တိုက်ပွဲပြင်းထန်နေလို့ မိုးဗြဲမြို့တွင်း အရပ်သားတွေ ဖြတ်သန်းသွားလာမှုကို ငါးရက် ပိတ်ပင်

ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅
ZY(V0M)
ဒေသတွင်းလက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်း-ကယားနယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ နစက၊ ပအိုဝ်းပြည်သူ့စစ်(PNA)နဲ့ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေလို့ အရပ်သားတွေ ဖြတ်သန်းသွားလာမှုကို ဒေသတွင်းလက်နက်ကိုင်တပ်တွေက ငါးရက်တာပိတ်ပင်လိုက်တယ်လို့ မိုးဗြဲ PDF နဲ့ KNDF တပ်ရင်း ၃ တို့က ပူးတွဲထုတ်ပြန်ထားပါတယ်။
မိုးဗြဲမှာ နှစ်လကျော်ကြာ တိုက်ပွဲပြင်းထန်နေပြီး နစကတပ်ဖွဲ့တွေမှ လက်နက်ကြီး၊ လေကြောင်းတိုက် ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် မိုးဗြဲမြို့တွင်း ဖြတ်သန်းသွားလာခွင့်တွေကို ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ၂၈ ရက်အထိ လုံခြုံရေးအရ ခေတ္တယာယီ ပိတ်ထားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြအသိပေးထားပါတယ်။
“မြို့တွင်းမှာ ဒေသခံကတော့ သိပ်မကျန်တော့ဘူး၊ တိုက်ပွဲတွေစပြင်းထန်တဲ့ ဒီဇင်ဘာလလယ်ပိုင်း လောက်ကတည်းက အားလုံးရှောင်ကုန်ကြပြီ။ အသက်ကြီးလို့ မရွေ့ပြောင်းနိုင်တဲ့သူတွေ၊ မရွေ့ချင်တဲ့ သူတွေနဲ့ ရိက္ခာ၊ လိုအပ်တာတွေ ပြန်ယူတဲ့သူတွေလောက်ပဲ ကျန်တော့တယ်။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတာပဲ။ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တာလည်း နေ့တိုင်းနီးပါးရှိနေတယ်။ ပြီးခဲ့တဲ့ ၂ရက်လုံး ညဖက်တွေမှာ လေယာဉ်လာတယ်”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် နစကနဲ့ ပအိုဝ်းပြည်သူ့စစ်(PNA) ပူးပေါင်းအဖွဲ့က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး အရေးပေါ်သွားလာဖို့ ရှိပါက အထိုင်ချတပ်စွဲထားတဲ့ သက်ဆိုင်ရာ ဒေသတွင်းလက်နက်ကိုင် တပ်ရင်းတပ်ဖွဲ့တွေ၊ လုံခြုံရေးဂိတ်တွေကို အသိပေးခွင့်ပြုချက်ရယူဖို့ လိုအပ်ကြောင်း အသိပေးထားတယ်လို့ သိရပါတယ်။
အဲဒီဒေသမှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀၀ကျော်ဟာ စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်ခိုလှုံနေ ရသလို စားနပ်ရိက္ခာမလုံလောက်မှုအပြင် ရာသီတုပ်ကွေး၊ ဖျားနာမှုတွေအပြင် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အရေပြားရောဂါတွေ၊ ဝမ်းရောဂါတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local

Related posts

Leave a Comment

VOM News

FREE
VIEW