ထမင်းကပူ…၊ ဟင်းကပူ…

 

 

ဆူးငှက်

 

“ဖားပေါင်စင်းကို၊ ချင်းပလိုင်းဝယ်။

ခရုပီလော…၊ ရောနှော၍သာလွယ်။

ဟင်းရွက်ကယ်နုနယ်၊ တစ်သွယ်ကန်စွန်း။

ဆူးပုပ်ကယ်ကင်းပုံ၊ အလုံးစုံ။

ဖူးငုံသာရော၍ ပြွမ်းသည်နှင့်လေး…”

 

ဝန်ကြီးပဒေသရာဇာရဲ့ လယ်သမားက နေ့လယ်စာကို အခုလိုစားခဲ့တယ်။ မိုးရေထဲ ထွန်ရေးငင်အပြီး လယ်ကန်သင်းရိုးနဲ့ လယ်တောတစ်ခွင်က လတ်လတ်ဆတ်ဆတ်ရလာတဲ့ ဖားပေါင်စင်းနဲ့ တောရွက်သီးနှံတွေ ပူပူနွေးနွေးချက်ပြုတ်ပြီး နေ့လယ်စာကို မိသားတစ်စု ဝိုင်းဖွဲ့စားခဲ့ကြတာကိုး …။

 

လတ်တလောချက်ပြုတ်စားကြလို့ ထမင်းကပူ၊ ဟင်းကပူနဲ့ ရှမ်းငရုတ်တောင့်ကိုက်ပြီး နှာရည်တရွဲရွဲနဲ့ မြိန်ရေရှက်ရေစားကြတာပါတဲ့။

 

နန်းတော်ရှေ့ဆရာတင်ရဲ့ လက်ရေတစ်ပြင်တည်း သီချင်းထဲမှာလည်း “တံစို့ပေါ်မှာကင်တယ်၊ ဆူရင်ခပ်ပြီး၊ ဟင်းရွက်ကန်စွန်းပေါင်းနဲ့ ရေအင်တုံဝယ်၊ သောင်းပြောင်းရောလို့နယ်…”ပြီး “မိုးမျှော်ငရုတ်သီးထောင်းနဲ့ ကိုဘိုကေရယ်…၊ ဒေါင်းလန်းကြီးရဲ့အလယ်”မှာ နေ့လယ်စာကို ဝိုင်းဖွဲ့စားကြတာပဲ မဟုတ်ပါလား။

 

ဘာပဲပြောပြော…၊ စားကောင်းတဲ့သားငါးနဲ့ ဟင်းသီးဟင်းရွက်ကို လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးချက်ပြုတ်စားရရင် “မြိန်ဖွယ်ပ ဟင်းကောင်း”ချည်း ဖြစ်ပါတယ်။ ကျွန်တော့်အဖေကတော့ “ထမင်းပူ ဟင်းပူပူလေးစားရရင် ကြက်သားဟင်း၊ ဝက်သားဟင်း မလိုပါကွယ်”လို့ ပြောလေ့ရှိပါတယ်။

ဟုတ်ပါတယ်။ အဖေနဲ့ အမေက ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေဆိုတော့ မနက်စောစာ ဆွမ်းဟင်း၊ ဆွမ်းထမင်းချက်ပြုတ်ပြီးရင် ဈေးထွက် ကြရပါတယ်။ ဈေးရောင်းအပြန် ၁၁နာရီလောက်မှ ဈေးထဲက ဟင်းသီးဟင်းရွက်၊ သားငါးလေးတွေဝယ်လာ မီးသွေးမီးဖိုမွှေးပြီး ချက်တော့တာပါ။ မွန်းမတည့်မီ ထမင်းအိုးချက်၊ ဟင်းအိုးပွက်ပါပြီ။ ဒီတော့မှ မိသားတစု စားပွဲဝိုင်းပေါ် ထမင်းဟင်းပြင်ဆင်ပြီး ဝိုင်းဖွဲ့စားကြတာပါပဲ။ ထမင်းကပူ၊ ဟင်းကပူမို့ တရှူးရှူးဟင်းရည်သောက်ရင်း နွေအခါဆို ချွေးတလုံးလုံး၊ မိုးတစိမ့်စိမ့်မှာ တစ်ကိုယ်လုံးနွေး၊ ဆောင်းတွင်းမှာလည်း အချမ်းပြေပြီး အနွေးထည်ချွတ်ရတဲ့ နေ့လယ်စာထမင်းဝိုင်းတွေပါပဲ။

 

ဥပုသ်နေ့လိုမျိုး အဖေအမေဈေးနားရင်တော့ စောစောစီးစီးချက်ပြုတ်ပြီး မနက်၁၀နာရီလောက်ဆိုရင် နေ့လယ်စာ ထမင်းဝိုင်းဖွဲ့ ဖြစ်ကြပြီလေ…။ ပုံမှန်နေ့တွေထက်စောပြီး မိသားစုထမင်းဝိုင်းဖွဲ့တာမြင်ရင် မြောက်နားအိမ်က ဦးကြီးဘထွန်းက…“ဟ… ရွာအနောက်တံခါးမှာ လူမြင်တယ်ထင်တယ်။ တောင်ဘက် အိမ်ကထမင်းဝိုင်းက တယ်ဝီရိယ ကောင်းနေပါလား”လို့ လှမ်းအော်တတ်တယ်။ အဖေတို့ ဦးကြီးတို့က တောရွာမှာ မွေးဖွား ကြီးပြင်းခဲ့ကြတာ ဆိုတော့ မြို့ပေါ်ရောက်ပြီး သားသမီးပွားစီးအခြေကျသည်မှပင် ရွာဓလေ့ရွာစရိုက်လေးတွေက ပြန်လည် တသ လွမ်းဆွတ်ကြတာပါ။ ရွာမှာ ရွာစည်းရိုး၊ ရွာတံခါးအနား အထူးသဖြင့် လူသူအသွားအလာနည်းပြီး “လုပ်တိုင်း”၊ “သင်္ချိုင်း”၊ သုဿန်”သာထားရှိတဲ့ ရွာအနောက်တံခါးအနား လူစိမ်း၊ သူစိမ်း အရိပ်အကဲမြင်ရင် ရွာတံခါး စောစောပိတ်ပြီး။ ကိုယ့်အိမ်၊ ကိုယ့်ဝိုင်းထဲမှာ မီးခွက်မှုတ်၊ ရွာလုံခြုံရေးကင်းစောင့် သတိပြုကြရမှာမို့ ထမင်း စောစောစားထားကြတဲ့ ဓလေ့ကို ဦးကြီးက ပြန်သတိရစေတာပါ။

 

ကြုံတုန်းလက်စပြောပါရစေဦး။ အကယ်၍ နေ့လယ်နေ့ခင်းထမင်းဟင်းမချက်ရသေးလို့ အမေများ ပျာယာခပ်နေပြီဆိုရင် ဦးကြီးက “ဟဲ့… မိချောရင်ရဲ့ ဘာလို့ဒီလောက်ပျာယာခတ်နေတာလဲ၊ ညောင်ပင်ယာမှတ်လို့၊ ရုံတော်ကြီး ဘာလုပ်ဖို့ထားတာတုံး”တဲ့။ ညောင်ပင်ယာ ဆိုတာ သူတို့ရွာကနေ ခပ်လှမ်းလှမ်း တောထဲက ယာခင်းပါ။ ညောင်ပင်ယာမှာတော့ အိမ်ကကို ဗူးသီးခြောက်နဲ့ ရေထည့်၊ ငှက်ပျောဖက်လေးနဲ့ မုန့်ဆီကြော်၊ ပဲငါးပေါင်းကြော်ထည့်သွားမှ ကိုယ့်ဝမ်းဖြည့်နိုင်မှာကိုး…၊ ရုံတော်ကြီးဆိုတာ မန္တလေးမြို့လယ်ခေါင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်၊ ဈေးချိုတော်ကြီး တောင်ဘက်မှာရှိတာပါ။ သီပေါမင်းခေတ်က ထီဖွင့်တဲ့ရုံကြီးရှိလို့ ရုံတော်ကြီးလို့ခေါ်တာ…။ ကိုလိုနီခေတ်လောက် ကစပြီး စစ်ပြီးခေတ်မှာတော့ ရုံတော်ကြီးမှာ တရုတ်စားသောက်ဆိုင်ကြီးတွေ၊ ဟော်တယ်ကြီးတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ အဖျော်ယမကာဆိုင်တွေ အများကြီးရှိခဲ့တဲ့၊ အခုထိရှိဆဲနေရာပေါ့။ သဘောက ညောင်ပင်ယာလို ဘာမှဝယ်စားစရာမရှိတဲ့နေရာမှမဟုတ်ဘဲ၊ ထမင်းမကျက် ဟင်းမကျက်လို့ ပူစရာလား။ ရုံတော်ကြီးသွားပြီး ခေါက်ဆွဲကြော်ဝယ်ပါလား၊ အစိမ်းကြော်ဝယ်ပါလား၊ တောက်တောက်ကြော်ဝယ်ပါလား ဆိုတဲ့သဘော…။

 

အစိမ်းကြော်၊ တောက်တောက်ကြော်ဆိုလို့… အဲဒီလို ရုံတော်ကြီးက တရုတ်အစားအစာမျိုးကို ငယ်ငယ်ကတစ်နှစ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ စားရလေ့ရှိတယ်။ ဆွေမျိုးသားချင်းထဲက ဝါမဝင်ခင်နဲ့၊ သီတင်းကျွတ်မှာ မင်္ဂလာဆောင်ကြရင် မင်္ဂလာဧည့်ခံပွဲကို အိမ်ရှေ့မှာပဲ မဏ္ဍပ်ထိုးပြီး ကာဖီရည်(ဒါမှမဟုတ်) ရေခဲမုန့်နဲ့ ကိတ်မုန့်ကျွေး၊ ဆေးလိပ် ယပ်တောင် ကမ်းပြီးကျင်းပတယ်။ မင်္ဂလာဧည့်ခံပွဲပြီးချိန် နေ့လယ်နေ့ခင်း (ဒါမှမဟုတ်) ညနေခင်းမှာ ကူညီညာလုပ်ကိုင်ပေးတဲ့ လူငယ်တွေကို ရုံတော်ကြီးက တရုတ်စားသောက်ဆိုင်မှာ သတို့သားသတို့သမီးက ထမင်းကျွေးတယ်။ အခုလို ယိုးဒယားစာ၊ ဥရောပစာ၊ အီတလီစာ၊ ကိုရီးယားစာ တွေ ဆန်းဆန်းပြားပြားတော့မရှိဘူးပေါ့။ ဝက်စတူး၊ ဝက်ကုန်းဘောင်၊ အစိမ်းကြော်၊ တောက်တောက်ကြော်… ဆိုတာမျိုးပါ။ ထမင်းဝိုင်းမှာပေးနေကျ ဟင်းချိုရည် အစား ဆွန်တာဟင်းရည်ကို ကြက်သွန်ဖြူဓားပြားရိုက်၊ ငရုပ်သီးစိမ်းနိုင်းချင်းနဲ့ မှာတတ်ရင် လူရာဝင်လှပြီ။ ဒီထက်ကဲပြီး ငါးခေါင်းဟင်းရည်ဆိုတာ မျိုးမှာတတ်ရင် တော့ အတော်လူရည်လည်ပြီပေါ့လေ…။ အဲဒီတုန်းက လူ ၁၀ယောက်လောက် အားပါးတရစားကြတာ ငွေ၃၀၀ကျပ်ပျော့ပျော့ပဲကုန်ပါတယ်။ ဝါတွင်းလပြည့်လိုမျိုးဆိုရင်တော့ အမေအဖေ ဥပုသ်သည် တွေက အထူး အခွင့်အရေး အနေနဲ့ ခေါက်ဆွဲကြော်ဝယ်စားတတ်ပါတယ်။ ခေါက်ဆွဲကြော်ကိုတော့ ရုံတော်ကြီး ထိ သွားဝယ်စရာမလိုပါဘူး။ ထီးတိုင်ဈေးထိပ်မှာ ဦးကြင်ရွှေခေါက်ဆွဲကြော်ဆိုင်ရှိတယ်။ ၂၄နာရီ ရေနွေးငွေ့တွေနဲ့ တစ်ဆိုင်လုံးလည်း ကျပ်ခိုးတွေ စွဲနေတဲ့ခေါက်ဆွဲဖိုက ဒယ်အိုးကြီးမှာခေါက်ဆွဲတွေကို တရှဲရှဲကြော်တယ်။ ပြီးရင် ကြာဖက်၂ထပ်ခံထားတဲ့ထဲ ခေါက်ဆွဲကြော်တွေကို သံယောက်ချိုကြီးနဲ့ ကော်ထည့်တယ်။ မွှေးလို့ … ။ ကြာဖက်တွေ ၂ထပ်ကြားမှာ ကြက်သွန်ဥကြီးကို အကွင်းလိုက်လှီးပြီး ခရမ်းချဉ်ဆော့တွေ ငရုပ်ရည်တွေဆမ်းထားတာတည့်ပေးတယ်။ ပြီးရင် ခေါက်ဆွဲကြော်ထုပ်ကို လျှော်ကြိုးနဲ့ ချည်ပေးလိုက်တာပါ။ ဟင်းရည်ကို ဒါန်ချိုင့်နဲ့ထည့်ပေးတယ်။ တရုတ်နံနံနဲ့ ငရုပ်ကောင်းမှုန့်ဖြူးပေးလိုက်သေး …။ ခေါက်ဆွဲကြော်က တစ်ပွဲသုံးကျပ်…။ မိသားစု ၃ယောက် ၀၀လင်လင် စားနိုင်တယ်။

 

ပြန်စဉ်းစားလိုက်တော့ နေ့လယ်စာကို မနက်၁၀နာရီမှာပဲ စားရသည်ဖြစ်စေ…၊ မွန်းတည့်မှပဲ စားရသည်ဖြစ်စေ။ မွန်းတိမ်းမှ စားရသည်ဖြစ်စေ။ ရုံတော်ကြီးက စားရသည်ဖြစ်စေ။ ဦးကြင်ရွှေဆိုင်က စားရသည်ဖြစ်စေ။ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးမို့ မြိန်တာချည်းပါပဲ။ လတ်လတ်ဆတ်ဆတ်ထမင်းပူပူ၊ ဟင်းပူပူရဲ့ အရသာပါပဲ။ ဒါကြောင့် ဇနီးသည်ကို “ထမင်းပူပူ၊ ဟင်းပူပူ”ငယ်လွမ်းဝေဒနာကို ရင်ဖွင့်ပြဖူးတော့… “အမလေးတော်… တော့်တို့ ငယ်ငယ်က တော်တို့မိဘများက မနက်ပိုင်းဈေးထွက်ပြီးရင် တစ်နေကုန်နားနိုင်သတော့…၊ ဝါတွင်းဝါပဥပုသ်ဆိုလည်း နားနိုင်သေး။ အခါကြီးရက်ကြီးဆိုလည်းနားနိုင်သေး …။ အခုကျုပ်မှာက ကလေးတွေ ကျူရှင်ချိန်အမှီ ချက်ရပြုတ်ရ…၊ ဒီကြားထဲ တော့ လျှပ်စစ်မီးလာတဲ့အချိန် အပြေးအလွှားချက်ရတာ … ၊ မီးသွေးက တစ်ထောင်ဖိုးမှ ကြွပ်ကြွပ်အိတ်လေးနဲ့ ထမင်းအိုးတစ်လုံးချက်စာလောက်လေး ရတာ …”စတဲ့ စီခြောက်ဆယ် တစ်ခွေစာမက၊ ဒီဗီဒီ တစ်ချပ်စာအထိ ငြီးချင်းတွေ တစ်ရစပ်ကြားရတော့တာပါပဲ။ ထမင်းပူ၊ ဟင်းပူတော့မရပါဘူး၊ နားတော့ အတော်ပူသွားတာပါပဲ။

 

ဟုတ်တော့လည်း ဟုတ်ပါရဲ့ ကလေးတွေကျောင်းချိန်၊ ကျူရှင်ချိန်မီ အပြေးအလွှားချက်၊ ချက်ပြီးသမျှ ကြောင်အိမ်ထဲသွတ်ပြီး ကိုယ်စီကိုယ်စီ အိမ်ကခွာကြရတာကိုး။

 

မိသားစုမျက်နှာချင်းဆိုင်ထမင်းစားရတယ်ဆိုတာ ရှာမှရှားပါပဲ။ အဲ … ကျွန်တော်ကတော့ ကိုယ့်အလုပ်စားပွဲကနေ နေ့လယ်စာကို ကြုံတဲ့နေရာစားတဲ့ အလေ့အကျင့်က ဆယ်စုနှစ်တစ်စုနီးပါးရှိနေပါပြီ။ ကိုယ်တစ်ယောက်တည်းလို့တော့ မဟုတ်ပါဘူး။ နေ့လယ်စာအတွက် ကြုံတဲ့နေရာ ကြုံတဲ့ဆိုင်တွေမှာ စားသောက်ကြနေတဲ့ ကျောင်းသူကျောင်းသား၊ ရုံးသူရုံးသား၊ ကုမ္ပဏီဝန်ထမ်း၊ ပညာရှင်၊ လက်လုပ်လက်စားတွေဆိုတာ အများကြီးပါလား။ ဒါကြောင့်လည်း လက်ဖက်ရည်ဆိုင်တိုင်းမှာ ထမင်းဆီဆမ်း၊ ထမင်းသုပ်၊ လက်ဖက်ထမင်း စတာတွေအပြင် လမ်းထောင့်တိုင်းမှာ ပုံစားရောင်းတဲ့ တစ်ခါပြင် မတ်တပ် ထမင်းဆိုင်တွေလည်း အများအပြား။ တချို့ စက်ဘီး၊ တချို့ခြေကျင်၊ တချို့ဆိုက်ကားရပ်၊ တချို့ဆိုင်ကယ်၊ တချို့ကားနဲ့၊ တိုက်ပုံနဲ့၊ စွပ်ကျယ်နဲ့၊ တီရှပ်နဲ့၊ စတစ် ကော်လာဖြူနဲ့၊ ကျောင်းစိမ်းနဲ့၊ ကုမ္ပဏီယူနီဖောင်းနဲ့၊ အနောက်တိုင်းဝတ်စုံ နက်တိုင်နဲ့။ ထမင်းဆိုင်က ထမင်းဟင်းနဲ့ ပြီးတာလည်းရှိရဲ့။ လက်ဖက်ရည်ဆိုင်က ထမင်းဆီဆမ်းနဲ့ လက်ဖက်ထမင်းနဲ့ ပြီးတာလည်းရှိရဲ့။ ဟင်းပုံပေးတဲ့ ဇလုံကြီးနဲ့ ပြီးတာလည်းရှိရဲ့။ ဘာထမင်းမှ မစားဖြစ်ဘဲ ပလာတာတစ်ချပ် ကော်ဖီတစ်ခွက်နဲ့ ပြီးတာလည်းရှိရဲ့ ။ မန်းမြို့တော် ပေါက်စီတစ်လုံးနဲ့ လက်ဖက်ရည်တစ်ခွက်နဲ့ ပြီးတာလည်းရှိရဲ့။ မင်းသီဟ ပဲကိတ်တစ်ခုနဲ့ ကော်ဖီချိုချိုတစ်ခွက် နဲ့ပြီးတာလည်းရှိရဲ့။

 

ကျွန်တော်လည်း နေ့လယ်စာကို အများနည်းတူကြုံသလိုပဲ အဆင်ပြေသလိုစားရတော့ ထမင်းပူပူ၊ ဟင်းပူပူလေးကို မရနိုင်ခဲ့ပေမယ့်။ ညစာအတွက် ဇနီးသည်က ကြိုးစားရှာပါတယ်။ မနက်က ထမင်းလေးပြန်နွေး ပေးပြီး လတ်တလောဝယ်လာတဲ့ ကိုက်လန်ရွက်၊ ကန်စွန်းရွက်လေးကြော်ပြီးတော့ ကြက်ဥလေးကြော်…။ အချိန်လေးရရင် ပဲရာဇာဟင်း အရည်သောက်ချက်…၊ ထမင်းကပူ၊ ဟင်းကပူ …၊ ရှူးရှူး … ပဲရာဇာဟင်းရည်နဲ့ပေါ့လေး … ။

 

တစ်နေ့က ကျွန်တော့မိတ်ဆွေကြီး မြေတူးဥယျာဉ်ခြံစိုက်အလုပ်သမား ကိုစံမြနဲ့ သူ့အလုပ်ခွင်မှာ တစ်နေ့လယ်ခင်းတွေ့လို့ “လျှာရင်းမြက်အောင်…၊ ဘာဟင်းချက်စားကြသလဲ” လို့ မေးမိတော့ … “ဆရာရေ…၊ ကန်တူးရင်းရတဲ့ ငါးကလေးတွေကြော်ချက် နံနံပင်နဲ့ ငရုပ်သီးစိမ်းလေးအုပ်တယ်။ ခြံထဲက ရုံးပတီသီးနဲ့ ပဲဟင်း၊ စည်းရိုးက ဂွေးတောက်ရွက်လေး ငရုပ်သီးစပ်စပ်ချက်ထားရဲ့ ” လို့ပြောတယ်။ “ခင်ဗျားဟာ…၊ နေ့လယ်စာလား ညစာလား”လို့ ထပ်ဆင့်မေးခွန်းကိုတော့ နားမလည်သလိုကြည့် ပြီး “ဟာ… ဆရာကလည်း နေ့လယ်စာတွေ ညစာတွေ လုပ်မနေပေါင်ဗျာ…။ နေ့လယ်အလုပ်နားချိန် ၂ချက်ခွဲလောက်ကျမှ ပူပူလေးချက်ပြုတ် စားလိုက်ကြတာ…။ ညစာရယ်လို့ မစားဖြစ်ပေါင်ဗျာ…။ ဆယ်အိမ်ခေါင်းအိမ် ကိုရီးယားကားသွားကြည့်ပြီး သတင်းလာတာနဲ့ အိမ်ပြန် အိပ်ပျော်သွားတာပဲ ဥစ္စာ…။ အဲ… နေ့လယ်စာမဟုတ်၊ ညစာမဟုတ် စက စာပေါ့ဗျာ…။ တစ်နပ်နဲ့တစ်နေ့စာ တစ်ခါတည်းပြီးသွားတာပါပဲ။ ပူပူနွေးနွေးလည်း စားရသေး  … ”တဲ့ ပြန်ဖြေပါတယ်။

 

မဆိုးဘူး … ။ ဒီအစီအစဉ်ကို ဇနီးသည်ဆီပြန်ပြောပြရင် ရာနှုန်းပြည့်ထောက်ခံမှာ သေချာတယ်။

 

ဟုတ်တယ်… ကျွန်တော်တို့လည်း နေ့လယ်စာမဟုတ် ညစာမဟုတ် စကစာ ပဲစားဖို့စီစဉ်မယ်။ ဟဲဟဲ… အာလူး၃လုံး တထောင်၊ ကြက်ဥတလုံး ငါးရာဆိုတဲ့ ခေတ်မှာ ထမင်းတနပ် သက်သာ နည်းလားလို့ ချွေတာတာတော့ညမဟုတ်ပါဘူးဗျာ…။ ထမင်းပူပူ၊ ဟင်းပူပူ လတ်လတ်ဆတ်ဆတ်လေး စားချင်လို့။ အသက် ၅၀ ကျော်ရင် ထမင်းတစ်နပ်ပဲည စားတာက ကျန်းမာရေး အတွက် ဘာဆိုလား၊ ညာဆိုလားဗျာ… ။          ။

 

ဆူးငှက်

 

#voiceofmyanmar #VOM  #ထမင်းကပူဟင်းကပူ #ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW