ဆူးငှက်
အခုလို မိုးတွင်းကာလ လေကြီးမိုးကြီးကျတာ ကြုံရသောအခါ ကုန်လွန်ခဲ့တဲ့ ၁၅နှစ် ဝန်းကျင်အချိန် အထက် အညာဒေသ ဧရာဝတီမြစ်ကမ်းပါးက တံငါရွာလေးရဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက်ကို သတိတရ ရှိပါဘိ။ ဒီအဖြစ်အပျက်လေးကို မထင်မှတ်ဘဲ ခရီးသွားဟန်လွဲ ကြုံတောင့် ကြုံခဲ ကြုံလိုက်ရသူ မိတ်ဆွေ ဓာတ်ပုံပညာရှင် က မှတ်တမ်းတင်လိုက်နိုင်သော အခါ..။
×××× ×××××
“အလွမ်းရယ်ပေါ်…၊ ရဟန်းတော် ဈာပနကိုလ…၊
ပြာကျချိန်နီး…၊
မျက်ရည်တွေ ဖြိုင်ဖြိုင်စီးလို့ရယ်…၊
အမယ်မင်း တမ်းတငိုညည်း…”
မင်းသမီးက ဆရာတော်ရဲ့ ဧယင်ပုခက်ကို လွှဲတဲ့လွှဲတဲ့ ပြီး ဒွေးချိုးငိုချင်းကို သီဆိုကာ ဧယင်ကျူးနေတယ်။ အရင့်အရင် ဘုန်းကြီးပျံပွဲတွေမှာ အခုလိုဧယင်ကျူးရင် အလုပ်သဘောအရ ပြောဟယ်၊ ဆိုဟယ်၊ ငိုရယ် လုပ်ရကိုင်ရပေမယ့် အခုလို မျက်ရည်တွေ အဟုတ်တကယ်စီးမကျခဲ့ဖူးပါဘူး။ အကယ်၍ မျက်ရည်ကျဖို့ လိုအပ်မှ ပရုပ်ဆီသုတ်ထားတဲ့ လက်ညှိုးလေးနဲ့ မျက်လုံးထောင့်စွန်း ပွတ်လိုက်ရတာပါ။ အခုတော့၊ ဟိုး အနောက်တောင်ဆီက တလိပ်လိပ် တက်လာဆဲဖြစ်တဲ့ မိုးသား တိမ်လိပ်တွေလို ရင်ထဲမှာ ဝမ်းနည်းစိတ်တွေ အတားအဆီးမရှိ တလိပ်လိပ် တက်လာတယ်။ စောစောကတည်းက မိုးတွေလေတွေကြောင့် ဖရိုဖရဲဖြစ်သွားတဲ့ လောင်တိုက် ပြာသာဒ်တွေလို စိတ်တွေလည်း နာကျည်းဒေါသကြောင့် ဂယောက်ဂယက် ပြိုလဲလုလု ဖြစ်နေတယ်။ မစဲသေးဘဲ သည်းသည်း ရွာသွန်းဆဲ မိုးရေ မိုးစက်တွေလို ဧယဉ်ကျူးမင်းသမီးရဲ့ မျက်ဝန်းထဲက မျက်ရည် တွေ အတောမသတ် စီးကျနေတယ်။ စီးကျနေတဲ့ မျက်ရည်တွေ မသုတ်နိုင်အားဘဲ ဧယင်ပုခက်ကို လွှဲရင်း ရင်ထဲက အသံနဲ့ ဧယင်ချင်းကို သီဆိုရပြန်တာပေါ့။
“သြော်… မရွှင်ပါကြ၊ အရှင်ဆရာသမဏရယ်
သင်္ခါရ ဓမ္မာ…
ယွင်းခန္ဓာဝဲ…၊ မငြင်းသာဘဲဟာမို့…၊ ခွဲရရှာ…
မြေအမတာ နိဗ္ဗူလှမ်းပါတဲ့၊ မြတ်ရဟန်းဆရာတဲ့မှ…၊
မြတ်ရဟန်းဆရာ…”
မင်းသမီးကလည်း သိမ့်သိမ့်ငို၊ ပွဲကြည့်ပရိသတ် ကလည်း အံကြိတ်ပြီး မချိတင်ကဲငို၊ ပျံတော်မူလေသော ဆရာတော်ရဲ့ တပည့်ကြီးတွေကလည်း ရဟန်းတန်မဲ့ တောက် တစ်ချက်ခေါက်ပြီး ရွာလေသည့် တသဲသဲ မိုးကို မော့ကြည့်ကာ ကျိတ်ပြီးငို။
××××× ×××××
တကယ်တော့ မြစ်ကမ်းကြီးရွာကလေး ဆိုတာ မန္တလေးကနေ ဧရာဝတီမြစ်အတိုင်းဆက်သွားရင် မော်တော်နဲ့ဆို သုံးနာရီလောက်သွားရတဲ့ခရီး။ မြစ်ကမ်းဘေးမှာ နွေအခါပေါ်လာတဲ့ သောင်ပြင်ကြီးပေါ် ကိုင်းတွေဖော်ပြီး ပဲခင်းတွေ စိုက်ပျိုးကြ၊ တံငါလုပ်ငန်းတွေ လုပ်ကိုင်ပြီး နေရာအတည်တကျ အခြေစိုက်လို့မရရှာတဲ့ ရွာကလေး။ အမြဲ ပြောင်းရွေ့ကြရတဲ့ ရွာကလေး။ အနီးအနားမှာလည်း သူ့လို ဘဝတူရွာကလေး နှစ်ရွာနဲ့ယှဉ်တွဲပြီး ကိုင်း၊ တံငါ အလုပ်တွေနဲ့ပဲ ပျော်မွေ့နေတဲ့ရွာ ကလေးပေါ့။
မိရိုးဖလာ ကိုင်း၊ တံငါ အလုပ်တွေလုပ်ကြပေမယ့် ဘိုးစဉ်ဘောင်ဆက် ဘာသာတရား ကိုင်းရှိုင်းကြလေတော့ ချွေးနှဲစာနဲ့ စုဆောင်းပြီး ရွာကလေးတွေကိုယ်စီမှာ ရွာဦးကျောင်းကိုယ်စီ နဲ့ အလှူရေစက် လက်နဲ့မကွာ ချမ်းမြေ့စွာ နေထိုင်ခဲ့ကြတယ်။ ရွာဦးကျောင်း ဆရာတော်ဆိုတာ ရွာကလေးတွေရဲ့ အရိပ်ခို အားထားစရာ ကျောက်ထီးအန္တုတွေပါ။ မနှစ်ကတော့ ရွာကလေး တွေရဲ့ ရွာဦးကျောင်း ဆရာတော်တွေအနက် သက်တော်ဝါတော် အကြီးဆုံးဖြစ်တဲ့ မြစ်ကမ်းကြီးရွာက ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ ဟာ သင်္ခါရသဘောကို မလွန်ဆန်နိုင်ဘဲ ဘဝနတ်ထံ ပျံတော်မူခဲ့ ပါတယ်။ တကယ်တော့ မြန်မာကျေးလက်တွေမှာ ကိုးကွယ်အား ထားရာ ဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော်မူရင် တဖက်က လူ့ သဘော လူ့သဘာဝအရ ဆုံးရှုံးခွဲခွာမှုအရ ပူဆွေးကြသလို တဖက်ကလည်း ‘လူ့ပြည်ငြီးလို့နတ်ထီးစံ’တယ်လို့ ယုံကြည်ကြ တာမို့ ဆရာတော်ဘုရားရဲ့ နတ်ပြည်ကြွလှမ်းတဲ့ နောက်ဆုံးခရီး ကို ခမ်းခမ်းနားနားနဲ့ ပွဲလမ်းတွေခင်းကျင်းပြီး ပို့ဆောင်ချင်ကြတာပေါ့။ ဒါကြောင့် ရွာခံအနေနဲ့ ဆင်းရဲနွမ်းပါးကြတော့‘ဘုန်းကြီးသေရွာကြေ’ဆိုတာမျိုး မဖြစ်ရအောင် ငွေကြေး စူဖြိုးကြမယ့် ကိုင်းသီးနှံ ပဲနှမ်းပေါ်ချိန်ကျမှ ဘုန်းကြီးပျံပွဲကျင်းပကြဖို့ ဆရာတော့်ရုပ် အလောင်းကို ငါးလတာမျှ မပုပ်မသိုးအောင် ဆေးစီရင်ပြီး ကျောင်းဝင်းအတွင်း ယာယီစံကျောင်းမှာ နိဗ္ဗာန်ကျောင်းချထားကြတယ်။
ဒီအတွင်း ဘုန်းကြီးပျံပွဲအတွက် မြစ်ကမ်းကြီးရွာ သာမက ရွာနီးချုပ်စပ်တွေအထိ အားခဲလုပ်ကိုင်ကြတယ်။ စား လည်း ဒီစိတ်၊ သွားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ် ပါပဲ။ ဘုန်းကြီးပျံ ပွဲရောက်ရင် ကရဝိက်ယိမ်းထဲပါဖို့ ငွေစုသူစု၊ ပွဲကြည့်ဖို့ အားမွေးသူ မွေး၊ မြို့ကလာမယ့် ကျူလီယာသည်တွေဆီ မိတ်ကပ်နဲ့ နှုတ်ခမ်းနီတောင့်ဝယ်ဖို့ပြင်သူပြင်၊ ဇာတ်မင်းသား ပန်းကုံးပေးဖို့ ကြံသူကြံ၊ ပွဲဈေးတန်းမှာ မုံ့သိုင်းခြုံစားဖို့ အားခဲသူ ခဲ၊ မြင်းခြံဆိုင်တွေက လယ်ယာကိရိယာ တန်ဆာပလာ ဝယ်ဖို့ ပြင်သူတွေပြင်။ ဒီအတောအတွင်း ရွာမှာပြောကြတဲ့ အသံတိုင်း စကားတိုင်း ‘ဘုန်းကြီးပျံပွဲ ရောက်ရင်’ဆိုတဲ့ အသံနဲ့ စကားလုံး မပါမပြီး။ ဒီအတောအတွင်း ရွာကလေးတွေရဲ့ မိုးကောင်းကင် မှာ ‘ဘုန်းကြီးပျံ’ဆိုတဲ့ စကားလုံးတွေနဲ့ချည်း နေခြည်ပြောက်မထိုး အကြားအလပ်မရှိ လွှမ်းခြုံထားလေရဲ့။
ဒီလိုနဲ့ ပြာသာဒ်ချိုးကြ၊ ပွဲခင်း ရှင်းကြ၊ မဏ္ဍပ်တိုင် ထူကြ၊ လောင်တိုက် ဆောက်ကြ၊ အနုထည် ဆင်ကြ၊ မျှော်လင့်ကြ၊ အားခဲကြ။ ဒီလိုနဲ့ ရက်ရှည်လများ ကြိုတင်စီစဉ် တွက်ကိန်းချထား တဲ့အတိုင်း ရွာနဘေးရိတ်သိမ်းပြီးစ ပဲခင်းကြီးများကို ရှင်းလင်း ဖေါ်ထားတဲ့ ပွဲခင်းထဲမှာ ဘုန်းကြီးပျံပွဲတော်ကြီး စတင်ကျင်းပ ပါတော့တယ်။ မျှော်လင့်တကြီး စောင့်စားခဲ့တဲ့ပွဲမို့ ရွာနီးချုပ်စပ်၊ လှည်းနေလှေအောင်းမြင်းဇောင်းမကျန်၊ အိမ် ဆူးဆို့၊ ကလေး လက်တို့၊ ခွေး အို့အို့ ခေါ်ပြီး ဘုန်းကြီးပျံပွဲတော် နွဲပျော်ကြတာပေါ့။ ရွာကာလသားတွေကလည်း ပွဲခင်းဝေယျာဝစ္စကြားက စနိုးမိုးပွင့် ပွတ်၊ ခေါင်းလိမ်းဆီ ရွဲရွဲလူးပြီး ပိုလိုစီးကရက်ခဲကာ ဂိုက်ပေးကြမ်းကြ။ ရွာကွမ်းတောင်ကိုင်တွေကလည်း မိတ်ကပ်နီတာရဲနဲ့ အလောင်းထုတ် ဝင်းခင်းဖို့၊ ကရဝိတ်လှေတော်ယိမ်းမှာ ဆင်နွဲဖို့ မနက်မိုးမလင်းခင် ကတည်းက ဖီးလိမ်းပြင်ဆင်။ ဇာတ်ပွဲခင်းမှာလည်း လှည်းဝိုင်းအပြင်၊ ဆိုင်ကယ်ဝိုင်းပါ တိုးလို့ လော်စပီကာ တညံညံနဲ့ သုံးညအလင်းပွဲအတွက် အားခဲထားကြ။
‘ငွေမင်း ပြေလွင်…၊ ဝေဟင်ရံ ထက်နန်း၊ ထက်နန်း…
မြတ်ဒေဝီ…၊ နတ်ပြေဆီ…၊ မှတ်ရွှေရည်…
ဘုန်း ဘာကြောင့်မြန်း…’
ကရဝိက်လှေတော်ယိမ်းက ဆရာတော်ကြီးရုပ်ကလပ်ကို တင်ပြီး လှေတော်ယိမ်းနဲ့ ဖြေဖျော်နေတယ်။ ပွဲခင်းတွင်း ပရိသတ် အပေါင်းက အားပေးကြလေရဲ့။ သုံးရက်၊ သုံးည၊ သုံးလီ၊ သုံးခါ ခင်းကျင်းမယ့် ဘုန်းကြီးပျံပွဲရဲ့ ကနဦးအစနေ့မှာ ပရိသတ်အားလုံး ဟာ နတ်ပြည်ကြွလှမ်းမယ့် ဆရာတော်ကြီးဂုဏ်ကို ရည်မှန်းပြီး ဦးခိုက်နေကြတယ်။ လေး၊ ငါးလ အချိန်ယူပြီး ပြင်ဆင်ခဲ့ကြရတဲ့ ပွဲအတွက်လည်း ကျေနပ်ပီတိဖြစ်နေကြတယ်။ ဒီနေ့ တစ်နေ့ခင်း လုံး လှေတော်ယိမ်း၊ ပြီးတော့ ဧယင်ကျူး၊ ညနေပိုင်း ပြာသာဒ် ကစား။ ညပိုင်း ဇာတ်ပွဲ။ နောက်ရက်တွေမှာ မနက်ပိုင်း ဗလာ ဆိုင်း ဧည့်ခံ။ ပြီးရင် ပြာသာဒ်ကစား။ နေ့လယ် ဧယင်ကျူး။ ညနေ လှေတော်ယိမ်း။ ညပိုင်း ဇာတ်ပွဲ။ နောက်ဆုံးရက်မှာ မနက်ပိုင်း ပြာသာဒ်ကစား၊ ပြီးရင် စင်ယှဉ်ပေါ်က အလောင်းတော် ကို ကရဝိတ်လှေတော်ယိမ်းနဲ့ ပင့်ပြီး ဧည့်ခံမဏ္ဍပ်ထဲပို့၊ ပြီးရင် ဧယင်ကျူး၊ ဧယင်ကျူးအပြီး ဝင်းခင်းအခမ်းအနားနဲ့ လောင်တိုက်ပေါ် အလောင်းတော် ပင့်ပြီးမီးသင်္ဂြိုဟ်။ ညပိုင်း အရိုးကောက် ဇာတ်ပွဲ။ အစီအစဉ်များက အကြားမလပ်မို့ မျှော်လင့်စောင့်စားကာဆင်နွဲကြဖို့အားခဲကြ။
ဒီလိုနဲ့…
××××× ×××××
ကနဦးနေ့ ယာယီစံကျောင်းက ကရဝိက်လှေတော်ယိမ်း နဲ့ အလောင်းပင့်နေဆဲ မထင်မှတ်ဘဲ အနောက်တောင် မုတ်သုံလေက ဆိုင်းမဆင့် ဗုံမဆင့် ဝှေ့ယမ်းရောက်ရှိလာပါပကော။ ပြိုလုလု မည်းအိ ဆင်းလာတဲ့ မိုးသားတိမ်လိပ်တွေက ဘုန်းကြီးပျံ ပွဲခင်းတစ်ခုလုံး စားတော့ဝါးတော့မတတ်။ မိုးကြိုလေက ထန်းရည်မူးသမားတစ်ယောက်လို ဝှေ့ယမ်း ယိမ်းထိုးကာ လောင်တိုက် ပြာသာဒ်က အနုထည် အချို့ဆွဲဖျက် ဖြုတ်ချလိုက်တော့ ဦးဆောင်ကျင်းပတဲ့ ဆရာတော် အပါအဝင် ရွာလူကြီးတွေ စိုးရိမ် ထိတ်လန့်ကုန်လေရဲ့။
“မြတ်မေရု ရပ်ဒေသာကို…၊ နတ်ဒေဝါအုံ့ဝိုင်း အုံ့ဝိုင်း၊
မှန်းရှုလျှင်…၊ လွှမ်းမှုဆင်…၊
ပန်းဥယျာဉ် ဘုန်းပျော်တဲ့တိုင်း…”လို့
လှေတော်ယိမ်းက သီဆိုဆဲ လေနှင့်အတူ မိုးပါခပ်ကြမ်းကြမ်းသွန်း လာပြန်တယ်။ ရွာဦးကျောင်း ဘုရားခန်းမှာတော့ အုန်းပွဲငှက်ပျောပွဲ အမွှေးတိုင် အလင်းတိုင်များနှင့် မိုးဦးကာလအတွက် အနှောက် အယှက်ပေးနိုင်တဲ့ မိုးကို တားဆီးထားတဲ့ အစီအစဉ်များရှေ့မှာ ပျံတော်မူပြီးလေသော ဆရာတော်ကြီးရဲ့ တပည့်ကြီးဖြစ်သူ သံဃာတော်တစ်ပါးက ‘အို… မိုး၏ ဆိုင်ရာ ဝလာဟကနတ်၊ ပဇ္ဇုန္န နတ်၊ မိုးရပ်ပျော်ပါး နတ်မင်းများတို့’ အစချီပြီး မိုးတိတ်၊ မိုးရပ်၊ မိုးတား နိုင်ဖို့အတွက် ရတနာသုံးပါး ဂုဏ်တော်များ အစချီပြီး ရွတ်ဖတ် တိုင်တည်ပွားများလျှက်။
တက်လာတဲ့ မိုးရိပ် မိုးတိမ်၊ မိုးရေ မိုးပေါက်များကို ကြည့်ရင်း ရွတ်ဖတ် သရစ္ဈာယ်ရင်းနဲ့…၊ မိုးနှင့်လေဟာ ဧည့်ခံ မဏ္ဍပ်ရဲ့ အပြောက်အမွှမ်း ပန်းချီထည်တွေကိုလည်း တစ်ချပ်စီ တစ်ချပ်စီ ဖျက်ဆီးဖြုတ်ချ၊ ပြုတ်ကျကုန်တဲ့ မြင်ကွင်း တွေဟာ ဝမ်းနည်းမျက်ရည်များကြားမှာမို့ ဝေေ၀ဝါးဝါး။ ရွာသူရွာသား ပရိသတ်တွေ ရက်ရှည်လများ ကြိုတင်စုဆောင်း၊ ခက်ခဲပင်ပန်း ကြိုးစားခဲ့ရတဲ့ ဘုန်းကြီးပျံ အန္တိမ ဈာပန အခမ်းအနားကြီးဟာ ကနဦးအစမှာပဲ မိုးနတ်မင်းရဲ့ ရမ်းကား မိုက်ရိုင်းမှုကြောင့် ပျက်စီးရ တော့မှာလေလား။ အခုတော့ဖြင့် နတ်ပြည် ကြွမြန်းမယ့် ဆရာတော်ရဲ့ နောက်ဆုံးခရီး ပူဇော်ရမှု ကြည်နူးမျက်ရည်တွေဟာ တကယ့်အစစ်အမှန် ယူကြုံးမရ ဝမ်းနည်းကြေကွဲမှုမျက်ရည်များ အဖြစ် အားလုံး မျက်ဝန်းမှာ တာကျိုးသွားပါပကော။ တပည့် သံဃာများ မျက်ဝန်း၊ ရွာမိရွာဖများ မျက်ဝန်း၊ ကာလသားများ မျက်ဝန်း၊ ဒကာဒကာမများ မျက်ဝန်း၊ ကွမ်းတောင်ကိုင်များ မျက်ဝန်း၊ ကလေးငယ်များ မျက်ဝန်း။ ရွာနီးချုပ်စပ် ဧည့် ပရိသတ်များ မျက်ဝန်း၊ ဆိုင်းဆရာ၊ ဇာတ် မင်းသား၊ အငြိမ့်မင်းသမီး၊ ၁၂ ပွဲဈေးသည်၊ လူရွှင်တော်၊ မဏ္ဍပ် ဆရာ တို့ မျက်ဝန်း။
နောက်ဆုံးတော့ ကြိုတင်စီစဉ်ထားတဲ့ အစီအစဉ်များ အားလုံးဖျက်သိမ်းပြီး မဖြစ်မနေ ချက်ချင်း ဆောင်ရွက် ရမယ့် ရုပ်ကလာပ်တော် မီးသဂြုႋဟ်မှုအစီအစဉ်အတွက် မိုးလေထဲ ရွှဲနစ် ပြိုပျက်လု ဧည့်ခံမဏ္ဍပ်ထဲ မိုးလေစဲသခိုက် အန္တိမဈာပန ဧယင်ကျူးလေတော့ အားလုံးရဲ့ နှလုံးသားထဲက မျက်ရည်တွေနှင့် ယူကျုံးမရ ဝမ်းနည်း ကြရပြီပေါ့…။
“အတန်တန် … အမှန်ပ မလွဲ…၊
မဏ္ဍပ်တွေ မသွေရံလို့၊
ထေရ်သမဏံ၊ ရုပ်အကြွင်းကို…၊
အမယ်မင်း… သဂြုႋဟ်သည့်ပွဲ…”တဲ့။
ဧယင်ကျူးမင်းသမီးက ဧယင်ပုခက်ကို လွှဲကာလွှဲကာ နှင့် အလုပ်သဘောမဟုတ်ဘဲ ဝမ်းနည်းပက်လက် ငိုပွဲဆင် ပါပကော။
ဧယင်ကျူးပွဲ၊ မျက်ရည်လည်ရွဲ ဆင်နွဲပြီးတာနှင့် အခမ်း အနား ဝင်းခင်းမပါ၊ မိုးလေခဏသာခိုက် လောင်တိုက်ပေါ် အလောင်းတော် တင်လေတော့…၊ ဝတိံရှစ်ရပ် ပြိုးပြက်နန္ဒမူ၊ လိုဏ်ဂူနန်းအလား တလားလောင်တိုက်၊ စင်ယှဉ်ပြာသာဒ် တို့…၊ မိုးလေပစ်မှတ်ကြောင့် မတ်ရပ်က ပြိုလဲတော့လေမလား၊ မခံ့ညား မထည်ဝါနိုင်တော့။
ဒါပေမယ့်လေ…
ထေရ်အရှင်လည်း ဝေဟင်နတ်ပြည်ခရီး အတွက်၊ အမွှမ်းအပြောက် ဒုယင်စိန်တောင်တို့ မပါလေတော့တဲ့ လောင် တိုက်နန်းက ကြွမြန်းလေသောအခါ အားလုံးမှာ မိုးထဲရေထဲ တကယ့်ငိုပွဲ ကြူကြူဆင်ပါပကောလေ…။
သြော်…
အပျော်ဖျက်၊ ကြည်နူးဖျက်၊ ကုသိုလ်ဖျက်…၊
ပွဲဖျက်… ပွဲဖျက် မိုးနှင့်လေ…။
(ဓာတ်ပုံနှင့် အချက်အလက် – ပြေကျော်မြင့်)
ဆူးငှက်