ဖေဖော်၀ါရီ ၊ ၂၂ ၊ ၂၀၂၅
KH ( VOM)
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ စည်သာ (ဆားတောင် ) ကျေးရွာမှာ ဒီကနေ့ မနက် ၁၀ နာရီ ၀န်းကျင်ခန့်က ကျေးရွာတွင်းမှာရှိတဲ့ ကုန်စုံဆိုင် တဆိုင်မှာ ဓားပြတိုက် လုယက်ခံပြီး ဆိုင်ပိုင်ရှင် လင်မယားဖြစ်သူကို ဓားပြအဖွဲ့က ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဖြစ်တာက ဒီမနက် ၁၀ နာရီ ၀န်းကျင်က ဖြစ်တာ ၊ စည်သာရွာထဲကို ဓားပြတွေ ၀င်လာပြီး ၊ ကုန်စုံဆိုင် ပိုင်ရှင် ကိုနေလင်း နဲ့ မဇာ လင်မယားကို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ ကိုနေလင်း ဆိုင်ထဲက CCTV စက်ကိုလဲ ဓားပြအဖွဲ့က ရိုက်ခွဲသွားတယ် ၊ အဲ့ဒီအပြင် စျေးဆိုင် ကောင်တာထဲက ပိုက်ဆံတွေကိုလဲ ယူသွားတယ် ၊ ငွေ အမောင့်ဘယ်လောက် ရှိသလဲဆိုတာ မသိရသေးဘူး ၊ ဒါ့အပြင် မြေဖြူ – ဂွေးချို လမ်းမှာလဲ စျေးသည် အမျိုးသမီး သုံးယောက်ကိုလဲ ထပ်မံ ဖမ်းဆီး ခေါ်ဆောင်သွားတယ် လို့ ကြားရတယ် ” လို့ စည်သာ ရွာခံ တယောက်က ပြောပါတယ် ။
ရေစကြိုမြိုနယ်မှာ ပြီးခဲ့တဲ့ လေးနှစ်ကျော် ကာလအတွင်း လူပြန်ပေးဆွဲ ဖမ်းဆီးခံရသူ လူပေါင်း သုံးဆယ်ကျော်လောက်ရှိပြီး အဲ့ဒီထဲက လူတချို့လည်း ပြန်လည်ပိုက်ဆံနဲ့ ရွေးယူတာကြောင့် ပြန်လည် လွတ်မြောက်လာတဲ့ သူတွေရှိသလို အများစုက ဆက်သွယ်မရပဲ အခုထိတိုင် ပျောက်ဆုံးနေဆဲ သူတွေလဲရှိတယ်လို့ ရေစကြို မြို့ခံတွေဆီက သိရပါတယ် ။
ပခုက္ကူခရိုင်ထဲက ပေါက် ၊ မြိုင် ၊ ရေစကြို ကမ္မ ၊ ရေပြာ ၊ စတဲ့ မြို့နယ်ဘက်တွေမှာလဲ လုယက်မှု ၊ ဓားပြမှု ၊ ပြန်ပေးဆွဲမှု စတာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။