ဝါရှင်တန်၊ ဇန်နဝါရီ-၁၅-၂၀၂၅
ရတီ(VOM)
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ရာထူးကနေ မဆင်ခင်ရက်ပိုင်းအလိုမှာ ကျူးဘားကို အကြမ်းဖက်အားပေးနိုင်ငံစာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ကျူးဘားအစိုးရကလည်း အနာဂတ်မှာ နိုင်ငံတကာအကြမ်းဖက်မှုလုပ်ရပ်တွေကို ပံ့ပိုးပေးမှာမဟုတ်ဘူးလို့ အာမခံချက်ပေးထားတယ်လို့ ဂျိုးဘိုင်ဒင်ကဆိုပါတယ်။ သူဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကွန်ဂရက်ကို မနေ့က အသိပေးခဲ့တာဖြစ်ပါတယ်။
ကျုးဘားကတော့ ဒီဆုံးဖြတ်အပေါ် ကြိုဆိုလိုက်ပြီး ထုတ်ပြန်ပြီးနောက် များမကြာခင်မှာပဲ ရာဇဝတ်မှုအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အကျဉ်းသား ၅၅၃ ယောက်ကို ပြန်လွှတ်ပေးမယ်လို့ ကြေညာပါတယ်။
ပြန်လွှတ်ပေးမယ့်သူတွေထဲမှာ လွန်ခဲ့တဲ့လေးနှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေလည်း ပါဝင်လာဖွယ်ရှိပါတယ်။ ၂၀၁၅ ခုနှစ် သမ္မတဟောင်း အိုဘားမားလက်ထက်မှာ ကျူးဘားကို အကြမ်းဖက်အားပေးနိုင်ငံစာရင်းမှ ပယ်ဖျက်ပေးခဲ့ပြီး ၅၄ နှစ်ကြာ သံတမန်ဆက်ဆံရေး ပြတ်တောက်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ် ဒေါ်နယ်ထရန့် အမေရိကန်အစိုးရလက်ထက် နောက်ဆုံးကာလတွေမှာ အမေရိကန်ဟာ ကျူးဘားကို အကြမ်းဖက်အားပေးနိုင်ငံအဖြစ် စာရင်းသွင်းသတ်မှတ်ခဲ့ပါတယ်။
အဲဒီနောက် ကျူးဘားကို စီးပွားရေးအရေယူပိတ်ဆို့မှုချမှတ်ခဲ့သလို အမေရိကန်ရဲ့ အကူအညီတွေနဲ့ လက်နက်တင်ပို့မှုတွေကိုလည်း တားမြစ်ခဲ့ပါတယ်။ လက်ရှိအမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ ကန့်သတ်ချက်တွေရှိနေပေမယ့် လမ်းကြောင်းမှန်ပေါ်ရောက်နေကြောင်း ကျူးဘားအစိုးရက ပြောပါတယ်။
ကျူးဘားရဲ့ စီးပွားရေးကို ဆိုးရွားစွာထိခိုက်ပျက်စီးစေပြီး ပြည်သူများအပေါ် ပြင်းထန်တဲ့ ဆိုးကျိုးများသက်ရောက်နေတဲ့ အကြပ်ကိုင်ဆောင်ရွက်မှုတွေကို ဒီဆုံးဖြတ်ချက်က အဆုံးသတ်စေတယ်လို့ ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:Getty Images
ကျူးဘားကို အကြမ်းဖက်အားပေးနိုင်ငံအဖြစ်ကနေ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပျယ်ဖျက်
