ဖေဖော်ဝါရီ ၁၅ – ၂၀၂၅
SN (VOM)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၁၄ ရက်၊ ညနေပိုင်းက ကက်သလစ်ဘုန်းတော်ကြီးတပါး အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဘာသာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အသတ်ခံရတဲ့ ကက်သလစ်ဘုန်းတော်ကြီးဟာ မန္တလေးဂိုဏ်းချုပ်သာသနာမှ ကက်သလစ် ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် (Fr. Donald Martin) သက်တော် ( ၄၄ နှစ်)၊ ၀ါတော် (၇ နှစ်) ရှိပြီဖြစ်တယ်လို့ သိရပြီး ရွှေဘိုခရိုင်၊ ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းမှာ မနေ့ညနေ ၆ နာရီဝန်းကျင်က အသတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“ဘယ်သူတွေသတ်တာလဲ၊ ဘယ်အဖွဲ့အစည်းက သတ်တာလဲ၊ ဘာ့ကြောင့် ဆိုတာလဲတော့ မသိသေးဘူး။ ဒီအချိန်မှာကတော့ အမျိုးမျိုး ပြောနေကြတာပါပဲ။ လက်ရှိကတော့ သက်ဆိုင်ရာက စုံစမ်းနေတုန်းပါပဲ။ အသုံးပြုတဲ့ လက်နက်ကတော့ ဓားလို့တော့ သိရတယ်။ လက်နက်ကိုင် အဖွဲ့တဖွဲ့က လု(ဒ်)မယ်တော်သခင်မ ဘုရားကျောင်းဝန်းထဲ ရောက်လာပြီး ဘုန်းတော်ကြီးကို သတ်သွားတာ” လို့ နီးစပ်သူတယောက်က ပြောပါတယ်။
လက်ရှိမှာ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်ရဲ့ ရုပ်ကလာပ်တော်ကို သိုးထိန်းတာဝန် ထမ်းဆောင် သီတင်းသုံးတဲ့ ကံကြီးတောကျေးရွာ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းဝန်းကနေ ရွှေဘိုမြို့ကို သယ်ယူ ပို့ဆောင်ထားပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။
ဖာသာရ်မာတင်ဒေါနယ်ဟာ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က ပြင်ဦးလွင်မြို့၊ အပြစ်မဲ့သန္ဓေယူသော သခင်မဘုရားကျောင်းမှာ ထာဝရ ရဟန်းသိက္ခာကို ခံယူခဲ့တဲ့ ရဟန်းတော်တပါးဖြစ်တယ်လို့ ဆိုပါတယ်။
ကံကြီးတောရွာဟာ ရွှေဘိုမြို့ရဲ့ အရှေ့တောင်ဘက်ခြမ်း၊ ရွေဘိုနဲ့ ဝက်လက်နယ်အစပ်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ကလည်း ပုသိမ်မြို့မှာ ပိုးကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတော်တပါး နေအိမ်အတွင်း အသတ်ခံခဲ့ရပြီး လူသတ်တရားခံဟာ ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေကြေးတွေ ယူဆောင်သွားမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo – OSC, Hakha Diocese