YBS ဘတ်စ်ကားတွေပေါ်မှာ ခါးပိုက်နှိုက် ၁၂၀ ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိထား

Ms(VOM)
ဖေဖော်ဝါရီ၁၅၊၂၀၂၅
YBS ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်သူ အရေအတွက်၁၂၀ဦးကိုသက်သေခံပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိထားကြောင်းရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ကနေသိရပါတယ်။
ပြီးခဲ့တဲ့လ ဇန်နဝါရီ ၁၄ ရက် မှ ၃၁ ရက်နှစ်ပတ်ေကျာ်အချိန်အတွင်း YBS ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်သူ ၁၂၀ ဦး၊ဖုန်း ၂၈၂ လုံး၊အိတ် ၁၁ လုံး၊ ငွေသား ၁၀ သိန်း တို့နဲ့အတူ သက်သေခံ ယာဉ်တစီးတို့ကိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ဆိုပါတယ်။
“ခါးပိုက်နှိုက် ကျား ၁၁၄ ဦး နဲ့ မ ၆ ဦး စုစုပေါင်း ၁၂၀ဦး ဖမ်းဆီးရမိခဲ့တာပါ။ YBS ယာဉ်တွေပေါ်မှာ ခါးပိုက်နှိုက်သတိပြုဖို့သတိပေးထားသလို CCTV တွေလည်းတပ်ထားတာကို အချောင်သမားတွေ သိစေချင်ပါတယ်။ခါးပိုက်နှိုက်တွေဖမ်းမိ တဲ့YBS ယာဉ်လိုင်း တွေကတော့အစုံပါပဲ။”လို့ YRTCရဲ့တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန် ကပြောပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၁ ရက်က ရန်ကုန်မြို့၊ဗိုလ်ချုပ်အောင်ဆန်းစျေးသစ်ရှေ့မှာတာဝန်ကျတဲ့ YRTCရဲ့ စစ်ဆေးရေးဝန်ထမ်းနှစ်ဦးကို ခါးပိုက်နှိုက်အဖွဲ့ကနေ အသက်အန္တရာယ်ကိုခြိမ်းခြောက်ခဲ့ရာ အဆိုပါဖြစ်စဉ်အား YRTCမှ ရန်ကုန်တိုင်းအစိုးရအဖွဲ့ နဲ့သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကိုတင်ပြတိုင်ကြားခဲ့ပြီးနောက် ဇန်နဝါရီ ၂၀ ရက် နဲ့ ၃၀ ရက်မှာ ခြိမ်းခြောက်ခဲ့သူနှစ်ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
ဒါကြောင့်အဲ့ဒီကနေ တဆင့် ဆက်စပ်လိုက်လံဖမ်းစီးခဲ့ရာမှာ ခါးပိုက်နှိုက်တွေကိုအရေအတွက်တရာကျော်အထိဆက်တိုက်ဖမ်းမိခဲ့တာဖြစ်ပြီးဖမ်းစီးရမိတဲ့YBSဘတ်စ်ကားတွေပြေးဆွဲနေတဲ့မြို့နယ်တွေထဲလှိုင်သာယာအနောက်ပိုင်းက၈၉ယောက်နဲ့အင်းစိန်မြို့နယ်ကအယောက်၃၀အများဆုံးဖမ်းမိပြီး ကျန်မြို့နယ်တွေကလည်းဖမ်းမိမှုတွေရှိနေတယ်လို့ဆိုပါတယ်။
” အခုက ခိုးဆိုးလုယက်တာတွေက များလာတာ။YBSပေါ်က ခါးပိုက်နှိုက်တွေဆိုလည်း တစ်ချို့ကမသိအောင်ယူတယ်။တစ်ချို့ကြတော့သိသွားရင်ရန်မူတာရှိတယ်။တစ်ချို့ခါးပိုက်နှိုက်ကြတော့လက်ထဲကိုင်ထားတာကိုလုပြေးတာမျိုး ဟိုတလောကဆို တာမွေကယုဇနပလာဇာရှေ့မှတ်တိုင်ခဏရပ်တဲ့YBS၆၄ ပေါ်ကအမျိုးသမီးရဲ့ဖုန်းကို ကားအောက်ကနေ ပြတင်းပေါက်ကတဆင့်လုပြေးတာ လုခံရတဲ့အမျိုးသမီးရောကားပေါ်ကလူတချို့ရောပြေးဆင်းပြီးလိုက်ကြတာပဲ ဖုန်းပြန်ရမရတော့သေချာမသိလိုက်ဖူး။ကားပေါ်မှာဖုန်းထုတ်သုံးမိတာကအစ အဲ့လိုလုတော့ ဆင်ခြင်နေရပြီပေါ့။အခုလည်း ခါးပိုက်နှိုက်တွေ ဖုန်းတွေနဲ့ပါမိထားတော့ အဲဒီဖုန်းတွေကို မူလပိုင်ရှင်တွေ ကိုပြန်ပေးဖို့ကြေညာတာတွေရှိမရှိ ဖုန်းလုခံရသူတွေကသိချင်နေကြတာရှိတယ်။YBSယာဉ်လိုင်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဘက်ကတော့ ဘာသတင်းမှထုတ်ပြန်တာမတွေ့မိဘူး”လို့ အင်းစိန်မြို့နယ်မှာနေထိုင်တဲ့ YBSစီးခရီးသွားတယောက်ကပြောပါတယ်။
YBS ယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်ခံရသူများ များပြားနေပြီး ဓားထောက်လုယက်ခြင်း နဲ့ရိုက်နှက်လုယက်ခံရတဲ့ဖြစ်စဉ်များလည်း နေ့စဉ်နဲ့အမျှဖြစ်ပွားလျက်ရှိ နေတာကြောင့်ခါးပိုက်နှိုက်များကို အမြစ်ပြတ်တဲ့အထိဖမ်းစီးအရေးယူသွားနိုင်ဖို့ YBSစီးနင်းသူ ခရီးသွားပြည်သူများက တာဝန်ရှိသူတွေကို တိုက်တွန်းပြောဆိုထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW