ဘန်ကောက်ရဲ့ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး စာသင်ကျောင်း ၃၅၀ ကျော်ထိ စံချိန်တင် ပိတ်ထားရ

ဘန်ကောက်၊ ဇန်နဝါရီ-၂၅-၂၀၂၅
မျိုးဆက်(VOM)
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း ၃၅၀ ကျော်ထိ စံချိန်တင် ပိတ်ထားရပြီး ဒါဟာ ငါးနှစ်အတွင်း အမြင့်ဆုံးဖြစ်တယ်လို့ မြို့အာဏာပိုင်တွေက ပြောပါတယ်။
လေထုညစ်ညမ်းမှု နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘန်ကောက်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုကို လျှော့ချရေးအတွက် မြို့တော်ရဲ့ မိုးပျံရထား၊ ဘတ်စ်ကားဝန်ဆောင်မှုတွေအပါအဝင် အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေကို တပတ်ကြာ အခမဲ့စီစဉ်ပေးမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
ရာသီအလိုက် လေထုညစ်ညမ်းမှုဟာ ဒေသတွင်းရှိနိုင်ငံတွေနည်းတူ ခံစားရလေ့ရှိပေမယ့် ယခုသီတင်းပတ်အတွင်း မီးခိုးမြူတွေကြောင့် အကြီးစားမော်တော်ယာဉ်တွေ မောင်းနှင်မှုကို ကန့်သတ်ထားပြီး ဝန်ထမ်းတွေကိုလည်း နေအိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။
သောကြာနေ့မှာတော့ ဘန်ကောက်ရဲ့ လေထုညစ်ညမ်းမှုဟာ အဆုတ်ကနေ သွေးကြောထဲထိဝင်ရောက်နိုင်အောင် သေးငယ်တဲ့ အမှုန်းအမွှားပါဝင်မှုအဆင့်ဟာ ၁ ကုဗမီတာမှာ ၁၀၈ မိုခရိုဂရမ်ထိ ပါဝင်နေတယ်လို့ IQAir ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အဲဒီလို လေထုညစ်ညမ်းမှုနဲ့ ၂၄ နာရီကြာ ထိတွေ့မှုဟာ တနှစ်အတွင်း ၁၅ ရက်ထက် မပိုသင့်ဘူးလို့ အကြံပြုထားပါတယ်။ ဘန်ကောက်မြို့ဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံး အဆင့်ငါးချိတ်နေပါတယ်။
အိမ်နီးချင်း ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား မြို့တော်တွေမှာလည်း သောကြာနေ့မှာ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားနေပါတယ်။ ဖနွမ်းပင်နဲ့ အခြားပြည်နယ်လေးခုမှာ လေထုညစ်ညမ်းမှု အနီရောင်အဆင့် ရောက်ရှိသွားကြောင်း ကမ္ဘောဒီးယား သဘာ၀ပတ်ဝန်းကျင် ဝန်ကြီးဌာနက ပြောပါတယ်။
လေထုညစ်ညမ်းမှုဟာ အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာ စာသင်ကျောင်းတွေ ပိတ်ထားတာအပါအဝင် အာရှတိုက်ရှိ အခြားနိုင်ငံအချို့မှာလည်း ဖြစ်ပွားနေပါတယ်။ ပါကစ္စတန်မှာ အဓိကမြို့ကြီးတချို့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘေးကင်းရေးအဆင့်ထက် အဆ ၃၀ တိုးပြီး လေထုညစ်ညမ်းနေပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် ကလေးငယ် ၂၄၂ သန်းရဲ့ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေတယ်လို့ ယူနီဆက်ဖ်က ထုတ်ပြန်ထားပြီး ကာဗွန်ထုတ်လုပ်မှုနဲ့ ကမ္ဘာကြီးပူနွေးလာမှု လျှော့ချရေးအပါအဝင် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတွေကို အရှိန်မြှင့်တင်ဖိုပ ကျွမ်းကျင်သူတွေ တိုက်တွန်းနေကြပါတယ်။
Ref:AFP
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW