ ဟုတ်ကဲ့ မင်္ဂလာပါရှင့်။
မေး။ ။ ပထမဦးဆုံးအနေနဲ့ လက်ရှိတိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေဟာ ဘယ်လိုအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်လာရလဲဆိုတာကို ဆရာမရဲ့သုံးသပ်မှုအမြင်လေးကို ဦးစွာသိလိုပါတယ် ခင်ဗျာ့။
ဖြေ။ ။ ကျွန်မမြင်တာကတော့ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာတိုက်ပွဲပေါင်းမျိုးစုံနဲ့ နေရာဒေသအသီးသီးမှာလက်နက် ကိုင်တော်လှန်ရေးတွေပေါ်ပေါက်လာခဲ့တယ်။ အဲဒီလိုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေပေါ်ပေါက်လာတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင် NCA ဟာပထမဆုံးဖြစ်ပေါ်လာတဲ့အပစ်အခတ်ရပ်စဲရေးစာချုပ်တစ်ခုဖြစ်တာပေါ့။
အရင်က အဲဒီလိုမဖြစ်ခဲ့လို့ဘဲ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကိုမဖြေရှင်းနိုင်ခဲ့သလို လူထုအုံကြွမှုတွေမကြာခဏပေါ်ပေါက်ခဲ့တာရှိတယ်။ဥပမာဆိုလို့ရှိရင်(၈၈)အရေး တော်ပုံတို့ ၂၀၀၇ မှာဆိုလို့ရှိရင်ရွှေ၀ါရောင်လှုပ်ရှားမှုတွေအဲ့လိုဖြစ်တာပေါ့လေ၊ပေါ် ပေါက်ခဲ့တာပေါ့၊ အဲဒီလိုပုံစံမျိုးတွေအများကြီးဖြစ်ခဲ့တယ်။အခုရွေးကောက်ပွဲရဲ့နောက်ပိုင်းမှာလည်းပြည်သူတွေအားလုံးကမကြုံဘူးတဲ့ကိစ္စတွေတိုင်းပြည်မှာအများကြီးပေါ်ပေါက်လာခဲ့တာကတော့အားလုံးသိတဲ့အတိုင်းပဲဖြစ်ပါတယ်။အဲ့ဒါကတော့အကြောင်းအရာပေါင်းများစွာမြန်မာနိုင်မှာရှိခဲ့တယ်လို့ ပြောရမှာပါ။
မေး။ ။ အခုတိုင်းပြည်မှာဖြစ်ပေါ်နေတဲ့လက်ရှိအနေအထားက NCA လမ်းကြောင်းကရော တကယ်ကိုအလုပ်မဖြစ်တော့ဘူးလားဆိုတာကို ဆရာမရဲ့သုံးသပ်မှုကိုလည်းသိလိုပါတယ် ခင်ဗျာ့။
ဖြေ။ ။ပြောခဲ့သလိုပေါ့၊အဲ့ဒီလိုအကြောင်းအရာပေါင်းများစွာရှိခဲ့တဲ့အထဲကပဲဒီရွေးကောက်ပွဲတွေမတိုင်ခင်မှာပေါ့လေ၊၂၀၁၀ ခုနှစ်မှာသမ္မတကြီး ဦးသိန်းစိန်ကတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ စကားပြောမှရတော့မယ် ဆိုပြီးတော့စကားပြောဖို့ ဖိတ်ခေါ်လိုက်တဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း၀မ်းပန်းတသာနဲ့ကြိုဆိုပြီးတော့မှစကားဝိုင်းခုံကိုရောက်ရှိလာခဲ့တယ်။အဲဒီလိုစားပွဲဝိုင်းခုံကိုရောက်လာတဲ့အခါမှာ ကျွန်မတို့အစည်းအဝေးမှတ်တမ်းတွေ အရဆိုရင်ဆွေးနွေးပွဲတွေ များစွာဖြစ်ခဲ့တယ်။ဆွေးနွေးပွဲတွေမှာရလာတဲ့ရလဒ်တွေအရ NCA စာချုပ်ကိုကြိုးပမ်းခဲ့ကြတယ်။NCA စာချုပ်ကြောင့် နောက်ဆုံးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာတယ်။ မြန်မာနိုင်ငံမှာမကြုံဘူးတဲ့ နိုင်ငံရေးဆွေးနွေးပွဲတ ွေပေါ်ပေါက်လာခဲ့တယ်။ဒါဟာဆိုလို့ရှိရင် NCA ကိုအကြောင်း ပြုပြီးတော့မှဖြစ်ပေါ်လာခဲ့တာဖြစ်တယ်။ ၂၀၂၀ ရဲ့ရွေးကောက်ပွဲရဲ့နောက်ပိုင်းမှာတော့စိတ်မကောင်းစွာနဲ့ပဲတိုင်းပြည်မှာ NCA လမ်းကြောင်းကနေပြီးတော့သွေဖယ်သွားတဲ့ပုဂ္ဂိုလ်တွေကသွေဖယ်သွားကြတယ်။NCA ကိုသစ္စာရှိရှိနဲ့ဆက်လက်ပြီးတစိုက်မတ်မတ်လုပ်နေကြတဲ့အဖွဲ့အစည်းတွေလည်းရှိတယ်။အဲ့လိုပုံစံမျိုးနဲ့အသွင်အပြင်နှစ်မျိုးဖြစ်သွားတယ်။အခုဟာကလည်းတိုက်ပွဲတွေရဲ့အခြေအနေကနေရာအနှံ့မှာဖြစ်ပေါ်နေတာရှိတယ်။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်မရဲ့အမြင်ကတော့စကားပြောကြရတော့မှာပေါ့။တိုက်ပွဲတွေဟာအရမ်းကြာရှည်စွာမဖြစ်သင့်လို့လက်ခံထားတယ်။အရမ်းကြီးကြာရှည်စွာမဖြစ်သင့်တော့ဘူး။အခုဆိုလို့ရှိရင် ၂၀၂၀ နောက်ပိုင်းကနေပြီးတော့မှဖြစ်ပေါ်လာတဲ့ အခြေအနေဆိုးတွေကိုအကြောင်းပြုပြီးတော့မှလက်နက်ကိုင်ပဋိပက္ခတွေကလည်းအင်မတန်မှကျယ်ပြန်တဲ့အနေအထားတွေဖြစ်ခဲ့တယ်။ဒါကိုလက်နက်ကိုင်ဆောင်ထားတဲ့အဖွဲ့အစည်းတွေရော နိုင်ငံတော်မှာတာ၀န်ရှိတဲ့သူတွေရောအားလုံးက စကားမပြောလို့ မရဘူးဆိုတဲ့ ခံယူချက်ထားပြီးမှ NCA လမ်း ကြောင်းပေါ်မှာပဲသွားဖို့ဖြစ်ပါတယ်။
မေး။ ။ လက်ရှိအစိုးရပိုင်းကိုတာဝန်ယူထားတဲ့ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က NCA လမ်းကြောင်းအတိုင်းသာဆက်သွားနေတယ်လို့ ပြောကြားထားတာတွေရှိပါတယ်။ အဲ့ဒီအပေါ်မှာဆရာမရဲ့အမြင်ကရော ဘယ်လိုရှိပါသလဲ၊နောက်တချက်က EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း သဘောတူညီမှုတွေထပ်မံရရှိထားတယ်လို့ ပြောပါတယ်။ဒီအပေါ်မှာလည်းပြောကြားပေးစေလိုပါတယ် ဆရာမခင်ဗျာ့။
ဖြေ။ ။ သူက NCA လမ်းကြောင်းအတိုင်းသွားနေတယ်လို့ ပြောကြားတာကို ALP ပါတီ အနေနဲ့ပဲဖြစ်ဖြစ် ကျွန်မအနေနဲ့ပဲဖြစ်ဖြစ် ကိုယ့်လမ်းကြောင်းအတိုင်းလက်မှတ်ထိုးထားတဲ့စာချုပ်အပေါ်မှာတော့ကျွန်မတို့ သစ္စာရှိတယ်။အဲ့လမ်းကြောင်းပေါ်မှာပဲ တစိုက်မတ်မတ်သွားနေတယ်။အခုနိုင်ငံတော်ကိုတာ၀န်ယူနေတဲ့ နစက ဥက္ကဌ အနေနဲ့ ဒီစကားကိုမကြာခဏပြောတာတွေ့ရပါတယ်။NCA လမ်းကြောင်းအတိုင်း သွားမယ်ဆိုတာကိုတွေ့ရပါတယ်။ ဒီစကားကအဆန်းမဟုတ်ဘူးလို့ ကျွန်မမြင်ပါတယ်။ နောက်တချက်က EAO တွေနဲ့သဘောတူညီချက်တွေထပ်ရတယ်ဆိုတာမျိုးကိုပြောပြစရာမျိုးမလိုပါဘူး။ရထားတဲ့ရလဒ်တွေကိုဒီထက်ပိုပြီးလေးနက်တဲ့ရလဒ်တွေကိုရဖို့အရေးကြီးသေးတယ်ဆိုတာပဲအရေးကြီးတယ်လို့ပြောလိုပါတယ်။EAO – ၇ ဖွဲ့ရှိရင် EAO တွေဟာဆွေးနွေးပွဲထိုင်ကြရင်တမျိုး၊ ကိုယ့်ရဲ့အဖွဲ့အစည်းမှာထိုင်ကြရင် တမျိုးဆိုတာမျိုးဖြစ်နေတယ်။ ဒါကြောင့်အားလုံးပါဝင်တဲ့ဆွေးနွေးပွဲတွေကိုလုပ်ကိုလုပ်သင့်တယ်။အချိန်မနှောင်းသင့်တော့ဘူးလို့ထင်တယ်။ဒါကကျွန်မရဲ့အမြင်ကို ကျွန်မပြောတာပါ။
မေး။ ။ ဒီလိုစားပွဲဝိုင်းတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းတွေကိုပြန်ရောက်ဖို့ အခြေခံအကြောင်းတရားကရော ဘာဖြစ်နိုင်မယ်လို့ ထင်ပါသလဲ ဆရာမ။
ဖြေ။ ။ ဒါကပြောဖို့ခက်ပါတယ်။ဒီတိုင်းပြည်ရဲ့အခြေအနေကထွက်ပေါက်မရှာလို့မရကိုမရတော့ပါဘူး။အဲဒါကိုတိုက်ချည်းပဲတိုက်နေလို့မရတော့ဘူး။ဒီလိုပဲကျွန်မတို့ပြောချင်တာပေါ့။အဲဒါကြောင့်မို့အခု ရှမ်းမြောက်ရဲ့အခြေအနေကိုလည်းအကဲဖြတ်နေရတယ်ဆိုတော့ တိုက်ပွဲရဲ့ သံသရာထဲမှာအများကြီး အလူးအလဲခံနေကြရတာက ပြည်သူတွေဖြစ်တယ်။တိုက်ပွဲထဲမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေကသင်တန်းဆင်းထားတာလဲပါနိုင်သလို သူတို့ကပြေးလို့ရတယ်၊ရှောင်လို့ရတယ်။တကယ်က ပြည်သူတွေအထဲမှာဆိုရင်ပြေးဖို့မတတ်တဲ့သူတွေ ကိုယ်၀န်သည်တွေ ကလေးအမေမျိုးစုံရှိတယ်။အဲဒီထဲက တိုက်ပွဲတွေကြောင့်တအားဒုက္ခရောက်ကြတာရှိတယ်။တိုက်ပွဲနေရာတွေမှာဆိုရင်ပြည်သူတွေငတ်မွတ်ခေါင်ပါးမှုတွေအများကြီး၊အများကြီးဖြစ်နေကြတယ်။အဲ့လိုမျိုးလူတွေကိုရေရှည်ထားလို့မဖြစ်ဘူးဆိုတာမျိုးကတချက်ပေါ့နော်၊နောက်တခုကအစိုးရဘက်က ဒီဆက်စပ်ပြီးတော့ ဒုက္ခရောက်နေတဲ့သူတွေကိုကူညီဖို့နည်း လမ်းမျိုးစုံနဲ့ကြိုးပမ်းနေကြတာကိုတွေ့ရပါတယ်။နေရာဒေသအသီးသီးမှာတိုက်တဲ့သူတွေကကိုယ့်နည်းကိုယ့်ဟန်နဲ့ကြိုးစားနေကြတာရှိပါတယ်။ဒါပေမဲ့ အဲဒီလိုကြိုးပမ်းနေခြင်းကို တစစီ၊တစစီ ကိုယ်နိုင်ရာဘက်ကကြိုးပမ်းနေရတာပေါ့နော်၊စားပွဲ၀ိုင်းမှာအတူတကွကြိုးပမ်းနေရတဲ့ပုံစံမျိုးမဟုတ်သေးဘူး။အဲ့ဒါကြောင့်ကျွန်မပြောချင်တာကတော့ဒီစားပွဲ၀ိုင်းကိုအားလုံးရောက်နိုင်ဖို့အတွက်အမြန်ဆုံးပံ့ပိုးပေးမယ်၊ကြိုးပမ်းပေးမယ်။အားလုံးစားပွဲ၀ိုင်းမှာရောက်လာခဲ့တဲ့အကျိုးရလဒ်တွေကအများကြီးရှိခဲ့တယ်။
NCA ကိုလက်မှတ်မရေးထိုးခင်ကာလအထိပြန်ပြောချင်တယ်။အဲဒီ ကာလက ၂၀၁၀ ခုနှစ်မှာ NCA စာချုပ်ကိုစတင်မရေးဆွဲခင်ကာလထဲကတိုက်ပွဲက သိသိသာသာကိုလျော့သွားတယ်။ အဲ့ဒါကိုကျွန်မပြောချင်တယ်၊မှတ် တမ်းတခုမှတ်မှတ်သားသားရှိနေတယ်။ NCA စာချုပ်ချုပ်ဆိုတဲ့နေ့ (၄)နာရီအတွင်းမှာတပ်စခန်းအသီးသီးကိုနှစ်ဖက်စလုံးကအ ကြောင်းကြားရတယ်။မတိုက်ကြနဲ့တော့အားလုံးရပ်ရမယ်ဆိုပြီးထုတ်ပြန်ခဲ့ရတာရှိတယ်။ဟိုတဖက်ကလည်းတိုင်းရင်းသားလက်နက်ကိုင်တွေဟာအကြမ်းဖက်အဖွဲ့
တွေမဟုတ်ဘူးဆိုတာကိုအစိုးရကကြေညာပေးခဲ့ရတာရှိတယ်။ပယ်ဖျက်ပေးခဲ့ရတာရှိတယ်။ဒါက NCA ရဲ့အကျိုးရလဒ်တွေဖြစ်တယ်ဆိုတာမျိုးကိုကျွန်မကထောက်ပြချင်ပါတယ်။အဲ့ဒါကြောင့်မို့လို့ကျွန်မတို့သည်ဆွေးနွေးပွဲကိုဘယ်လိုရောက်ကြရမှာလဲဆိုတာကအဓိကကျတယ်။စစ်ဖြစ်နေလို့တိုက်ပွဲဖြစ်နေလို့တိုင်းပြည်ကသာယာတယ်ဆိုတာမရှိဘူး။တိုင်းပြည်ရဲ့မသာယာမှုတွေကိုကျွန်မတို့အလေးထားရမှာအဓိကတိုက်ပွဲဖြစ်နေလို့တိုင်းပြည်ကသာယာတယ်ဆိုတာမရှိပါဘူး။တိုင်းပြည်ရဲ့မသာယာမှုတွေကိုအလေးထားရမှာအရေးကြီးပါတယ်။ပြည်သူတွေကိုအလေးထားရမှာအရေးကြီးပါတယ်။
မေး။ ။ ဒီလိုပြည်တွင်းစစ်ပွဲတွေ လက်နက်ကိုင်ပဋိပက္ခတွေတိုးပွားလာစေခဲ့တဲ့ အကြောင်းတရားကရောဘာများဖြစ်မလဲ ဆရာမ ခင်ဗျာ့။
ဖြေ။ ။ ကြွအောင်ဆွပေးနေသူတွေကဖေ့ဘွတ်စ်ပေါ်မှာအများကြီးရှိတယ်။တိုက်ပွဲကဖေ့ဘွတ်စ်မှာအများကြီးဖြစ်နေတယ်။မသိနားမလည်တဲ့သူတွေကအများကြီးအားပေးနေကြတာရှိတယ်။ဒါဟာအဖြေမဟုတ်ဘူး၊ရလဒ်မဟုတ်ဘူး။ဒါကိုအသိတရားနဲ့ယှဥ်ဖို့အများကြီးလိုပါတယ်။
ဒါကရလဒ်မဟုတ်ဘူးဆိုတာကိုအသိတရားနဲ့ဆင်ခြင်ပြီးတော့မှတိုက်ပွဲတွေရပ်စဲလာဖို့ကိုအဓိကကြိုးပမ်းလုပ်ကိုင်သွားကြဖို့လိုပါတယ်။ဒါကကျွန်မတို့ရဲ့အမြင်ဖြစ်သလိုခံယူထားတဲ့ခံယူချက်လည်းဖြစ်ပါတယ်။
မေး။ ။ နောက်တစ်ချက်က NCA စာချုပ်ကိုပျက်ပြယ်သွားကြပြီလို့ ပြောနေကြတာတွေရှိပါတယ်။NCA စာချုပ်ဟာ တကယ်ပဲပျက်ပြယ်သွားပြီလားဆိုတာကို အဲဒီအပေါ်မှာရော ဆရာမသုံးသပ်ပေးပါအုံး ခင်ဗျာ့။
ဖြေ။ ။ EAO တွေအားလုံးက NCA လမ်းကြောင်းပေါ်ကိုပဲသွားဖို့ရည်မှန်းထားတာဖြစ်ပါတယ်။ ဒါကပယ်ဖျက်လို့မရတော့ဘူးပေါ့နော်။NCA လက်မှတ်ရေးထိုးထားကြတဲ့အဖွဲ့ထဲမှာဆိုရင် (၇)ဖွဲ့ကျန်နေသေးတယ်။ (၇)ဖွဲ့အပြင် တသီးပုဂ္ဂလကလည်း အဲ့လိုသွားရမယ်ဆိုတာအမြင်ရှိနေကြသေးတယ်။တချို့သောကပုဂ္ဂိုလ်တွေကတော့ NCA ဟာပျက်ပြယ်သွားပြီလို့ပြောကြတယ်။ကျွန်မ တစ်ယောက်ထဲအမြင်နဲ့ပြောရရင် NCA ပျက် ပြယ်သွားပြီဆိုတာကိုလက်မခံပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင် NCA စာချုပ်ကမြန်မာ နိုင်ငံမှာအရင်လည်းမပေါ်ပေါက်သေးသလို နောက်ထပ်ဖြစ်ပေါ်လာဖို့ဆိုတာကလည်းကြာအုံးမှာပါ။အဲ့ဒါကြောင့်မို့ NCA စာချုပ်ကမပျက်ပြယ်သေးဘူး။အားနည်းချက်ရှိနိုင်တယ်ဆိုတာကိုအဲ့ NCA မှာပါ၀င်လက် မှတ်ထိုးထားကြတဲ့ပုဂ္ဂိုလ်များသည်ဆွေးနွေးပွဲတွေနဲ့အတူပြုပြင်လို့ရတယ်ဆိုတဲ့အချက်တွေပေါ့၊စာထဲမှာပါတဲ့အချက်တွေရှိပါတယ်။အဲ့ဒါတွေကိုလည်းပြိုင်ဆွဲထားပြီးတော့မှ NCA မှာအားနည်းချက်ရှိရင်လည်းရှိတယ်ပေါ့။ NCA မှာပါ၀င်လက်မှတ်ထိုးကြတဲ့ပုဂ္ဂိုလ်များသည်ဆွေးနွေးပွဲတွေနဲ့အတူပြုပြင်ဖာထေးလို့ရတယ်ဆိုတာနဲ့စာထဲမှာပါတဲ့အချက်တွေချည်းပါပဲ။အဲ့ဒါတွေကိုလည်းပြိုင်ဆွဲထားပြီး NCA မှာအားနည်းချက်ရှိတယ်ဆိုရင်လည်း ရှိခဲ့တယ်ပေါ့။နောက်ပြီးလို့ရှိရင်မြန်မာပြည်မှာတိုက်ပွဲတွေဖြစ်နေလို့မသင့်တော်တော့ဘူးဆိုတာကိုကျွန်မကအလေးထားပြီးပြောချင်ပါတယ်။မဟုတ်ဘူးဆိုလို့ရှိရင်လည်းဘယ်လိုဆွေးနွေးပွဲမျိုးကိုလိုချင်ကြတာလည်းဆိုတာကိုလည်းတည့်တည့်ပြောရမယ့်အနေအထားကိုရောက်နေပြီလို့ပဲ ပြောချင်ပါတယ်။
မေး။ ။ နစကဥက္ကဌရဲ့ တရုတ်ပြည်ခရီးစဉ်နောက်ပိုင်းမှာ ပြည်တွင်းမှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေလျော့ကျသွားမယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ဒါကတကယ်ပဲလျော့ကျသွားနိုင်သလား၊နစက ဥက္ကဌရဲ့ တရုတ်ပြည်ခရီးအပေါ် ဆရာမ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ နိုင်ငံတာ၀န်ကိုယူနေကြတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ကတော့ကိုယ့်မှာရည်မှန်းထားတဲ့လုပ်ငန်းတွေအောင်မြင်လာဖို့ဆိုရင်ကြိုးစားဖို့ကသူ့တာ၀န်ဖြစ်တယ်။သူရဲ့လုပ်ပိုင်ခွင့်ဖြစ်တယ်။သူရဲ့အမြင်နဲ့သူသွားတာကို ကျွန်မတို့ကအပြစ်ပြောလို့မရသလို၊ကျွန်မတို့ကကောင်းပါတယ်မှန်ပါတယ်လို့အပြစ်ပြောဖို့ခက်ပါတယ်။သွားတယ်ဆိုတာသည်နိုင်ငံရဲ့အကြပ်အတည်းကိုထွက်ပေါက်ရှာဖို့ဖြစ်တဲ့အတွက်ထွက်ပေါက်ရှာဖို့သွားတာဖြစ်တယ်လို့ပဲယူဆပါတယ်။အဲ့အပေါ်မှာကျွန်မကကောင်းပါတယ်၊မှန်ပါတယ်ဆိုတာကိုတထစ်ချပြောလို့တော့မရတော့ပါဘူး။
မေး။ ။ နောက်ဆုံး အနေနဲ့ ဆရာမရဲ့ဖြည့်စွက်သုံးသပ်ပြောကြားမှုတွေကိုလည်း သိလိုပါတယ် ခင်ဗျာ့။
ဖြေ။ ။ မဆွေးနွေးဘဲနဲ့တော့ဒီလိုတိုက်ချည်းပဲတိုက်နေကြတော့မှာလား။အဲဒီတော့ မြှောက်ပေးတဲ့သူတွေကစစ်မြေပြင်မှာရှိတာမဟုတ်ဘူး။တိုက်နေတဲ့သူတွေကစစ်မြေပြင်မှာရှိတယ်။ပြည်သူတွေကစစ်မြေပြင်မှာရှိတယ်။အဲ့ဒါကြောင့်နိုင်ငံရေးမျက်နှာနဲ့ပြည်သူမျက်နှာကိုကြည့်ဖို့လိုအပ်နေပြီဆိုတာကိုကျွန်မကအလေးထားပြောချင်ပါတယ်။
Related posts
-
မဏ္ဍပ်၊ ကရဝိက်ဖောင် နှင့် ဖလားစုံ ကွမ်းအစ်
ဆူးငှက် ကျွန်တော် ငယ်စဉ်ကတည်းက အဖေနှင့် လိုက်ကာ ဆိုင်းတွေ... -
သည်းခေါင် ကြွေလုပန်း
ဆူးငှက် ရွက်ကြွေ… မိုးစက်… မြေသက်နှင်းပန်း ... -
ပွဲဈေးတန်းနှင့် ဆိတ်ပုဆိုးကြမ်းဟင်း
ဆူးငှက် သီတင်းကျွတ်လဆန်းကစခဲ့တဲ့ ဘုရားပွဲတွေနှင့်အတူ တန်ဆောင်မုန်းလမှာလည်း ကထိန်ပွဲတွေရှိတယ်။ ကထိန်တွေဆို တာကလည်း မန္တလေးမှာက...