ဒီဇင်ဘာ ၂၇ – ၂ဝ၂၄
KKO(VOM)
ဂွမြို့နယ် တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းအတွင်းသို့ ရခိုင်စစ်ဘေးရှောင်လာသူတွေ အများအပြားရှိနေပြီးအကူအညီတွေလိုအပ်နေတယ်လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ ထံကနေ သိရပါတယ်။
အဲဒီလို ဧရာဝတီတိုင်းအတွင်းသို့ စစ်ဘေးရှောင်လာတဲ့သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လက်ရှိမှာ စိစစ်မှုတွေနဲ့ ပြန်လည်ရွှေ့ပြောင်းခိုင်းမှုတွေလည်းရှိနေတယ်လို့ အဲဒီစစ်ဘေးရှောင်ကူညီရေးအဖွဲ့က ပြောပါတယ်။
လက်ရှိမှာ ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ခွေးတောက်ကွက်သစ်အုပ်စု၊ကုန်းပြင်အနီးဝန်းကျင်နဲ့ တခြားဧရာဝတီတိုင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာနေထိုင်ကြတဲ့ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေကိုအတင်း ရွှေ့ပြောင်းကြဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖိအားပေးဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ဆိုပါတယ်။
ဒါအပြင် ယခုလက်ရှိဖြစ်ပွားနေတဲ့ရခိုင်ပြည် နယ်၊ဂွမြို့နယ်အတွင်းက တိုက်ပွဲတွေဟာ ဧရာဝတီတိုင်းအထိ ကူးစက်ဖြစ်ပွားလာမှာကို ဧရာဝတီတိုင်းဒေသခံတွေစိုးရိမ်နေကြတာပါ။ ယနေ့အချိန်အထိ အဲဒီ ရခိုင်၊ဧရာဝတီအစပ်ဒေသတလျှောက်မှာ ယနေ့အထိ တိုက်ပွဲတွေပြင်း ထန်စွာဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားမှုတွေအရ သိရပါတယ်။
ဂွမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် မြေမြှုပ်မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရသူ ပြည်သူ(၅)ယောက်နဲ့ သေဆုံးသူ ပြည်သူ(၁)ယောက်အထိရှိလာခဲ့ပြီဖြစ်တယ်လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
“လက်နက်ကြီးသံတွေက ဒီဘက်တွေအထိတောင်ကြားနေရတယ်။နေ့ရော၊ညရောပဲကြားနေရတယ်။မနေ့ညကဆို လက်နက်ကြီးအသံတွေ ၅ ခါလောက်ကြားရတယ်။ အိပ်လို့တောင်မပျော်ဘူး။ စိုးရိမ်စိတ်နဲ့ပဲ အိပ်မရဘူး။ အသံတွေကအကျယ်ကြီးပဲ၊ဒီလိုပဲ ဘာတွေဖြစ်လာအုံးမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ပဲ ဒေသခံ တွေကနေနေကြရတယ်။ဒီနေ့ မနက်အထိလည်းအခြေအနေမကောင်းပါဘူး”လို့ ရခိုင်နဲ့ ဧရာဝတီ တိုင်းအစပ်က ကျေးရွာတခုမှာနေထိုင်တဲ့ ပြည်သူတယောက်က VOM ကို ပြေပြပါတယ်။
ဂွမြို့နယ်အတွင်းမှာတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို ဂွနဲ့ နီးကပ်တဲ့ ဧရာဝတီတိုင်းအစပ်က ငါးသိုင်းကျောင်းမြို့နားအစပ်နားအထိပါ တိုက်ပွဲတွေ ကျယ်ပြန့်စွာဖြစ်ပွားနေတာကြောင့် ဧရာဝတီ တိုင်းဒေသခံတွေက တိုက်ပွဲတွေကူးစက်လာမှာကိုစိုးရိမ်နေကြတာဖြစ်တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
“မနက်ကလည်းရွာထဲမှာ စစ်သားတွေလှည့်နေတာတွေ့တယ်။စစ်သားတွေရောက်လာကြတယ်။အရင်က ဒီဘက်တွေမှာတခါမှအဲ့လို မတွေ့ဘူးဘူး။အခုက အခြေအနေတွေက ဘာမှန်းမသိလို့ ဘယ်မှလည်းမသွားရဲကြဘူး။ကျောင်းကုန်းဈေးတောင်ပိတ်မယ်လို့ ကြားနေရတယ်။တချို့ဆိုတွေဆို မဖွင့်ကြတော့ဘူး။ပိတ်ထားကြတယ်။ငါးသိုင်းချောင်းပြီးရင် ရေကြည်၊အသုပ်နဲ့ ကျောင်းကုန်းက တဆက်တည်းလေ”လို့ ကျောင်းကုန်းမြို့နယ်အတွင်းက ဒေသခံတယောက်က VOM ကို ပြောပါတယ်။
လတ်တလောကာလမှာ AA က အမ်းကိုသိမ်းယူပြီးနောက် ဂွမြို့ကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး လက်ရှိအချိန်အထိ ဂွမြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်နေသလို ဆက်သွယ်ရေးဖုန်းလိုင်းတွေလည်းပြတ်တောက်နေတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။
ဒါအပြင် လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဟာ ဧရာဝတီတိုင်းနယ်စပ်စည်းနားအထိ နီးကပ်လာနေပြီး ရခိုင်နဲ့ ဧရာဝတီနယ်စပ်တကြောမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို နှစ်ဖက်တပ်တွေရဲ့စစ်ရေးအခြေအနေတွေဟာလည်း တင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြမှုတွေအရ သိရပါတယ်။
ဒေသတွင်းတိုက်ပွဲတွေကြောင့် လက်ရှိ ဂွမြို့နယ်အတွင်းနဲ့ ဧရာဝတီတိုင်းအတွင်းမှာစစ်ဘေးရှောင်ပြည်သူအများ အပြားရှိနေပြီး စားနပ်ရိက္ခာအတွက်အကူ အညီတွေများစွာလိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းနယ်စပ်တလျှောက်မှာ နစက ဘက်က တပ်အင်အားတွေများပြားစွာဖြည့် တင်းလာတာကိုလည်းတွေ့ရတယ်လို့ ဒေသတွင်းသတင်းတွေနဲ့ နယ်မြေ ဒေသခံတွေရဲ့ ပြောပြမှုတွေအရ သိရှိရပါတယ်။
Related posts
-
ဒေါ်နယ်ထရန့် ကျမ်းကျိန်ပြီးနာရီပိုင်းအကြာ ပူတင်နဲ့ ရှီကျင်းပင်တို့ဆွေးနွေးပြီး ရုရှား-တရုတ်ဆက်ဆံရေး တိုးမြှင့်ဖို့ ကတိပြု
ပေကျင်း၊ ဇန်နဝါရီ-၂၂-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့်ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီပိုင်းအကြာမှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ရုရှားသမ္မတ... -
ချောင်းသာနဲ့ငွေဆောင်က ဒေသခံတွေ စစ်ရှောင်မှုတွေရှိနေ၊ ကမ်းခြေဟိုတယ်တွေ မပိတ်ပေမယ့် ခရီးသွားမရှိသလောက် နည်းပါး
ဇန်နဝါရီ ၂၂ – ၂၀၂၅ KKO(VOM) ချောင်းသာကမ်းခြေက ဟိုတယ်တွေကိုဆက်လက်ဖွင့်လှစ်ထားပေမယ့် ရွှေသောင်ယံတကြောက တိုက်ပွဲတွေကြောင့်လက်ရှိကာလ... -
နစက နဲ့ MNDAA တပ်ဖွဲ့တို့အကြား အပစ်အခတ် ရပ်စဲပြီလို့ တရုတ်ထုတ်ပြန်ပြီးနောက် ဒေသခံတွေရဲ့ သဘောထားအမြင်
ဇန်နဝါရီ ၂၂၊ ၂၀၂၅ Shy V (VOM) နစက တပ်ဖွဲ့နဲ့ MNDAA...