ဇန်နဝါရီ ၂၉ – ၂၀၂၅
KKO(VOM)
ရခိုင့်တပ်တော် AA အဖွဲ့က ဧရာဝတီတိုင်း သာပေါင်းမြို့နယ်အစပ်က ကျေးရွာတွေကို ဝင်တိုက်လာလို့ ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်၊ နံနက်ပိုင်းအထိ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အဲဒီမြို့နေ ဒေသခံတွေရဲ့ပြောပြမှုတွေအရ VOM က သိရှိရပါတယ်။
တိုက်ပွဲတွေဟာ ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်၊ညနေပိုင်းအချိန်ကစတင်လို့ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်အစပ်က မကျီးဇင်၊သဲဖြူ အစရှိတဲ့ကျေးရွာတွေအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း သာပေါင်းမြို့နယ်ရဲစခန်းမှူးတယောက်လည်း ကျဆုံးမှုတွေရှိခဲ့တာကို ကြားရတယ်လို့လည်း ပုသိမ်မြို့ခံတယောက်က VOM ကို ပြောပြပါတယ်။
“AA က မကျီးဇင်နဲ့ သဲဖြူဘက်ကနေ သာပေါင်းကိုဝင်လာတာပါ။တိုက်ပွဲတွေက အဲနားအစပ်ကရွာတွေမှာ ဖြစ်တာပါ။ သာပေါင်းရဲစခန်းမှူးကျသွားတယ်ဆိုတဲ့သတင်းကတော့ အတည်ဖြစ်တယ်။ ကွန်ဖန်းဖြစ်တယ် ။စခန်းမှူးရဲ့ Body ကိုပြန်သယ်ဖို့ ဒီဘက်ကနေ လူနာ တင်ယာဉ်တွေလည်းထွက်သွားတာလည်းရှိတယ်။AAက မကျီးဇင်ဘက်ကနေ သာပေါင်းကိုးထိုးလာတာ မကျီးဇင်၊သဲဖြူ၊သာပေါင်းပေါ့ဗျာ၊ဟိုဘက် ရေကြည်၊ကျုံပျော်၊အသုတ်၊ငါးသိုင်းချောင်းက တခြမ်းပေါ့၊အခုက သာပေါင်းကိုဝင်လာတာဟာ AA က ပုသိမ်ကိုဝင်ချင်တဲ့သဘောလား မသိဘူးဗျာ့၊သာပေါင်းအစပ်မှာ တိုက်ပွဲတွေကတော့ အခုအထိဖြစ်နေတယ် ပြောတယ်”လို့ ပုသိမ်မြို့ခံ တယောက်က ပြောပါတယ်။
ရခိုင့်တပ်တော် AA အဖွဲ့က သာပေါင်းမြို့နယ်ကို ဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့ သတင်းတွေကြောင့် ပုသိမ်မှာလည်း လှုပ်ခတ်မှုတွေရှိလာပြီး ပုသိမ်မြို့ခံတွေက မြို့ပေါ်အထိ တိုက်ပွဲတွေကူးစက်ဖြစ်ပွားလာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ အဲဒီမြို့နေ ဒေသခံတွေက ပြောပါတယ်။
“သာပေါင်းကို ဝင်လာပြီဆိုရင် ပုသိမ်ဘက်တွေကိုပါဝင်လာမှာစိုးရိမ်တာပေါ့။ပုသိမ်မှာလည်း ဒီသတင်းတွေကြာင့်နည်းနည်းလေးတော့လှုပ်နေတယ်”လို့ ပုသိမ်မြို့ခံ တယောက်က ဆက်ပြီး ပြောပြခဲ့ပါတယ်။
ဧရာဝတီတိုင်း အခြပြုဒေသတွင်း သတင်းဌာနတွေရဲ့ဖော်ပြမှုတွေအရ ဇန်နဝါရီလ ၂၈ ရက်နေ့၊ညနေပိုင်းမှာ သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူး၀င်းနိုင်ဦးဟာ သာပေါင်းမြို့နယ်အစပ်က ရှေ့တန်းစခန်းတွေဆီကို ရိက္ခာပို့စစ်ကြောင်းနဲ့ အတူ ရိက္ခာသွားပို့စဉ်မှာ AA ဘက်က ပစ်ခတ်လာတဲ့ စနိုက်ပါထိမှန်ကာ ကျဆုံးခဲ့တာဖြစ်တယ်လို့ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
“သာပေါင်းစခန်းမှူးသတင်းကအတည်ဖြစ်ပါတယ်။သာပေါင်းအစပ်မှာနှစ်ဖက်တိုက်ပွဲတွေဖြစ်တယ်ဆိုတာလည်းဟုတ်ပါတယ်။တံတားထိပ်ဘက်မှာဖြစ်တယ်ပြောတယ်။စခန်းမှူးအပြင်ယာဥ်မောင်းတယောက်လည်းထိတယ်ပြောတယ်။ယာဉ်မောင်းက ရန်ကုန်က ကုန် ကားမောင်းတဲ့သူလို့ ပြောတယ်။စခန်းမှူးကတော့ ကျတယ်ပေါ့။ယာဉ်မောင်းက ဒဏ်ရာရတယ်ပြောတယ်။
ရိက္ခာပို့ဖို့ ကုန်ကားနဲ့ သွားတဲ့အချိန်မှာ အခုလိုဖြစ်တာလို့ ပြောတယ်”လို့ ပုသိမ်မြို့အုပ်ချုပ်ရေးအသိုင်း အဝိုင်းနဲ့ နီးစပ်သူတယောက်က ထပ်လောင်း ပြောပြခဲ့ပါတယ်။
ဒေသတွင်းသတင်းတွေအရ သာပေါင်းမြို့နယ်အတွင်းက မကျီးဇင်-သာပေါင်းကားလမ်းတလျှောက်က ကျေးရွာတွေမှာ နှစ်ဖက်တပ်တွေကြားစစ်ရေးတင်းမာနေတာဖြစ်ပြီး နစက တပ်ဘက်ကလည်း ခံစစ်တွေပြင်ထားကာ လုံခြုံရေးပိုင်းကိုလည်းတိုးမြှင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင့်တပ်တော် AA အဖွဲ့ဘက်က သူတို့တပ်တွေဟာ ပဲခူးတိုင်း-ရခိုင်အစပ်နေရာတွေနဲ့ ရခိုင်ရိုးမတောင် တန်းတွေမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေသလို ဧရာဝတီ-ရခိုင် အစပ်ကိုလည်း ရောက်ရှိနေပြီဖြစ်တယ်လို့ ယခု ဇန်နဝါရီ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။
Photo – CJ