ဇန်နဝါရီ ၂၁ – ၂၀၂၅
SS (VOM)
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး လူထိခိုက် သေဆုံးမှုတွေလည်း ရှိလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေသောင်ယံမြို့၊ မကျီးဇင်အနီးရှိငှက်ပျောတောင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့က နစကတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၁၇ ရက်နေ့၊ မနက်ပိုင်းမှာတော့ ဘောမိကျေးရွာ ချောင်းဖျားပိုင်းထိ တိုက်ပွဲ ရောက်ရှိလာကာ ပိုမို ပြင်းထန်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။
“အခုကတော့ ဘောမိအထိ တိုက်ပွဲရောက်လာတာပေါ့။ လက်ရှိ တိုက်ပွဲအခြေအနေက လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိတယ်။ နစကဘက်က ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုံပေါင်းပြီး ခုခံနေတာ။ အခုဆို ကျေးရွာ သုံးရွာလောက်က နေအိမ် အလုံး ၄၀၀ လောက်လည်း ပျက်စီးသွားပြီ။ သေဆုံးတဲ့သူတွေ၊ ဒဏ်ရာရတဲ့သူတွေလည်း ရှိလာတယ်။ လတ်တလော တိုက်ပွဲအခြေအနေအရ သေဆုံး၊ ဒဏ်ရာရ အရေအတွက်ကိုတော့ အတည်ပြုလို့ မရသေးဘူး။ အဲဒီ ရွာတွေထဲမှာ စစ်မရှောင်ဘဲ ကျန်နေခဲ့တဲ့သူတွေ ရှိနေသေးတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲကြောင့် ဘောမိ၊ ဂျိုင်လယ်နဲ့ မန်းကျည်းဇင် စတဲ့ ရွာ သုံးရွာက နေအိမ်တွေအပြင် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေလည်း ပျက်စီးသွားတယ်လို့ သူက ပြောပါတယ်။
“AA ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၉ ရက်နေ့မှာ မကျီးဇင်ကျေးရွာက နစကတပ်နဲ့ ရဲစခန်းကို ထိန်းချုပ်လိုက်တယ်။ အဲဒီနောက်ပိုင်း ဇန်နဝါရီ ၁၆ ရက်နေ့အထိ တိုက်ပွဲခဏငြိမ်သွားတယ်။ နစကဘက်က လက်နက်ကြီးတွေနဲ့ ကြိုကြားကြိုကြား ပစ်တာတွေတော့ ရှိတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းကျမှ နှစ်ဖက်တိုက်ပွဲပြန်ဖြစ်လာတာ။ အထိအခိုက်လည်း များတယ်” လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မကျီးဇင်ကျေးရွာကို AA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့ကာ အဲဒီနောက်မှာတော့ ရွှေသောင်ယံမြို့၊ ဘောမိရွာမှာ နစက က ကြည်း၊ ရေ၊ လေ တပ်ကူတွေ ပေးပို့ကာ ခံစစ် အခိုင်အမာပြင်ပြီး ခုခံနေတာကြောင့် တိုက်ပွဲတွေ ပိုမို ပြင်းထန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
AA နဲ့ ပူးပေါင်းတပ်တွေ့ရဲ့ထိုးစစ်တွေကြောင့် ဘောမိရွာမှာ အခိုင်အမာ ခံစစ်ပြင်ထားတဲ့ အင်အားရာနဲ့ချီတဲ့ နစကတပ်သားတွေလည်း သဘော့ကန်ဘက်နဲ့ ရွှေသောင်ယံမြို့ဘက်ကို တပ်ဆုတ်သွားတယ်လို့ သိရပါတယ်။
“AA က “မကျီးဇင်” ကို တိုက်နေရာကနေ ရုတ်တရက် ပြန်ဆုတ်ခွာလိုက်တယ်။ နစက က ဧရာဝတီမှာ ရခိုင်တွေ စစ်ရှုံးသွားပြီ၊ အကျအဆုံးများလို့ ဆုတ်သွားတယ် ထင်လိုက်ကြတယ်။ အဲဒါကြောင့် နစက က သာပေါင်းဘက်ကနေ တင့်ကားတွေပါ ပါတဲ့ စစ်ကြောင်းနဲ့ တက်လာတယ်။ တင့်ကားတွေကို မကျီးဇင် တောင်ဘက် ၃ မိုင်ခန့် အကွာက “ဘောမိ” မှာ ထိုင်လိုက်တယ်။ ခံစစ်စည်း တထပ်ကို ရှေ့တိုးလိုက်တဲ့ သဘော။ မူလ ခံစစ်စည်းက “ဝက်သေ” ဖြစ်တယ်” လို့ စစ်ရေးကျွမ်းကျင်သူတယောက်က ပြောပါတယ်။
“ဘောမိ” ဆိုတာဟာ လမ်းတဖက်ပိတ်ဖြစ်ပြီး အနောက်ဘက်မှာ ပင်လယ်နဲ့ တောင်ဘက်မှာ ဘောမိချောင်း ပိတ်ထားတဲ့ မြေပြင်အနေအထား ဖြစ်တာကြောင့် AA က နောက်တကြိမ် အင်နဲ့အားနဲ့ ပြန်လည် ထိုးစစ်ဆင်လာတဲ့အခါ နစက မြေပြင်တပ်တွေ ထိန်းထားတဲ့ “မကျီးဇင်” အရင်ကျတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဘောမိကျေးရွာ တိုက်ပွဲကြောင့် အနီးဝန်းကျင်က ကျေးရွာတွေဖြစ်တဲ့ သဲကျင်း၊ ပိုးလောင်း၊ ကျွန်းချောင်း၊ ဝက်သေ၊ သပေါ့ကန်၊ သဲကုန်း၊ အုန်းချောင်း စတဲ့ ရွာတွေက ဒေသခံ တသောင်းဝန်းကျင်ဟာ ပုသိမ်၊ သာပေါင်းနဲ့ နီးစပ်ရာရွာတွေကို တိမ်းရှောင်နေရတယ်လို့ သူက ပြောပါတယ်။
ဘောမိကျေးရွာဟာ ရွှေသောင်ယံမြို့နဲ့ မိုင် ၂၀ ခန့် ကွာဝေးပြီး ကုန်းလမ်း၊ ရေလမ်းကပါ အသုံးပြုပြီး သွားလာလို့ ရတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ နစကဘက်ကရော AA ဘက်ကပါ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
AA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကနေ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်အထိ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်က နစကရဲ့အရေးပါတဲ့ ဗေဒါဂိတ်၊ ဒေါင့်ချောင်းနဲ့ ဗောဓိစစ်ဆေးရေး ဂိတ်စခန်းတို့အပြင် ပုသိမ်မြို့နယ်ထဲက မကျီးဇင်ရွာရဲကင်းစခန်းနဲ့ နစက ကင်းစခန်းတွေကို ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ