ဇန်နဝါရီ ၁၅ – ၂၀၂၅
SN (VOM)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာက ကျောက်စိမ်းတွင်းဟောင်း နွံပေါက်ကျမှုဖြစ်စဉ်မှာ မနေ့ ဇန်နဝါရီ ၁၄ ရက်၊ ညနေပိုင်းအထိ ရုပ်အလောင်း ၂၀ ကျော်ကို ရှာဖွေတွေ့ရှိထားတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
မနေ့ မနက် ၉ နာရီဝန်းကျင်မှ စတင်ကာ ရွံ့နွံတွေ ဖုံးအုပ်သွားတဲ့ နေရာတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ရုပ်အလောင်း ၂၁ လောင်း ရှာဖွေတွေ့ရှိထားကာ အဲဒီ ရုပ်အလောင်းတွေထဲမှာ အသက် ၁၀ နှစ်အောက် ကလေးငယ် လေးယောက်ခန့် ပါဝင်တယ်လို့ သိရပါတယ်။
“လက်ရှိအချိန်အထိ တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေ အကုန်လုံးကို မနေ့က မီးသင်္ဂြိုဟ်ပြီးပါပြီ။ ကလေးတွေလည်း ပါနေတော့ အတော်ကို စိတ်မကောင်းစရာပါပဲ။ ကျွန်တော်တို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်။ နွံအောက်မှာ လူတွေ ကျန်နေနိုင်သေးတယ်။ ဒီနေရာမှာ စီးပွားရေး လုပ်ငန်းရှင်တွေကို ကျွန်တော်ပြောချင်တာက စီးပွားရေးလုပ်တာလည်း လုပ်ပေါ့နော်။ ဒါပေမယ့် လူတွေရဲ့ အသက်အန္တရာယ်ကိုလည်း ထည့်ပြီး ငဲ့ကွက် စဉ်းစားပေးစေချင်တယ်” လို့ ကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ ပါဝင်သူတယောက်က ပြောပါတယ်။
နွံကန်ပြိုကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေထဲမှာ စပေါ့ကျေးရွာက ဒေသခံတွေနဲ့ ရေမဆေးကျောက် တူးဖော်တဲ့သူတွေ အများစုဖြစ်ကာ ကယ်ဆယ်ရေးသမားတွေထံ ပျောက်ဆုံးနေကြောင်း စာရင်းပေးထားသူ ၁၅ ယောက်ခန့် ရှာဖွေဖို့ ကျန်ရှိနေသေးပြီး စာရင်းမပေးဘဲ ပျောက်ဆုံးနေသူ အများအပြားလည်း ရှိနေနိုင်သေးတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်၊ မနက် ၁ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ စပေါ့ကျေးရွာက လူနေအိမ် ၅၇ လုံးခန့်လည်း နွံထဲ နစ်မြုပ်နေပြီး တချို့အိမ်တွေကတော့ အိမ်ခေါင်ထိတဲ့အထိ နွံဖုံးလွှမ်းသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဖားကန့်မှာ အခုလို ဖြစ်စဥ်တွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း မှော်စီစာကျေးရွာ၊ အောင်သာယာရပ်ကွက်ရှိ ဒေသအခေါ် တင်အောင်ကြိုင်မြေစာပုံ ပြိုကျခဲ့မှုကြောင့် မြေစာသွန်တဲ့ ကားနှစ်စီးနဲ့ ကျောက်ရှာဖွေသူ ၁၀ ယောက်ထက်မနည်း ရေကန်အတွင်း ပြုတ်ကျ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီလိုပဲ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနမှော်က ကျောက်စိမ်းတူးတဲ့ လုပ်ကွက်ဟောင်းမှာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ အယောက် ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။
ဒါအပြင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှာလည်း ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော် နွံနစ်သေဆုံးခဲ့ပြီး အသေအပျောက် အများဆုံး ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ – မှော်မင်းသား