ဇန်နဝါရီ ၂၄ – ၂၀၂၅
SN (VOM)
AA က စစ်သုံ့ပန်း နှစ်ယောက်ကို ညှဥ်းပန်းနှိပ်စက်ခဲ့မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးပေးဖို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights က မနေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှ ထုတ်ပြန် တောင်းဆိုထားပါတယ်။
“ဖမ်းဆီးရမိတဲ့ ရန်သူစစ်သားတွေကို စစ်သုံ့ပန်းတွေအဖြစ် အမြဲတမ်း ဂုဏ်သိက္ခာရှိစွာ ဆက်ဆံသင့်ပြီး ဂျီနီဗာကွန်ဗင်းရှင်းတွေရဲ့ အကာအကွယ်တွေကို ပေးဆောင်ကာ စစ်ရာဇ၀တ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားစွဲဆိုသင့်တယ်” လို့ Ejaz Min Khant က ပြောပါတယ်။
ICC အနေနဲ့ NUG မှအပ်နှင်းထားပြီးတဲ့ အာဏာတွေကို အသုံးပြုပြီး AA စစ်ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးသင့်ကာ ယင်းကို ပျက်ကွက်ပါက ICC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီပြစ်မှုတွေကို ရောမဥပဒေရဲ့ အပိုဒ် ၁၄ အရ အစိုးရရှေ့နေချုပ်ထံ တိုက်ရိုက် လွှဲပြောင်းပေးသင့်တယ်လို့ Fortify Rights မှ အကြံပြုထားပါတယ်။
၂၀၂၁ ခုနှစ်၊ သြဂုတ်လမှာ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) ဟာ ရောမဥပဒေပါ တရားရုံးဥပဒေပုဒ်မ ၁၂ (၃) အရ တရားရုံးရဲ့ တရားစီရင်ပိုင်ခွင့်ကို ပေးဆောင်ဖို့ ICC ကို ကြေငြာချက် တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ICC မှ တရားဝင် အသိအမှတ်ပြုခဲ့တယ်လို့ သိရပါတယ်။
Rome Statute ရဲ့ အပိုဒ် ၁၄ ဟာ ICC အဖွဲ့ဝင်နိုင်ငံတွေကို တရားရုံးရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရာဇ၀တ်မှုတွေကို ICC အစိုးရရှေ့နေချုပ်ထံ တိုက်ရိုက် ကိုးကားပိုင်ခွင့်ပေးထားတယ်လို့ သိရပါတယ်။
ဒါအပြင် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း စစ်ရာဇ၀တ်မှုတွေအတွက် တရားမျှတမှုရှိစေရမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က လူသိရှင်ကြား ကတိပြုထားပြီး လုပ်ငန်းစဉ်ဆိုင်ရာ အခွင့်အရေးတွေနဲ့ အချိုးကျ သင့်လျော်တဲ့ ပြစ်ဒဏ်တွေကို အာမခံပေးမယ်လို့လည်း ပြောဆိုထားပါတယ်။
ခိုင်သုခက “စစ်ရာဇ၀တ်မှုကျူးလွန်ခံရသူတွေ တရားမျှတမှုရရှိရေးအတွက် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားပါမယ်။ မကြာသေးမီက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ AA အနေနဲ့ ဖမ်းမိထားတဲ့ စစ်အစိုးရတပ်တွေ ကျူးလွန်လာနိုင်တဲ့ စစ်ရာဇ၀တ်မှုတွေကို စနစ်တကျ စုံစမ်းစစ်ဆေးသွားမှာ ဖြစ်တယ်” လို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ပြောဆိုထားတာ ဖြစ်ပါတယ်။
လက်ရှိ Fortify Rights အဖွဲ့က ထုတ်ပြန်ထားတဲ့ စစ်သုံ့ပန်း နှစ်ယောက်ကို AA တပ်ဖွဲ့ဝင်တွေက ညှဥ်းပန်းနှိပ်စက်ခဲ့မှုနဲ့ ပတ်သက်လို့လည်း ခိုင်သုခက ဒီဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့က ဖြစ်ခဲ့တာလို့ ဘီဘီစီသတင်းဌာနကို ဝန်ခံဖြေကြားထားတာ တွေ့ရပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၉ ) ကို AA က ထိုးစစ်ဆင်ချိန်မှာ တပ်ဖွဲ့ဝင်တချို့က စစ်စည်းကမ်း ချိုးဖောက် ကျူးလွန်ခဲ့တာဖြစ်ပြီး AA အနေနဲ့ အဲဒီဖြစ်စဉ်မှာ ပါဝင်တဲ့ တပ်မှူးငယ်တချို့နဲ့ ပါဝင်သူအားလုံးကို ဖော်ထုတ်အရေးယူ အပြစ်ပေးထားသလို စစ်စည်းကမ်းဖောက်ဖျက် လက်စားချေမှုကို လုံးဝ လက်မခံဘူးလို့ ပြောဆိုထားပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်မှာ AA တပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်တွေက ဖမ်းဆီးခံထားရသူ နှစ်ယောက်ကို ညှဥ်းပန်းနှိပ်စက်နေတာကို တွေ့ရတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
ဒါအပြင် အလားတူဖြစ်ရပ်ကို မတူညီတဲ့ ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကိုလည်း Fortify Rights က ဇန်နဝါရီလ ၉ ရက်နေ့မှာ လက်ခံရရှိခဲ့ပြီး အဲဒီ မှတ်တမ်းနှစ်ခုကို စစ်ဆေးကြည့်တာမှာ စစ်မှန်မှုရှိတယ်လို့ ယုံကြည်ပြီး အခင်းဖြစ်ပွားရာ နေရာကိုတော့ အတည်မပြုနိုင်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ရုပ်သံဖိုင်မှာပါဝင်တဲ့ AA တပ်ဖွဲ့ဝင်တွေရဲ့ ပြောစကားအရ AA အရာရှိ တပ်မှူးတယောက်က သုံ့ပန်းနှစ်ယောက်ကို ကွပ်မျက်ဖို့ အမိန့်ပေးထားနိုင်တာကိုလည်း တွေ့ရှိရပြီး အဲဒီ ဗီဒီယိုအဆုံးမှာ နှိပ်စက်ခံထားရသူ နှစ်ယောက်ဟာ သေဆုံးပုံမပေါ်ပေမယ့် သူတို့ရရှိတဲ့ ဒဏ်ရာတွေကြောင့် အသက်ရှင်နိုင်ဖွယ် မရှိဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်မှာ AA မှ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို Fortify Rights အဖွဲ့မှ တောင်းဆိုထားပြီး ပျက်ကွက်ခဲ့ရင်တော့ ICC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရောမဥပဒေရဲ့ အပိုဒ် ၁၄ အရ မြန်မာနိုင်ငံက အခြေအနေတွေကို အစိုးရရှေ့နေချုပ်ထံ ချက်ချင်းလွှဲပြောင်းပေးသင့်တယ်လို့ ပြောဆိုထားတဲ့အတွက် လက်ရှိဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှေ့ဆက် ဘယ်လိုဖြစ်လာမယ်ဆိုတာကို အားလုံးက စိတ်ဝင်စားလျက်ရှိပါတယ်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ၊ စစ်ဥပဒေလို့လည်း လူသိများတဲ့ ဥပဒေဟာ စစ်သုံ့ပန်းတွေကို ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ အကျဉ်းချုပ်ကွပ်မျက်ခြင်းမှ ကာကွယ်ပေးတယ်လို့ သိရပါတယ်။
၁၉၄၉ ဂျီနီဗာသဘောတူညီချက်လေးခုရဲ့ ဘုံအပိုဒ် ၃ မှာ “လက်နက်ချထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ” နဲ့ တက်ကြွမှုမရှိတော့တဲ့သူတွေကို ကာကွယ်ပေးတယ်လို့ သိရပါတယ်။
ဒါအပြင် နိုင်ငံတကာဥပဒေမှာလည်း ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကို တားမြစ်ထားတဲ့အတွက် ဘုံပုဒ်မ ၃ ကို ချိုးဖောက်ခြင်းဟာ စစ်ရာဇဝတ်မှုတွေဖြစ်ပြီး အဲဒီ ရာဇ၀တ်မှုတွေအတွက် တာဝန်ရှိသူတွေဟာ နိုင်ငံတကာဥပဒေအရ တာဝန်ခံသင့်တယ်လို့ Fortify Rights အဖွဲ့က ပြောဆိုထားပါတယ်။
ဒါအပြင် AA နဲ့ မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခမှာ ပါဝင်တဲ့ အဖွဲ့အစည်း အင်အားစုတွေအားလုံးကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အပါအဝင် နိုင်ငံတကာ တရားမျှတမှု ယန္တရားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ Fortify Rights အဖွဲ့က ထုတ်ပြန်ချက်မှာ တိုက်တွန်း တောင်းဆိုထားပါတယ်။
Photo:Fortify Rights