ရွှေစက်တော် ဘုရားပွဲမတိုင်ခင်ကတည်းက လုံခြုံရေးတိုးမြှင့်ချထားတယ်လို့သိရ

ဇန်နဝါရီ ၁၅ -၂၀၂၅
GG (VOM)
ရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီး လုံခြုံရေးအနေနဲ့ အခုကတည်းကရွှေစက်တော်ပတ်ဝန်းကျင်တဝိုက်မှာ လုံခြုံရေးအပြည့်အဝချထားတယ်လို့ မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ဆီကသိရပါတယ်။
ရွေစက်တော်ဘုရားပွဲမှာ ချထားတဲ့လုံခြုံရေးအင်အားနဲ့ပတ်သက်လို့အသေးစိတ်မပြောနိုင်ပေမယ့် မနှစ်ကပွဲတော်ကာလမှာထားရှိတဲ့လုံခြုံရေးထက် ပိုပြီးတိုးမြှင့်ချထားတယ်လို့ ဆိုပါတယ်။
“တချို့လုံခြုံရေးကိစ္စတွေကြတော့လျို့ဝှက်လုပ်ရတာကျ ကျွန်တော်တို့လည်း မေးလို့စမ်းလို့မရတာတွေရှိတယ်။ဒါပေမယ့် လုံခြုံရေးတိုးမြှင့်ချထားတဲ့အခြေအနေလို့ပြောလို့ရပါတယ်။မနှစ်ကနဲ့မတူတာက ခုနှစ်မှာပွဲတော်မစခင်ကတည်းကလုံခြုံရေးကိုတိုးမြှင့်ချထားတယ်။
ရွှေစက်တော်သွားတဲ့လမ်းမှာလုံခြုံရေးရှိတယ်။ရွှေစက်တော်မှာလည်းလုံခြုံရေးချထားတယ်။ရွှေစက်တော်ပတ်လည်မှာလည်းလုံခြုံရေးတွေချထားတယ်။” လို့ ဂေါပကဥက္ကဋ္ဌမှ VOM ကိုပြောပါတယ်။
လက်ရှိမှာ ရွှေစက်တော် ဘုရားအနီးမှာလည်း တိုက်ပွဲတွေ၊ပစ်ခတ်မှုတွေ ဖြစ်ပွားခြင်းမရှိတဲ့အပြင် အခုကတည်းကပင် နယ်ဝေးဘုရားဖူးသူတွေလာရောက်မှုရှိနေတယ်လို့ဆိုပါတယ်။
“ဘုရားနယ်မြေမှာတော့အေးအေးချမ်းချမ်းပါပဲ။တည်းခိုခန်းတွေလည်းဆောက်နေပါပြီလိုင်းပေါ်မှာပြောနေတဲ့ ဘယ်ရွာမှာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာရွှေစက်တော်နဲ့နည်းနည်းလှမ်းပါတယ်။အနီးဆိုတာမဟုတ်ပါဘူး။ဒါပေမယ့်ရွှေစက်တော်သွားရင်တော့ဒီရွာတွေတော့ဖြတ်ရတာမျိုးရှိတာပေါ့။ မြေပြင်အနေအထားကတော့
ရွှေစက်တော်မုခ်ဦးနားမှာလုံခြုံရေးအမြဲရှိပါတယ်။။လူတွေလည်းသွားနေကြပါတယ်။လိုင်းပေါ်မှာတော့ကောလဟာလတွေပျံ့နေတာ။လက်တွေ့မြေပြင်အခြေအနေမှာတော့အေးဆေးပါပဲ။ရွှေစက်တော်ကိုသွားလို့လာလို့ရနေပါပြီ။”လို့သူကထပ်မံပြောပါတယ်။
ရွှေစက်တော်ဘုရားပွဲလာရောက်မယ့်ခရီးသွားဧည့်သည်တွေအပါအဝင် ဘုရားပွဲတော်ကာလအတွက် လုံခြုံရေး ကိုတိုးမြှင့်ချထားတဲ့အပြင် မြေပြင်လည်းတိုက်ပွဲဖြစ်တာတွေမရှိတာကြောင့် ခရီးသွားဧည့်သည်တွေ လာရောက်နိုင်ကြောင်းပြောဆိုပါတယ်။
ဒါပေမယ့် နယ်မြေခံ မင်းဘူးခရိုင် အမှတ် ၆ PDF အဖွဲ့က မင်းဘူးမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာလမ်းပိုင်း၊ လက်ပံတော-အိုင်းမ-ကိုင်းမကြီးလမ်းပိုင်းကို အသုံးမပြုဖို့နဲ့ရွှေစက်တော်ဘုရားအနီးသွားလာခြင်းမပြုဖို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
” ရွှေစက်တော်ကိုသွားဖို့ ရည်ရွယ်လိုက်ကတည်းကမရောက်ဖြစ်တာပဲ။ခုနှစ်တော့သွားမယ်ဆိုပြီးတွေးထားတာ ခုနှစ်လည်းမသေချာပြန်ဘူး။အဲဒီဘက်မှာတိုက်ပွဲတွေမကြာခဏဖြစ်တယ်ဆိုတာတွေ့နေရတယ်။pdf တွေကလည်း မလာကြဖို့ပြောထားတာတွေ့ရတယ်။ကိုယ်သွားချိန်ကြမှတိုက်ပွဲနဲ့တိုးရင် ဒုက္ခရောက်မှာဆိုတော့ သွားဖြစ်မလားမသွားဖြစ်ဘူးလား အခြေအနေစောင့်ကြည့်ရအုံးမယ်။ပွဲကလည်းလိုသေးတယ်လေ ။” လို့ ခရီးသွားပြည်သူတယောက်ကပြောပါတယ်။
ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေကတော့ ရွှေစက်တော်ဘုရားဖူးခရီးစဥ်အတွက် ၂ ညအိပ် ၃ ရက်ခရီးစဥ်ရေးဆွဲကာ ကြိုတင်ရောင်းချမှုတွေရှိနေပါတယ်။
လက်ရှိမှာ ရွှေစက်တော်ပွဲတော်မှာ တည်းခိုခန်းနဲ့စျေးဆိုင်ခန်းတွေတည်ဆောက်နေပြီး အခန်း၆၀၀ ကျော်ပါတဲ့ တည်းခိုခန်း၅၄ လုံး ၊ စျေးဆိုင်ခန်း ၈၀၀ ကျော် ဆောက်လုပ်မှာဖြစ်တယ်လို့သိရပါတယ်။
ရွှေစက်တော်ဘုရားပွဲကိုတော့လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ ရက်ပေါင်း ၇၅ ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW