ဖေဖော်ဝါရီ ၁၃ – ၂၀၂၅
GG (VOM)
မန္တလေးတိုင်း ၊ညောင်ဦးမြို့နယ် ၊ ဂျိုးကန်ရွာနဲ့ကျောက်ပြင်ကန်ရွာကြားမှာ မနေ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့ညကစပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေထောင်နဲ့ချီပြီး အရေးပေါ် စစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ ဂျိုးကန်ရွာနဲ့ကျောက်ပြင်ကန်ရွာကြားကို ဒီနေ့ဖေဖော်ဝါရီ ၁၃ ရက်မနက်ပိုင်းမှာ နစကမှ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ဒါကြောင့် ဂျိုးကန်ရွာနဲ့ကျောက်ပြင်ကန်ရွာဒေသခံတွေ အများအပြားအရေးပေါ်စစ်ဘေးရှောင်ခဲ့ကြရသလို အနီးပတ်ဝန်းကျင်ရှိ ဇီးစားမြင် ၊ယာတောကြီး၊အနောက်အုံရွာက ဒေသခံပြည်သူအချို့လည်း စစ်ဘေးရှောင်မှုရှိနေတယ်လို့သိရပါတယ်။
” ဂျိုးကန်မှာမနေ့က စစ်သားတွေဝင်ပြီးမကြာဘူး ညကတည်းကစပြီးတိုက်ပွဲဖြစ်တာပဲ။ အဲဒီရွာကလူတွေလည်းနီးစပ်ရာအကုန်ပြေးကုန်ပြီ။အခုမနက် ဟတ်စကီးနဲ့ နှစ်ကြိမ်လာကြဲသွားတယ်။ဘယ်နေရာကျတယ်ဆိုတာအတိကျမသိသေးပေမယ့် ကျောက်ပြင်ကန်ကလည်း တော်တော်များများစစ်ရှောင်ကြပြီ။ကျောက်ပြင်ကန်ရွာဆိုအိမ်ခြေ ၁၀၀၀ နီးပါးလောက်တော့ရှိတယ်။ဂျိုးကန်ကတော့၁၀၀ ကျော်ရှိမယ်။အဲဒီရွာတကျောထဲကရွာတွေလည်း ရှောင်ကြပြီ။လေကြောင်းပါလာတော့ အကုန်ကြောက်ပြီး ရှောင်ကြတာ။ ” လို့ ဂျိုးကန်အနီးနေထိုင်တဲ့ ကျေး ရွာဒေသခံကပြောပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားတဲ့ ဂျိုးကန်နဲ့ ကျောက်ပြင်ကန်ရွာက ညောင်ဦး -ကျော က်ပန်းတောင်းကားလမ်းနဲ့ ဝေးပေမယ့် ကျေးရွာချင်းဆက် ရွာတွေကတော့ တိုက်ပွဲကူးစက်လာမှာကိုစိုးရိမ်တာကြောင့် ကြိုတင်ပြီးစစ်ဘေးရှောင်မှုတွေရှိလာတာဖြစ် တယ်လို့သိရပါတယ်။
ဒါအပြင် သိုလှောင်ထားတဲ့ မြေပဲဆံတွေကိုလည်း အရေးပေါ် ထုတ်ပြီးရောင်းချမှုတွေရှိသလို တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ရွှေ့ပြောင်းသိမ်းဆည်းမှုတွေပြုလုပ် နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” မနက်ဖန် ရှောင်တော့မှာပါ။ဒီနေ့တန်ဖိုးကြီးပစ္စည်းဘာညာ ရွှေ့လို့ရတာကိုရွှေ့ပြောင်းနေကြပြီ။မြေပဲဆံတွေကတော့အရင်ရက်ကတည်းကရောင်းပြီးပြီ။အခုရွာထဲကတခြားသူတွေလည်းမြေပဲတွေရောင်းနေကြပြီ။ရှောင်ဖို့လုပ်နေကြတယ်။ကိုယ့်ရွာမှာပါတိုက်ပွဲရောက်လာရင်ပြေးဖို့မလွယ်ဘူး။” လို့ တိုက်ပွဲဖြစ်ပွားနေတဲ့ရွာအနီး ဒေသခံကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဂျိုးကန်ရွာနဲ့ လမ်းပိုင်းတဆက်တည်းမှာရှိတဲ့ အနောက်အုံရွာအနီးမှာလည်း နစက တပ်တွေနဲ့ ဒေသတွင်းလက်နက်ကိုင်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။