ဘရပ်ဆဲလ်၊ ဒီဇင်ဘာ-၁၃-၂၀၂၄
မျိုးဆက်(VOM)
နေတိုးမဟာမိတ် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရုရှားနဲ့ အနာဂတ်ပဋိပက္ခဖြစ်မယ့် အန္တရာယ်အတွက် လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုမရှိသေးကြောင်း နေတိုးအဖွဲ့အကြီးအကဲ မာ့ရူတီက သတိပေးပြောကြားလိုက်ပါတယ်။
စစ်အတွင်း အတွေးအခေါ်ပြောင်းလဲရမယ့် အချိန်ဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ရုရှားဟာ ယူကရိန်း၊ မိမိတို့နဲ့အတူ ကာလရှည်ကြာ ထိပ်တိုက်ပဋိပက္ခအတွက် ပြင်ဆင်နေပြီး လက်ရှိလုံခြုံရေးအခြေအနေဟာ သူ့သက်တမ်းမှာ အဆိုးရွားဆုံးဖြစ်တယ်လို့ နေတိုးအကြီးအကဲက ပြောပါတယ်။
လေးနှစ်ကနေ ငါးနှစ်အတွင်း ဖြစ်လာမယ့်အရာတွေအတွက် မိမိတို့အဆင်သင့်ဖြစ်မနေသေးကြောင်း၊ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်တွေ မြှင့်တင်ကြဖို့ အောက်တိုဘာလမှ နေတိုးအကြီးအကဲဖြစ်လာပြီးနောက် ပထမဆုံးမိန့်ခွန်းမှာသူက တိုက်တွန်းထားပါတယ်။
ကာကွယ်ရေးအသုံးစရိတ် လုံလောက်အောင်မသုံးတဲ့အဖွဲ့ဝင်နိုင်ငံတွေကို အမေရိကန်က မကာကွယ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားတဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် ရာထူးမထမ်းဆောင်မီ နေတိုးအကြီးအကဲရဲ့ သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ၂၀၂၄ ခုနှစ်မှာ တနှစ်ကို ကာကွယ်ရေးအသုံးစရိတ်အတွက် ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းသုံးစွဲမယ်လို့ ကတိပြုထားပါတယ်။ ဒါပေမယ့်လည်း ရုတ်တရက်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကြောင့် နောက်ထပ် လိုအပ်လာလိမ့်မယ်လို့ နေတိုးအကြီးအကဲက သတိပေးထားပါတယ်။
Ref:BBC
Photo:Reuters
ရုရှားနဲ့ အနာဂတ်ပဋိပက္ခအတွက် လုံလောက်တဲ့ပြင်ဆင်မှု မရှိသေးကြောင်း နေတိုးအကြီးအကဲ သတိပေး
![](https://voiceofmyanmarnews.com/wp-content/uploads/2024/12/Nato.jpg)