ဇန်နဝါရီ ၂၇ – ၂၀၂၅
SS (VOM)
မန္တလေးတိုင်း၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်နဲ့ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ မနေ့ ဇန်နဝါရီ ၂၆ ရက်က လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူအယောက် ၂၀ ကျော်ဝန်းကျင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာမှာ မနေ့ မနက် ၈ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တာကြောင့် ၁၉ ယောက် ဝန်းကျင် သေဆုံးကာ အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“လေကြောင်းတိုက်ခိုက်မှုက ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းပေါ်ကျတာ။ စာသင်ကျောင်းက ရွာအဝင်ကားလမ်းဘေးမှာ ရှိတာ။ ရွာနဲ့လည်း နီးတယ်။ လက်ရှိ စာရင်းအရတော့ သေဆုံး အယောက် ၂၀ နီးပါးပေါ့။ ဆေးကုသနေရင်း သေဆုံးတာတွေလည်း ရှိတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း အနီရောင်အဆင့်တွေပါတယ်။ ပြီးတော့ တိရစ္ဆာန်တွေလည်း သေတာရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုတွေလည်း ရှိပြီး အရေအတွက် အတိအကျကိုတော့ လတ်တလော အခြေအနေမရ စာရင်း ကောက်ယူနိုင်ခြင်း မရှိသေးဘူးလို့ သူက ပြောပါတယ်။
အဲဒီလိုပဲ မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့၊ ည ၉ နာရီဝန်းကျင်မှာလည်း နွားထိုးကြီးမြို့နယ်၊ ပဲချက်အရှေ့ရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် သေဆုံးခဲ့ကာ နေအိမ်တွေလည်း ပျက်စီးခဲ့သလို တိရစ္ဆာန် သေဆုံး၊ ဒဏ်ရာရမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နွားထိုးကြီးဖြစ်စဥ်မှာ တယောက်သေတယ်။ ပြီးတော့ နွား ၁၄ ကောင်လည်း သေတာရှိတယ်။ နောက်ထပ် နွား လေးကောင်ကတော့ ဒဏ်ရာရတယ်။ အိမ်တွေကတော့ ပဲချက် အရှေ့ရွာက အိမ် လေးလုံးလောက် ပျက်စီးသွားတယ်” လို့ နွားထိုးကြီးမြို့နယ်က ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကင်မွန်းတောင့်ကျေးရွာမှာလည်း မနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာပဲ ညနေ ၅ နာရီခွဲဝန်းကျင်က လက်နက်ကြီးပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လေးယောက် သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ လေကြောင်း တိုက်ခိုက်ခံရမှု၊ လက်နက်ကြီးပစ်ခတ်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ နစကဘက်ကရော ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကပါ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရရှိခဲ့သလို မကွေးတိုင်း၊ ဂန့်ဂေါခရိုင်က ဂန့်ဂေါမြို့နယ်မှာလည်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Photo:CJ