ZY(VOM)
ဇန်နဝါရီ ၂၇၊ ၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ လာမယ့်ဖေဖော်ဝါရီလအတွင်း ညဈေးဖွင့်လှစ်ရောင်းချခွင့်ပြု သွားမှာဖြစ်သလို ဈေးရောင်းချလိုတဲ့ ဒေသခံတွေကို ဆိုင်ခန်းတခန်း ငှားရမ်းခအဖြစ် တရက်၁၀၀၀ ကျပ်နဲ့ ငှားပေးရောင်းချခွင့်ပြုသွားမှာဖြစ်တယ်လို့ ကလောမြို့နယ်စည်ပင်သာယာရေးဌာနထံကနေ သိရပါတယ်။
ကလောမြို့နယ်စည်ပင်သာယာရေးဌာနပိုင် မောမြေဦးပန်းခြံအတွင်းရှိ မီးရှော်တိုင်ကွင်းနေရာမှာ အလျား ၂၀၊ အနံ ၁၀ပေရှိ ဖြုတ်/တပ်သံဖရိုင်တဲတွေနဲ့ ညဈေးတန်းဆိုင်ခန်းတွေကို ယာယီအငှားချထားပေးမှာဖြစ်တဲ့ အတွက် ကလောမြို့နယ်စည်ပင်သာယာရေးဌာန၊ ဈေးနှင့် သားသတ်ဌာနစိတ်ထံ လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
“ကလောမှာလက်ရှိအမှန်တကယ်နေထိုင်တဲ့သူတွေကိုပဲ ရောင်းချခွင့်ပြုမှာပါ။ ငှားချသူတွေအနေနဲ့ လကုန်အထိ လျှောက်ထားလို့ရပါပြီ။ အစားအသောက်တွေကို ကိုယ်တိုင်ရောင်းချရမှာပါ။ ဆိုင်ခန်းပြန်ငှားစားလို့ မရပါဘူး။ ငှားစားရင်တော့ အရေးယူမှာပါ”လို့ စည်ပင်သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
အဲဒီညဈေးကို ညနေ ၃နာရီကနေ ည ၉နာရီအထိ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမှာဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကိုသာ ရောင်းချရမှာဖြစ်သလို ဆိုင်ခန်းနေရာနဲ့ ပါတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေဆိုးတွေကို စနစ်တကျရေးတို့ကို အလေးထားပြုလုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ဆိုင်ခန်းအတွင်း အရက်သေစာနဲ့ မူးယစ်ဆေးဝါးရောင်းချခွင့်ပြုမှာမဟုတ်သလို သန့်ရှင်းရေးခွန်၊ အမှိုက်ခွန်၊ ရေခွန်၊ မီးခွန်တို့ကို ဆိုင်ခန်းရှင်တွေက ကျခံရမှာဖြစ်ပြီး မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-Local