ဆူးငှက်
တေးပြုစာဆို ဦးဘသိန်း(မန္တလေး)ကို ၁၂၇၃ခု ဝါဆိုလပြည့်ကျော် ၃ရက် (၁၉၁၁ခု ဇူလိုင်လ ၁၃ရက်) ကြာသပတေးနေ့တွင် မန္တလေးမြို့ ဈေးချိုတော် အနီး ရေကြည်ရပ်နေ အဖဦးပေါအိ၊ အမိဒေါ်ခင်တို့က မွေးဖွားခဲ့သည်။
ငယ်ရွယ်စဉ်ကတည်းက ဂီတအပေါ် မွေ့လျော်ဝါသနာထုံခဲ့ပြီး မြန်မာဂီတာ၊ ဟာဝေယံဂီတာနှင့် တယောထိုးခြင်း တို့ကို လေ့လာသင်ယူကာ ကþမ်းကျင်စွာ တီးခတ်ခဲ့သူဖြစ်သည်။ ဂီတနှင့် ကျွမ်းဝင်သူဖြစ်သည့်အလျောက် အသက်(၁၉)နှစ် အရွယ် ၁၉၃၀ခုနှစ်တွင် တယောဆရာကြီး ဦးကြီးငွေ(ရှုမ၀ ပန်းချီ)၊ ဦးဘဝင်းတို့နှင့် ဆက်နွယ်ပြီး မြို့မအပျော်တမ်းတူရိယာအသင်းသို့ ဝင်ရောက်ခဲ့သည်။ မြို့မ အပျော်တမ်းတူရိယာအသင်းတွင် တယောတူရိယာသမား အဖြစ်ပါဝင်တီးခတ်ခဲ့ရာမှ မြို့မတူရိယာအသင်းကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ကိုဘညိန်း (မြို့မငြိမ်း)၏ သင်ကြားပေးမှုဖြင့် အသင်းတွင် လိုအပ်နေသော ဆလိုက်ထရန်ဘုံး လေမှုတ်တူရိယာပစ္စည်းကို တီးမှုတ်ခဲ့သည်။ မြို့မတူရိယာအသင်းမှ ဓာတ်ပြားသွင်းခဲ့သည့် မြို့မငြိမ်း၏ ချစ်တာပဓာန၊ ပျိုး နှင့် နန်းတော်ရှေ့ ဆရာတင်၏ အောင်ပင်လယ် သီချင်းများတွင်လည်း ပါဝင် တီးမှုတ်ခဲ့သည်။ ထို့နောက် မြန်မာဂီတာ နှင့် ဟာဝေယံ ဂီတာတို့ကို အထူး လေ့လာလိုက်စားတီးခတ်ရာမှ ဂီတာဘသိန်းဟူ၍ မန္တလေးဂီတလောကတွင် ထင်ရှားခဲ့သည်။
မြို့မတူရိယာအသင်းတွင် တယော၊ ဂီတာ၊ ထရန်ဘုံးတို့ တီးခတ်၊ တီးမှုတ်ရင်း ဂီတသင်္ကေတပညာရပ်များကိုပါ လေ့လာလိုက်စား ကျွမ်းကျင်ကာ ၁၉၄၅၊ ၄၆ခုနှစ်မှစ၍ သီချင်းများလည်းရေးစပ်သီကုံးခဲ့သည်။ ဆရာကြီးဦးဘသိန်း (မန္တလေး)၏ ကနဦးသီချင်းများအနက် ပုန်းတလုတ်ကန်၊ သူကလေး၊ မြို့မသဝဏ်လွှာ၊ တူရိယာလုလင်၊ တူရိယာလုံမေတို့မှာ အထူးထင်ရှားခဲ့သည်။ ထို့နောက် မြို့မတူရိယာအသင်းအတွက် သင်္ကြန်သီချင်းများကိုလည်း တစ်မူထူးခြား စွာ ရေးစပ်ပေးခဲ့သည်။
၁၉၅၀ခုနှစ်တွင် မြို့မတူရိယာအသင်း၌ ကျန်းမာရေးအရအနားယူ နေသော ဆရာမြို့မငြိမ်းကိုယ်စား အုပ်ချုပ်သူဂီတမှူးအဖြစ် တာဝန်ယူခဲ့သည်။ မြို့မတူရိယာအသင်း၌ တာဝန်ယူစဉ်ကာလ အသင်းတိုက်နှင့် အသင်းသားကိစ္စ များကို ပီပြင်စွာဆောင်ရွက်နေစဉ် ကျန်းမာရေးအရ အိန္ဒိယနိုင်ငံသို့ဆေးကုသမှုခံယူ ရန် သွားရောက်ပြီးနောက် မြို့မတူရိယာအသင်းမှ အနားယူလိုက်သည်။
၁၉၅၂ခုနှစ်တွင် ဂီတအပေါင်းအသင်းများ၏ဆန္ဒအရ သင်္ဂဟအပျော် တမ်း တူရိယာအသင်းကို ထူထောင်ခဲ့သည်။
၁၉၅၅ခုနှစ်တွင် ဓားတန်းဦးသန့် ဦးဆောင်ပါဝင်ခဲ့သော မန္တလေးရုပ်ရှင်ကုမ္ပဏီလီမီတက်မှ ရိုက်ကူး ထုတ်လုပ်သည့် ဘဝသံဝရာဇာတ်ကားမှစတင်၍ ကုမ္ပဏီ၏ ဂီတမှူးအဖြစ် တာဝန်ယူခဲ့သည်။ မန္တလေးရုပ်ရှင်ကုမ္ပဏီနှင့် အခြား ရုပ်ရှင်ကုမ္ပဏီတို့မှ သီချင်းများနှင့် ဂီတပိုင်းဆိုင်ရာများကို ရေးစပ်သီဖွဲ့ခဲ့ရာ ရွှေမန်းဆီသို့၊ ဘဝသံသရာ၊ ရေမြေ ဆုံးတိုင်၊ ဤလူ့ဘောင်တွင်၊ ကိုယ်ပိုင် မေတ္တာ၊ ကံ၊ ကိုယ်လိုချင်သောပန်း၊ ချစ်သူဝိုင်းဝိုင်းလည်၊ လက်ပံပွင့်၊ လမ်း ပေါ်မှ လူ၊ သည်သောင်ယံက မခွာရက်နိုင် တယ်… စသည့် သီချင်းများမှာ ထင်ရှားကျော်ကြားခဲ့သည်။
တေးပြုစာဆိုကြီး ဦးဘသိန်းရေးစပ်ခဲ့သော သီချင်းများအနက် “နိဒါန်းသဝဏ်လွှာ” အမည်ရှိ တေးတစ်ပုဒ်က အထူးထင်ရှားလှသည်။ “တေးနိဒါန်း သဝဏ်လွှာ” ဟု အသိများသလို “မြို့မ နိဒါန်းသဝဏ်လွှာ” ဟုလည်း ထင်ရှာသည်။ ထိုသီချင်းက မြို့မတူရိယာအသင်း စတင်ထူထောင်စဉ်ကတည်းက ဓားတန်းဦးသန့် မြို့မငြိမ်း စသည့် မြို့မ ထီးချက်စောင့်ကြီးများ ချမှတ်ခဲ့သည့် အသင်း၏ ရည်ရွယ်ချက်များကို ဖော်ကျူး ဂုဏ်မြောက်စေသည့် သီချင်းဟု အသိအမှတ်ပြုခဲ့ကြသည်။ ထိုသီချင်းကို ကနဦးအစ မိုးဒေဝါမလှရွှေက သီဆိုကာ ဓာတ်ပြားသွင်းခဲ့သည်။
“နိဒါန်းသဝဏ်လွှာ”သီချင်းမှာ မိုးဘွဲ့သီချင်းတစ်ပုဒ ဖြစ်သည်။ သီချင်းအစမှာ မိုးဒေဝါပတ်ပျိုးအစ စကားလုံးများ ဖြစ်သော်လည်း တစ်ပုဒ်လုံးအနေနှင့် စာသားရော အသံပါ တစ်မူကွဲပြီး ထူးခြားဆန်းသစ်သည့် မြန်မာသံ အဖွဲ့ဖြစ်သည် သာမက အနောက်တိုင်းတေးကြီး၊ ဘွဲ့ကြီးအသွားနှင့်ပါ ရောစပ်ထားသော သီချင်းတစ်ပုဒ်ဖြစ်သည်။ မြန်မာ့ မဟာဂီတ အရိုးအသားကိုလည်း အနောက်တိုင်းတူရိယာများနှင့် အသံခန့်ခွဲ တီးမှုတ်သလို အနောက်တိုင်း တေးကြီးဘွဲ့ကြီးကိုလည်း သင်္ကေတနည်းစနစ်နှင့် လက်ဆင့်ကမ်း တီးမှုတ်နိုင်သည့် သီချင်းကောင်းတစ်ပုဒ်လည်း ဖြစ်သည်။ နိဒါန်းသဝဏ်လွှာ သီချင်းကို ဘီတီဘရားသားတီးဝိုင်းနှင့် မိုးဒေဝါ မလှရွှေက သီဆိုခဲ့ခြင်းဖြစ်သည်။
ဘီတီဘရားသား တီးဝိုင်းက ကိုအံ့ကြီးကလည်း တေးပြုစာဆို ဦးဘသိန်း(မန္တလေး)၏ သူကလေး၊ သုံးရာသီ၊ တူရိယာလုလင်၊ တူရိယာလုံမေ၊ ပြုံးတုံ့လှယ်စသည့် သီချင်းများကို သီဆိုခဲ့သည်။ ထိုစဉ်ကာလ “မလှရွှေ”ကလည်း ဘီဒီဘရားသားတီးဝိုင်းနှင့် လိုက်ပါ သီဆိုလျှက် ရှိသည်။ တကယ်တော့ မလှရွှေမှာ ၁၉၄၁ ခုနှစ်ကတည်းက ဒေါ်စောမြအေးကြည်၏ နာမည်ကျော် “မိုးဒေဝါ”ပတ်ပျိုးကို ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီက ဓာတ်ပြားသွင်းပြီး့ မကြုံစဖူးအောင်မြင်ကာ “မိုးဒေဝါမလှရွှေ”ဟု လူသိများနေပါပြီ်။ ထို့ပြင် သဟာရဆရာတင်၏ စန္ဒကိန္နရီ သီချင်းဖြင့်လည်း မလှရွှေနံမည်က ဟိုးဟိုးကျော်နေချိန် ဖြစ်သည်။ ထို့နောက် နိဒါန်းသဝဏ်လွှာသီချင်းက မလှရွှေနှင့် လိုက်ဖက်စွာ ထပ်မံပေါ်ထွက်ကာ ထင်ရှားလာခြင်း ဖြစ်သည်။ ထိုသီချင်းကို မြန်မာ့အသံမှာ ရုပ်ရှင်မင်းသားကြီးဝင်းဦးက “မြို့မသဝဏ်လွှာ”အမည်နှင့် အသံလွှင့်ခဲ့ဖူးရာ ပိုမို ထင်ရှားလာခဲ့၏။
တေးပြုစာဆိုကြီး ဦးဘသိန်း(မန္တလေး)မှာ ၁၉၆၃ခုနှစ်တွင် မန္တလေးအနုပညာနှင့် ပန်တျာကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စု များသို့ အနုပညာလေ့လာရေးခရီးများ သွားရောက်ခဲ့သည်။
၁၉၆၆ခုနှစ်တွင် မန္တလေး အနုပညာပန်တျာ ကျောင်းအုပ်ကြီး တာဝန်မှ အနားယူခဲ့သည်။ ထို့နောက် မလွန် ခဲလန်တန်းအိမ်၌ပင် နေထိုင်ရင်း ဂီတပညာ အမွေပေးခြင်း၊ သီချင်းများရေးစပ်ခြင်း၊ ကျန်းမာရေးလိုက်စားခြင်း၊ ဘာသာရေးကိစ္စ များဆောင်ရွက်ခြင်းတို့ကို စိတ်လက်ချမ်းသာစွာဖြင့် အသက်ထက်ဆုံးဆောင်ရွက် ခဲ့သည်။
ဆရာကြီး ဦးဘသိန်း(မန္တလေး)သည် ဇရာသဘော၊ သင်္ခါရသဘောကို မလွန်ဆန်သောကြောင့် အသက် ၁၀၀ မပြည့်မီ ၁နှစ်အလို ၂၀၁၀ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့ ညနေ ၅နာရီ ၁၀မိနစ်အချိန်တွင် အမှတ် ၂၈၊ မလွန် ခဲလန်တန်းရပ်၊ မန္တလေးမြို့နေအိမ်၌ ဘဝတစ်ပါးပြောင်းသွား ကွယ်လွန်ခဲ့သည်။
တေးပြုစာဆို ဦးဘသိန်း(မန္တလေး)မှာ မြန့်မာဂီတလောကအတွက် မေ့ဖျောက်၍မရနိုင်ဖွယ် သီချင်း၊ တေးဂီတပေါင်းများစွာကို ရေးစပ်သီကုံးဖွဲ့နွဲ့၍ အနုပညာဂီတမှတ်တိုင်အသီးသီး စိုက်ထူအမွေပေးခဲ့သောကြောင့် မန္တလေးမြို့ ဂုဏ်ထူးဆောင် မြို့မတူရိယာအသင်းကြီးနှင့် မန္တလေးစာပေအနုပညာရှင်များပူး ပေါင်း၍ ၂၀၁၂ခုနှစ် မေလ ၃ရက်နေ့တွင် တေးပြုစာဆို ဦးဘသိန်း(မန္တလေး) ရာပြည့်အထိမ်းအမှတ် ဂီတပွဲတော်ကြီးကျင်းပကာ ဂါရဝပြုခဲ့ကြသည်။
ဆူးငှက်
တေးပြုစာဆို ဆရာကြီးဦးဘသိန်း(မန္တလေး) ၏
ထင်ရှားသော သီချင်းများမှ စကားလုံး စာသား အနုအလှလေးများ
– ယမုန်နာ သီတာသောင်ခြေ ဟိုကမ်းခြေဦးမှာလေ စုံနှစ်ဖြာ မ-ဖိုဟင်္သာ မြူးတူးကြဝဲလို့နေစဉ်၊ ပျော်ပျော်ရွှင်ရွှင် ဆိုစေချင် တေးဆန်းထွင်…
(မြို့မ ယမုန်နာ မှ)
– ဒီအချိန်အခါ ရွှေဝါမြေ အလှချောစုရာ တုသိတာပြည်၊ စတုမဟာဘုံ တောင် ရှားမယ်ထင်သလေ မန်းမြို့သူတွေ အလှဆုံးပေ…
(ရွှေဝါမြေ မှ)
– မာကြပါစေ ညောင်ရေလောင်းကာမျှော်မှန်းပါလို့ မောင်တတွေလာမယ့် လမ်းကို ပျိုပျိုမေဖော်တသင်းနဲ့ ဆီးကြိုလို့ အပန်းဖြေ၊ မေတ္တာပျိုရေဖျန်းဖို့ရာ စောင့်လို့သာ ပန်းနုညောင်သပြေ…
(အပန်းဖြေ မှ)
– ခင်မင်သူမူရာ ခြောက်ပြစ်စင် ယိမ်းနွဲ့ကာပင် ညှင်းတဲ့လေယဉ်… သူလျှင်ချစ်ပန်းပင်…၊ မုန်းနဲ့ပျိုသဇင် ဖျန်းဆွတ်ရေစင်… တူရိယာလုလင်…
(တူရိယာလုလင် မှ)
– တကယ် ယုံကြည်သလေ အမျိုးသမီးလှပျိုဖြူတွေ ယဉ်ကျေးသိမ်မွေ့ အဆင့်အတန်းမြင့်တဲ့ အဋ္ဌာရသလည်း နည်းယူမှတ်သင့်ပေ…
(တူရိယာလုံမေ မှ)
– မောင်မှတ်မိတယ်… ပါးချိုင့်လေးနဲ့ကွယ်၊ မျက်ခုံးမွှေးသေးသေး သွယ်သွယ်လေးရယ်… သံသာသံချို နှုတ်ခမ်းနီနဂိုသွေး… သွေးနီတယ်၊ ပင်ကိုယ် မူယာကြွယ် မခို့တရို့ယဉ်သူရယ်…
(သူကလေး မှ)
– အချစ်ဦးလေးပျို လွမ်းနေတဲ့ရက်ကို မျှော်ယောင်ကာစာဆို နေ့စဉ်ပဲ တမ်းတပို၊ နွေဦးကဆို သွင်းလေရူးရမ်းပို ဟိုညောင်ပင်ညိုညို ငှက်ရွှေသြက ခþဲသလို…
(သုံးရာသီ မှ)
– မောင်ဝါသနာထုံတဲ့ ကဗျာစာပေဂီတတွေ အဖိုးတန်အမြုတေ မြန်မာမှု တွေ ထီးစဉ်နန်းဆက် မြန်မာ့ယဉ်ကျေးမှုအမွေ ဆွေးနွေးလေ့လာနိုင်သလေ တစ်မြို့တစ်ဘာသာ မတူတာတွေ…
(ဖိတ်ခေါ်သံ မှ)
– အို… ရှစ်တိုင်းခွင်မှာ အုံ့မှိုင်းဆင်ကာ၊ အလို… မိုးဒေဝါ သင်တိုင်းခြုံကာ ဆင်တဲ့သူရွာ… ဖွဲဖွဲ ဖွဲဖွဲ သည်းသည်းမည်းမည်း… ငြိုးလေရက်ရှာ…
(မြို့မသဝဏ်လွှာ မှ)
– ချစ်မေတ္တာရေစင် ကြိုင်လျှမ်းတယ် လှသီတာမျိုးနွယ် ချိုးမယ့်စံချိန် ရယ်… ရှုမဝနိုင်တယ် လွန်တင့်တယ် လိုက်ခဲ့ပါလားကွယ်… လုံမငယ်ရယ်…
(ရေပက်ခံမယ် မှ)
– ရေကြည်ကြည်ဖျန်းကာပက်ရှင် တူတူအစဉ်အေးမြကြဖို့ပင် ပျော်ပျော် အစဉ် အေးမြကြဖို့ပင်… ပျော်ပျော်အစဉ် မာစေကြောင်းပင် ဆုတောင်းတယ်ခင် စိတ်ရင်းဖြူစင် အမြဲပဲပေါ့ခွဲမယ့်သူအသွင်… မြင်ယောင်မိမှာပင်
(သူ့အသွင် မှ)
– သြော်… မခို့တရို့နဲ့ပင် သိင်္ဂီပိတောက် ရွှင်မြူးကြခါတော်ရေသဘင်… ပုလဲလိုလို ငွေနှင်းဥအသွင်… နုယဉ်တဲ့ဆံစဆီတွင် နဂိုအတိုင်းထက်ပင် လှတယ် နေ… ကျက်သရေဝေလွင်…
(မခို့တရို့ မှ)
– ပျော်မယ်ထင်ပါသည် ချစ်ရေးကြည် ဆိုတေးသီ ဝေေ၀စီစီ သံသာညီ မယ်တို့ဆီလည်း နှစ်တိုင်းလိုပဲ ငွေငန်းရောက်လာပြီ။
(သံချိုချို မှ)
– ရှုဖွယ်စုံညီ ရွှေနန်းတော်အရှေ့ဆီ၊ မြရည်ညိုညို တောင်တန်းတွေက မှုန်ရီ ငါးရံ့မင်းစေတီ တောင်တော်ထူး အောင်ပင်လယ် ယာပြင်ဦးက ဖူးနိုင်ပါသည်…
(ရွှေမန်းဆီသို့ မှ)
– တေးဖွဲ့လို့ ကဗျာတွင် ဘုရင့်လက်သုံးတော် စာပေတွေကယဉ် ယနေ့ တိုင်အောင်ပင် ထင်ယောင် မြင်ယောင်ရိုသေစွာပင် တေးဂီတမြန်မာ့ဂုဏ်မြှင့်တင် အနုအယဉ်မျိုးဖြိုးဝေခဲ့လွင်လွင်
(ကန်တော့စာတင် မှ)
– ညီညွတ်လို့ဝမ်းသာ၊ တို့တာဝန်ကျေပွန်အောင် ဆောင်ရွက်လာ အားတိုက်အင်တိုက် အစဉ်တစိုက် အစဉ်တစိုက် ပခုံးချင်းယှဉ်ကာသာ…
(လွတ်လပ်တဲ့ ဗမာပြည် မှ)
#voiceofmyanmar #VOM # ဆူးငှက် # တေးပြုစာဆိုဦးဘသိန်း(မန္တလေး)