ဖေဖော်ဝါရီ ၁၃ – ၂၀၂၅
GG(VOM)
ထိုင်းနိုင်ငံထုတ်ကုန်တွေထဲက မီးစက်၊ ဆိုလာ နဲ့လျှပ်စစ်ပစ္စည်းအချို့ကို မြဝတီနယ်စပ်ကနေ တင်ပို့ခွင့်ကို ထိုင်းအစိုးရက ပိတ်လိုက်တယ်လို့ ကနဦးသိရပါတယ်။
မြဝတီဘက်ကို တင်ပို့ခွင့်ပိတ်လိုက်တဲ့ ပစ္စည်းတွေက မိုဘိုင်းဖုန်းအသစ်၊ ဘက်ထရီအားလုံး၊အင်ဗာတာ၊မီးစက်၊ဆိုလာပြား၊ မိုဘိုင်းဖုန်းများ၊ CABLE၊ HARDWARE ၊ဆော့ဖ်ဝဲ၊လိမ်လည်သူများနှင့် သက်ဆိုင်သော ကုန်ပစ္စည်း၊ အင်ဂျင်ဝိုင် ၊ပါဝါဘန့် ပစ္စည်းတွေဖြစ်တယ်လို့ကနဦးသိရပါတယ်။
” အခုက ဆိုလာရယ်၊ ပါဝါဘန့်ရယ်၊ ဘတ္တရီတွေ၊ ဖုန်းတွေ၊ wifi စက်တွေ၊ icon တွေအဓိကပဲ ပို့ရခက်နေတယ်။ ပို့လို့မရသေးဘူး။အခုကပူပူနွေးနွေးပြောထားတာဆိုတော့ပို့ကိုမရသေးဘူး။ဒါပေမယ့်နောက်တော့ ပို့လို့ရမယ့်လမ်းကြောင်းပေါ်လာမှာပါ။စရိတ်ကတော့ပိုများသွားနိုင်တယ်။” လို့ ထိုင်းကနေ ကုန်စည်တွေ ဝယ်ယူပြီး မြဝတီကတဆင့် တင်ပို့ပေးနေသူကပြောပါတယ်။
ထိုင်းနိုင်ံကနေ အဆိုပါပစ္စည်းတွေကို မြဝတီနယ်စပ်ကတဆင့် မြန်မာနိုင်ငံထဲ တင်ပို့ခွင့်ပိတ်လိုက်တာကြောင့် တင်ပို့ခွင့်ပိတ်ခံလိုက်ရတဲ့ပစ္စည်းတွေအားလုံးစျေးနူန်းမြင့်တက်သွားတယ်လို့သိရပါတယ်။ ဒါအပြင် ပစ္စည်းပြတ်လပ်မှုရှိပြီး ဝယ်ယူရခက်တဲ့အခြေအနေတွေ ရှိလာနေတယ်လို့သိရပါတယ်။
” ထိုင်းဘက်မှာပစ္စည်းကြိုက်သလောက်ဝယ်လို့ရပေမယ့်လောလောဆယ် မြဝတီနယ်စပ်ကနေပို့မရဘူးဖြစ်သွားတယ်။ပို့လို့ရတဲ့အချိန်ကျရင်လည်း စျေးတွေကခုနူန်းထားတွေမရနိုင်တော့ဘူး။အခုဆိုကျွန်တော်ရန်ကုန်အထိုင်မှာ ပါဝါဘန့်တွေပစ္စည်းပြတ်သွားပြီ။ဝယ်သူတွေကရှိတယ်။စျေးနူန်းပိုင်းမှာလည်း အရင်ကထက် သယ်ယူစရိတ်တွေပိုကုန်သွားနိုင်တယ်။” လို့ နောက်ထပ်ကုန်ပစ္စည်းတင်ပို့ရောင်းချသူကပြောပါတယ်။
ထိုင်းဘက်ကနေ တင်ပို့ခွင့်ပိတ်လိုက်တာကြောင့် အရင်ရက်က ရန်ကုန်အရောက်ကိုမှ ၇၀၀၀၀ ကျပ်သာရှိတဲ့ပါဝါဘန့်ဟာ လက်ရှိမှာ ရန်ကုန်အရောက်ကို ငွေကျပ် ၁ သိန်းကျော်အထိကုန်ကျမှုမြင့်တက်သွားမှာဖြစ်တယ်လို့သိရပါတယ်။
ထိုင်းအစိုးရကတော့ မြဝတီမြို့ကို ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး လျှပ်စစ်မီးနဲ့ စက်သုံးဆီ တွေစတင်ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။
ထိုင်းကနေ မြန်မာ – ထိုင်းနယ်စပ်တလျှောက် မြန်မာနိုင်ငံဘက်ခြမ်းရှိ မြို့နယ်တွေကို လျှပ်စစ်မီး၊ စက်သုံးဆီဖြန့်ဖြူးပေးနေမှုနဲ့ ကုန်စည်အချို့ကို ကျားဖြန့်လုပ်ငန်းနေရာတွေကပါ ရယူ အသုံးပြုနေတဲ့ အတွက် ထိုင်းနိုင်ငံက ဖြတ်တောက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။
Photo – CJ