ဆူးငှက်
“အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်…
၁၁၄၄ ခုနှစ်က အမရပူရရွှေနိုင်ငံ…
ရေချိုတွင်းနဲ့ ပျံ့နန်းလှန်…
ရွှေဘိုမင်းဆက် မှန်နန်းစံ၊ မြတ်ဘိုးတော် သူစီမံ
အင်းကြီးတောင်သမန်…”တဲ့။
ဂန္ထဝင်တေးပြုစာဆိုကြီး နန်းတော်ရှေ့ဆရာတင်က “တောင်သမန်”ကို ဖွဲ့ဆိုရင်းနဲ့ အမရပူရကို ပုံဖော်ခဲ့တယ်။
အမရပူရကို ကောဇာသက္ကရာဇ် ၁၁၄၄ ခုနှစ်မှာ(ခရစ် ၁၇၈၂)မှာ အလောင်းမင်းတရားရဲ့သားတော် ဘိုးတော်ဘုရားခေါ် ဗဒုံမင်းက တည်ခဲ့ပါတယ်။ ဘိုးတော်ဘုရားဟာ အမရပူရ ရွှေနန်း တော်မှာ ၃၇ နှစ် နန်းစံပြီး သက်တော် ၇၅ နှစ်မှာ နတ်ရွာစံခဲ့တယ်။ ဘိုးတော်ဘုရား လွန်ပြီးနောက် စစ်ကိုင်းမင်းခေါ် ဘကြီးတော်က အင်းဝမှာ ပြောင်းရွှေ့ နန်းစံပြန်တယ်။ အင်းဝမှာ ဘကြီးတော်က ၁၈ နှစ် နန်းစံပြီး ရွှေဘိုမင်းခေါ် သာယာဝတီမင်းက ခရစ်နှစ် ၁၉၃၇ ခုနှစ်မှာ နန်းတက်တဲ့အခါ နေပြည်တော်ကို အမရပူရဘက် ပြန်ပြောင်းပါတယ်။ အမရပူရနေပြည်တော်မှာ သာယာဝတီမင်းက နန်းစံသက် ၉ နှစ်၊ သားတော်ပုဂံမင်းက နန်းစံသက် ၆ နှစ်၊ နန်းစံ ကြပြီ သက္ကရာဇ် ၁၂၂၁ ခု(ခရစ်နှစ် ၁၈၅၂)မှာ မင်းတုန်းမင်းက မန္တလေးရတနာပုံကို တည်ထောင်စံမြန်းခဲ့တာပါပဲ။
ဒါကြောင့် မန္တလေးရတနာပုံနေပြည်တော်က အမရပူရ မြို့တော်ဟောင်းကို အခုအချိန်ထိ တောင်မြို့လို့ ခေါ်ကြတယ်။ ဘာလို့လဲဆိုတော့ မန္တလေးက အမရပူရရဲ့မြောက်အရပ် မလှမ်း မကမ်းမှာတည်ရှိတော့ မြို့ဟောင်းနဲ့မြို့သစ်ဟာ ကူးလူးဆက်ဆံမှု မပြတ်ခဲ့ကြပါဘူး။ “တောင်မြို့”၊ “မြောက်မြို့”ဆိုတဲ့ အသုံးအနှုန်း တွေနဲ့ မကင်းမကွာရှိခဲ့ကြတဲ့သဘောပါ။
အမရပူရကို ဘိုးတော်ဘုရားစတည်ကတည်းက ၃၇ နှစ်ကြာ နန်းစံသက်အတွင်း မြို့တော်ဟာ စည်ကားခဲ့တယ်။ ဘာသာ၊ သာသနာ ထွန်းကားခဲ့တယ်။ နိုင်ငံခြား သံတမန်အဆက် အသွယ်တွေ ရှိခဲ့တယ်။ ဒုဋ္ဌဝတီခေါ် မြစ်ငယ်ဖြစ်ရဲ့ မြစ်ကျိုးအင်း ဖြစ်ခဲ့တဲ့ တောင်သမန်အင်းဟာ အမရပူရရဲ့ သဘာဝပတ်ဝန်းကျင် အလှနဲ့ ဥတုသပ္ပယမျှတမှုကို အဓိက အထောက်အကူပြုခဲ့တယ်။
ဒါကြောင့်လည်း မြဝတီမင်းကြီးဦးစက –
“ရှုတိုင်းငယ်စို
မြရေညိုတောင်သမန်နှင့်
မြောင်ပတ်ရံဆီး
မီစုံပွင့်ရေ
ဗျာသိုက်ကယ် ရန်အောင်ေüခမဲ့
မန်းခေါင်ဗွေ ညာမြေမော့မှာ
ဘိုးတော့်ပြည်ကြီး…”လို့ ဖွဲ့ဆိုခဲ့တာပါပဲ။
အမရပူရ ရွှေနန်းတော်က တောင်သမန်အင်းရဲ့ မြောက်ဘက်မှာရှိတယ်။ ရွှေမြို့တော်ရဲ့ အနောက်တောင်ထောင့် ကစပြီး ရွှေလင်းပင်၊ ရွှေစံကား၊ ရွှေကွန်အုပ်ဘွဲ့တော်ရှိ ဘုရား စေတီကြီးတွေ တည်ထားကိုးကွယ်ခဲ့တယ်။ မြို့ထဲမှာလည်း အမရပူရခေတ် သူýကယ်ကတော်တစ်ဦးတည်ထားတဲ့ နဂါးရုံ ဘုရားကလည်း လက်ရာမြောက်လှလို့ ကြည်ညိုဖွယ်ရာ ဖူးတွေ့ နိုင်တယ်။ အမရပူရ ရွှေဂွမ်းထုပ်အရပ်မှာ ရှိတာပါ။ တောင်သမန် အင်းကို မုဉ္စလိန္ဒာအိုင်အမှတ်ပြုပြီး ဘုံသုံးဆင့်ခံရုပ်ပွားတော်လို နဂါးအုပ်မိုးဟန် ပုံတော်ပါ။ နောက်… တောင်သမန်အင်းရဲ့ အနောက်ဘက်ထိပ်မှာလည်း မဟာသကျရံသီ ကျောက်တော်ကြီး ဘုရား တည်ရှိတယ်။ မဟာသကျရံသီ ကျောက်တော်ကြီးဘုရား က ဒါယကာ နှစ်ဦးပါ။ စကျင်ကျောက်နဲ့ထုလုပ်ထားတဲ့ ရုပ်ပွား တော်ကြီး ဒါယကာက စစ်ကိုင်းမင်းခေါ် ဘကြီးတော်ဖြစ်ပြီး ရုပ်ပွား တော်ကြီးကိန်းဝပ်ရာ ဂန္ဓကုဋီတိုက်ကြီး ဒါယကာက ပုဂံမင်း ဖြစ်ပါ တယ်။ ဘကြီးတော်ရဲ့ကောင်းမှု ရုပ်ပွားတော်ကြီးက အင်း၀ နေပြည်တော်မှာကျန်ရစ်ခဲ့ပြီး “စေးချုံပုပ္ပောင်း၊ ဆောင်းဆောင်ရိပ် မြိုင်၊ ဂနိုင်ဖုံးအုပ်၊ ထွေးရှုပ်ယှက်လိမ်”နေလို့ ပုဂံမင်းက အမရပူရ ကို ပင့်ဆောင်ပြီး လက်ရှိနေရာမှာ ကျောင်းတော်ကြီး ဆောက်လုပ် ပူဇော်ခဲ့တာပါ။
မဟာသကျရံသီခေါ် တောင်သမန်ကျောက်တော်ကြီး ဘုရား ဂန္ဓကုဋီကျောင်းတော်ကြီးဟာ အချိုးအစားပြေပြစ်ပြီး ပန်းရံ၊ ပန်းတော့၊ ပန်းတမော့ လက်ရာကောင်းတွေ ဖြစ်တယ်။ ဒါ့အပြင် ကျောက်တော်ကြီးအတွင်းမှာ စကြဝဠာဆိုင်ရာမှတ်တမ်း နဲ့ အမရပူရခေတ် လူမှုဘ၀ သရုပ်ဖော် နံရံပန်းချီများ၊ ပုဂံမင်း ကောင်းမှု စေတီပုထိုး၊ ကျောင်းတော်များရဲ့ အချိုးကိုက်ပုံစံ နံရံ ဆေးရေးများကို လေ့လာနိုင်တယ်။
အမရပူရနဲ့ တောင်သမန်အကြောင်းပြောရရင် မပါ မဖြစ်က ဦးပိန်တံတားပါ။ ဦးပိန်တံတားဟာ တောင်သမန်အင်းကို အရှေ့နဲ့အနောက် ဖြတ်သန်းထားတဲ့ သစ်သားတံတားကြီး ဖြစ်ပါတယ်။ သက္ကရာဇ် ၁၂၁၁ ခု၊ ပုဂံမင်းလက်ထက်မှာ မြို့ဝန် ဘိုင်ဆတ်ရဲ့တပည့် မြို့စာရေးမောင်ပိန်က မိုးတွင်းကာလ တောင်သမန် ဆယ်နှစ်ရပ်က လူတွေသွားလာဖို့လွယ်ကူရေး အတွက် စစ်ကိုင်းနဲ့အင်းဝနန်းတော် အိမ်တော်ဟောင်းက သစ် သား တွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး တိုင်ပေါင်း ၉၈၄ တိုင် ရှိ တယ်ဆိုတာကို “နဝအဠဇယမောင်ပိန်”ဆိုတဲ့ စာချိုးနဲ့ မှတ်သားခဲ့ ကြတယ်။ ဇရပ်လေးဆောင်ကတိုင်တွေပါရေတွက်ရင် ၁၀၈၆ တိုင် ရှိသတဲ့။ အခန်းက ၄၈၂ ခန်း၊ အရှည် ၃၉၆၇ ပေ ရှည်ပါတယ်။
ထင်ရှားတဲ့ဘုရားတစ်ဆူက မဟာဝိဇယရံသီ ပုထိုး တော်ကြီးပါ။ သက္ကရာဇ် ၁၁၈၁ ခု၊ တန်ခူးလဆန်း ၁၅ ရက်မှာ ပထမ ရွှေအုတ်ချပြီး ဘကြီးတော်မင်းက တည်ခဲ့တာပါ။ ဌာပနာ တိုက်ကြီး ၂ တိုက်၊ ဌာပနာတိုက်ငယ် ဆယ့်နှစ်တိုက်မှာ ရွှေကိုယ် လေး ဆင်းတုများ၊ ရုပ်ပုံတော်များ၊ ရတနာပစ္စည်းအမျိုးမျိုး၊ ရတနာဆင်းတုများ၊ စေတီများထည့်သွင်း ဌာပနာပြီး အချင်း ဖိနပ်တော် သံတောင် ၁၂၀၊ အမြင့် သံတောင် ၂၀၊ ထီးတော်အ၀ ၁၂ တောင်၊ ငှက်မြတ်နားအထိ ၁၈ တောင်ရှိတဲ့ ရွှေထီးအထွတ်တင် စေတီကြီးဖြစ်ပါတယ်။ ဒီလိုအဖိုးတန် ရွှေငွေရတနာတွေ မြောက်မြားစွာ ဌာပနာခဲ့လို့ သက္ကရာဇ် ၁၂၆၇ ဝန်းကျင်မှာ မသမာ သူတွေရဲ့ ဌာပနာတိုက်ဖောက်ခြင်းခံခဲ့ရပါတယ်။
တောင်သမန်အင်းစောင်းမှာ ကြည်ညိုဖွယ်ရာ ဘုရား တစ်ဆူ ရှိပါသေးတယ်။ တောင်မင်းကြီးဘုရားလို့ အသိများပါ တယ်။ “ဆင်ဖြူဝန်”ဘုရားလို့လည်း မြို့ခံတွေက ခေါ်ဝေါ်ခဲ့ကြ တယ်။ လက်ရာမြောက် အုတ်ဆင်းတုကြီးပါ။ သက္ကရာဇ် ၁၁၄၈ ခုနှစ်မှာ အသည်ဝန် မဟာမင်းလှကျော်စွာက တည်ထားကိုးကွယ် တာပါ။ တောင်မင်းကြီးလို့လည်း ခေါ်တွင်ပါသတဲ့။ မူလ ကတည်းက အမြင့်ပမာဏ ၃၆ တောင် တစ်မိုက်၊ ဒူးစွန်းအကျယ် ၂၁ တောင်ရှိတဲ့ ဆင်းတုကြီးဟာ အမိုးအကာမပါဘဲ နေပူခံ ကိုယ်တော်ကြီး ဖြစ်ပါသတဲ့။ ခရစ်နှစ် ၁၈၅၅ က အင်္ဂလိပ်မှတ်တမ်း တစ်ခုမှာကိုပဲ နေပူခံကိုယ်တော်ကြီးအဖြစ် မှတ်တမ်းတင်ခဲ့တယ်။ နောင်နှစ်ပေါင်းများစွာကြာမှ မြို့လူထုက အရုဏ်ခံတန်စောင်း ဆောက်လုပ်လှူဒါန်းကြပါတယ်။
အမရပူရမှာ နောက်ထပ် စေတီဘုရားတွေမှာ စာတော် ပြင်အရာရှိ ဦးပညာက တစ်နေ့ ၆ ပြားနှုန်း ဈေးကောက်ရတဲ့ ပိုက်ဆံတွေစုပြီး တည်ထားတဲ့ သတ္တဌာနဘုရားရှိတယ်။ ၈၈၈ ဆူ သော ရုပ်ပွားတော်များ ထည့်သွင်းပူဇော်ထားတဲ့ သမ္ဗုဒ္ဓေစေတီ တော် ရှိတယ်။ သီရိဓမ္မာသောကမင်းကြီးက သက္ကရာဇ် ၂၁၈ ခုနှစ်မှာ တည်တယ်လို့ မှတ်သားခဲ့ကြတဲ့ ဘုရားနီခေါ် ရွှေမုဋ္ဌော မဟာသိမ်တော်ကြီးဘုရားရှိတယ်။ နှမတော် ပုဂံမင်းသမီးရဲ့ ကုသိုလ်တော်ဖြစ်ပြီး သာယာဝတီမင်းသားကိုယ်တိုင် သွန်းလုပ်တဲ့ မဟာသကျသာမိ ကြေးလက်ဆက်ဘုရားရှိတယ်။
ဘိုးတော်ဘုရားလက်ထက်ကတည်းကတည်ရှိတဲ့ ကျော်အောင်စံထားကျောင်းတိုက်ကြီးလည်း ရှိတယ်။ မဇ္ဈိမတိုက် ဗာရာဏသီမြို့က ပင့်ဆောင်ခဲ့တဲ့ ကပိလရသေ့ရုပ်တုကိုလည်း ရွှေကွန်အုပ်ဘုရားပရိဝုဏ်မှာရှိတယ်။ ကုန်းဘောင်ခေတ် ယဉ် ကျေးမှုဖလှယ်ရေး အစီအစဉ်နဲ့ သက္ကရာဇ် ၁၁၃၅ ခု ဆင်ဖြူရှင်မင်း လက်ထက်မှာ ဆောက်လုပ်လှူဒါန်းတဲ့ ကွမ်ယင်စီကျောင်းတော် ကိုလည်း အမရပူရတရုတ်တန်းရပ်ကွက်မှာ မြင်တွေ့နိုင်တယ်။ တရုတ်မြန်မာရှေးဟောင်းလက်ရာ အဆောက်အဦဖြစ်ပါတယ်။ နရပတိစည်သူကောင်းမှု ရွှေဂူကြီးဘုရားရှိတယ်။ တောင်ငူမင်း ကောင်းမှုပြာသာဒ်ကြီးဘုရားကိုလည်း တောင်သမန်အင်းစောင်း မှာရှိတယ်။
ဘိုးတော်ဘုရားလက်ထက်ကတည်းကတည်ခဲ့တဲ့ အမြင့် ၄၅ ပေရှိတဲ့ နန်းမြင့် အဆောက်အဦးဟောင်းကိုလည်း ယခု တိုင် မြင်တွေ့နိုင်တယ်။ နန်းမြင့်ရဲ့တောင်ဘက်မှာ ရွှေတိုက် အဆောက်အဦးဟောင်းလည်း ရှိတယ်။ အလျား ပေ ၅၀၊ အနံ ပေ ၄၀၊ အမြင့် ၃၅ ပေ ခန့်ရှိတယ်။
ယိုးဒယားဘုရာင် သချိုင်းဂူရှိတယ်ဆိုတာ သေချာ သလောက်ဖြစ်သွားတဲ့ လင်းဇင်းကုန်းသုဿန်ဟာလည်း အခု တလော အများစိတ်ဝင်စားခြင်းခံနေရတယ်။ လင်းဇင်းကုန်း တဝိုက်မှာ အမေနိယန်သချုႋင်းလည်းရှိတယ်။ ဒရဂါတော်လည်း ရှိတယ်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း အုတ်ဂူလည်းရှိတယ်။
တောင်သမန်အင်းရဲ့ မြောက်ဖက်ခြမ်းမှာလည်း ဘိုး တော်ဘုရား ဘကြီးတော်နှင့် သယာဝတီမင်းရဲ့ ဂူဗိမာန်တွေလည်း ရှိတယ်။
အမရပူရလို့ပြောလိုက်တာနဲ့ မဟာဂန္ဓာရုံကျောင်း တိုက်ကြီးကိုလည်း ချန်ထားလို့မရပေဘူး။ သာသနာပြုအကျော် အရှင်ဇနကာဘိဝံသဆရာတော်ကြီး ခရစ်နှစ် ၁၉၄၂ မှာ စတင် သီတင်းသုံးခဲ့တဲ့ ကျောင်းတိုက်ကြီးဟာ ထေရဝါဒရဲ့ အမှတ်လက္ခဏာ တစ်ပါးအဖြစ် အမရပူရမှာ နေလိုလလို ထွန်းတောက်လျှက် ရှိနေဆဲပါပဲ။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ရွှေဘိုမင်းဆက်မှန်နန်းစံ