ဖေဖော်ဝါရီ ၆ – ၂၀၂၅
SS (VOM)
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့မစျေးမှာ ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်၊ မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ရှစ်ခန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဘုရားကြီးမြို့၊ အမှတ် (၃) ရပ်ကွက်၊ ရန်ကုန် – မန္တလေး ကားလမ်းမပေါ်ရှိ မြို့မဈေးမှာ ဒီနေ့ မနက်အစောပိုင်း ၁၂ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်ကြောင့် ဈေးမျက်နှာတန်းရှိ လူသုံးကုန်၊ စားသောက်ကုန် စတဲ့ ဆိုင်ခန်း ရှစ်ခန်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
“လျှပ်စစ်ပစ္စည်းဆိုင်၊ ဘီယာတွေရောင်းတဲ့ဆိုင်၊ လက်ဖက်ရည်ဆိုင် အပါအဝင် ဆိုင်ခန်း ရှစ်ခန်း မီးထဲပါသွားတယ်ပေါ့။ လူနေတဲ့ နေရာတွေလည်းပါတယ်။ ဒီဖြစ်စဉ်မှာ လူ၊ တိရစ္ဆာန် ထိခိုက်၊ သေဆုံးမှုတော့ မရှိပါဘူး။ မီးလောင်မှုဖြစ်စဉ် အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ သက်ဆိုင်ရာက စိစစ် စုံစမ်းနေတုန်းပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီ မီးလောင်မှု ဖြစ်ပွားတဲ့နေရာကို ပဲခူးတိုင်း မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ ပဲခူးခရိုင် မီးသတ်စခန်းမှ အထောက်အကူပြူယာဉ် တစီး၊ မီးငြှိမ်းသတ်ယာဉ် တစီး၊ မီးသတ်ရေသယ်ယာဉ် တစီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ မီးသတ်ရေသယ်ယာဉ် တစီး၊ ဝေါမြို့နယ်မီး သတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ မီးသတ်ရေသယ်ယာဉ် တစီးတို့နဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက် မီးငြှိမ်းသတ်ပေးခဲ့ရပြီး ၄၅ မိနစ်ဝန်းကျင်အကြာမှာ အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ မြောင်းမြမြို့ရှိ ညောင်ပင်လေးဈေးမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းအားလုံးနီးပါး ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဒါအပြင် ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ရွှေပြည်သာမြို့နယ်မှာ စက်ရုံလုပ်သားတွေနဲ့ ဈေးရောင်းချသူတွေ နေထိုင်တဲ့ အခန်း ၈၀ ခန်းပါ အဆောင် နှစ်လုံး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့တာမှာ အဆောင်နေ အမျိုးသမီး တယောက်နဲ့ ခွေး တကောင် သေဆုံးပြီး အဆောင်မှ လူသုံးပစ္စည်းတွေအားလုံး မီးထဲပါသွားကာ ပျက်စီးဆုံးရှုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း မီးလောင်မှု အကြိမ်ရေ ၁၁၅၀ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် သေဆုံးသူ ၉၉ ယောက်၊ ဒဏ်ရာရရှိသူ ၁၃၈ ယောက် ရှိခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၉၀၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
Photo:MFSD