ကိုယ်ပိုင်သံစဥ်တွေ အဓိကသီဆိုခဲ့တဲ့ အဆိုတော်မာရဇ္ဇ ကွယ်လွန်

ဇန်နဝါရီ ၂၄ – ၂၀၂၅
GG (VOM)
ကိုယ်ပိုင်သံစဥ်တေးသီချင်းတွေကိုသာ အများဆုံးသီဆိုခဲ့တဲ့နိုင်ငံကျော် အဆိုတော် မာရဇ္ဇ ဇန်နဝါရီ၂၃ ရက်နေ့ညပိုင်းက ရန်ကုန် ဗဟိုရ်စည်ဆေးရုံမှာ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
အဆိုတော်မာရဇ္ဇရဲ့စျာပနအခမ်းအနားကို မနက်ဖန်မှာပြုလုပ်ဖို့စီစဥ်ထားတယ်လို့သိရပါတယ်။
” ညက ၁၁ နာရီ ၅မိနစ်လောက်မှာဆုံးတယ်လို့သိရတယ်။ ကျောက်ကပ်ကုနေတာ ။အိပ်ယာထဲလဲနေတဲ့အခြေအနေမျိုးတော့လည်းမဟုတ်ဘူး။ကိုမာကြီးကွယ်လွန်သွားတာတော့ ဂီတလောကအတွက်တကယ်ဆုံးရှုံးမှုပါ။အချိန်မတန်သေးဘူးဗျာ။သူက သီချင်းကိုသိပ်ရူးသွပ်တာ။အဆိုတော်အသစ်တွေကိုလည်း ကိုယ်ပိုင်သံစဥ်တွေအဓိကလုပ်ကြဖို့အမြဲပြောတယ်။ ” လို့ မိသားစုနဲ့ရင်းနှီးသူက ပြောပါတယ်။
အဆိုတော်မာရဇ္ဇက ကွယ်လွန်ချိန်မှာ အသက်၅၈ နှစ်ရှိပြီဖြစ်ပြီး မကွေးတိုင်း ၊အထက်မင်းလှမြို့နယ်ဇာတိဖြစ်ကာ ၁၉၆၇နှစ်မှာမွေးဖွားခဲ့ပြီးသားအကြီးဆုံးဖြစ်တယ်လို့သိရပါတယ်။
အဆိုတော်မာရဇ္ဇက ငယ်ငယ်ကလေးဘဝကတည်းက ဂီတကိုဝါသနာပါသူဖြစ်ပြီး အဆိုတော်မဖြစ်ခင် ကိုယ်ပိုင်သီချင်းတွေရေးသားခဲ့ကာ အဆိုတော်ဘဝကို သူရဲ့ကိုယ်ပိုင်သီချင်းတွေနဲ့စတင်ခဲ့တာဖြစ်ပါတယ်။
မာရဇ္ဇဟာ တကိုယ်တော်တေးသီချင်းအယ်လ်ဘမ်ပေါင်း ခုနှစ်ခု ထက်မနည်းထွက်ရှိထားပြီး တကိုယ်တော်ဖျော်ဖြေပွဲတွေလည်းကျင်းပခဲ့ပါတယ်။
မာရဇ္ဇရဲ့ဂီတလောကတလျှောက်မှာ “မိစ္ဆာနဲ့ကိုရုပ်ဆိုး “ဆိုတဲ့စီးရီးနှစ်ခွေသာ ကော်ပီသီချင်းသီဆိုခဲ့ပြီး ကျန်တေးသီချင်းအားလုံးဟာ ကိုယ်တိုင်ရေးသားထားတဲ့ကိုယ်ပိုင်သံစဥ် တေးသီချင်းတွေသာဖြစ်တယ်လို့သိရပါတယ်။
မာရဇ္ဇရဲ့တေးသီချင်းတွေထဲမှာဆိုရင် ” ဆွဲအား ” ကဥ္စနာ ” မျှော်လင့်ခြင်းလေး ” ရည်းစားဦးအတွက်သီချင်း ” ချစ်လို့ “မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး “ရင်သို့တိုးဝှေ့ဆဲပါခိုင် ” စတဲ့တေးသီချင်းတွေက အပါအဝင်ကျော်ကြားခဲ့ပါတယ်။
မာရဇ္ဇကတော့သူကိုယ်တိုင်းရေးသထားတဲ့ကိုယ်ပိုင်သံစဥ်တေးသီချင်းတွေကို သူသက်ရှိထင်ရှားရှိစဥ်အချိန်ကလည်း ပြန်လည်သီဆိုခွင့်မပြုခဲ့သလို သူကွယ်လွန်သွားပါကလည်း သီချင်းတွေကိုဆက်ထိန်းသိမ်းဖို့ လုပ်မယ်လို့အင်တာဗျူးတွေမှာပြောဆိုခဲ့ပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW