ဖေဖော်ဝါရီ ၂၂ – ၂၀၂၅
SS (VOM)
လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၇ ရက်နေ့အထိ လေးရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် ရေစိုမခံနိုင်တဲ့လုပ်ငန်း လုပ်ကိုင်သူတွေ သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
မိုး/ဇလဌာနရဲ့ တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုအပြင် အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်နဲ့ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်တွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
“ဒီလိုအချိန်ကတော့ လေပွေလှိုင်းတွေ ဖြတ်တာရှိတယ်။ အဲဒီလို ဖြတ်တဲ့အခါမျိုးမှာ မိုးရွာနိုင်တယ်။ မြန်မာနိုင်ငံ ဒေသအတော်များများမှာ ရွာဖို့ရှိနေတယ်။ အခုက ဆောင်းရာသီဆိုတော့ ဆောင်းသီးနှံ စိုက်တာတွေလည်း ရှိမယ်။ ရေမလိုတဲ့ သီးနှံတွေရှိမယ်။ ရိတ်သိမ်းခါစပေါ့။ အဲဒါတွေလည်း သတိပြုရမယ်။ နောက်တခုက ပွင့်လင်းရာသီလုပ်တဲ့ ဆားလုပ်ငန်းတွေ။ မြစ်ဝကျွန်းပေါ်၊ ပင်လယ်ဒေသတို့၊ တောင်ပိုင်းတို့က ဆားလုပ်ငန်းတွေ သတိပြုရမယ်။ ခြုံပြီး ပြောရရင်တော့ ရေစိုမခံတဲ့လုပ်ငန်းတွေ အားလုံး သတိပြုဖို့ လိုအပ်ပါတယ်” လို့ ဦးလှထွန်းက ပြောပါတယ်။
မိုးရွာသွန်းနိုင်တဲ့ ဒေသတွေကတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သူက ပြောပါတယ်။
“ရွာဖို့ကတော့ မြန်မာနိုင်ငံ တောင်ပိုင်းတို့၊ မြစ်ဝကျွန်းပေါ်တို့က ရာခိုင်နှုန်း ၈၀/၁၀၀ လောက် ရှိတယ်။ အလယ်ပိုင်းကတော့ ၆၀ ရာခိုင်နှုန်းလောက်ရှိတယ်။ အလယ်ပိုင်း ဆိုတာကတော့ မန္တလေး၊ မကွေးပေါ့လေ။ နောက် ချင်း၊ ရခိုင်ဘက်တို့ ၆၀ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ များနိုင်တာကတော့ ရှမ်းနဲ့ မြစ်ဝကျွန်းပေါ် တောင်ပိုင်းပေါ့။ အဲဒီဘက်တွေကတော့ ရွာနှုန်း ၈၀/၁၀၀ လောက် ရှိနိုင်တယ်” လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။
အဲဒီလို အချိန်အခါမဟုတ် မိုးရွာခြင်းနဲ့အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သူက ပြောပါတယ်။
“ဒီလို လေအေးနဲ့ လေနွေး တွေ့ဆုံမှုကြောင့် ရွာတာကတော့ မိုးခြိမ်းတာတွေ၊ မိုးကြိုးပစ်တာတွေ၊ မိုးသီးကြွေတာတွေ ဖြစ်နိုင်တော့ ဒါလေးတွေတော့ သတိပြုရမှာပေါ့။ ဒီကာလ မိုးရွာတာကတော့ အရင်နှစ်တွေကလည်း ဖြစ်လေ့ဖြစ်ထရှိတယ်။ ဒီရာသီက အခုက ဆောင်းနှောင်းကာလပေါ့။ ဆောင်းက ကုန်တော့မယ်။ မတ်လဆိုရင် နွေစပြီပေါ့။ အဲဒီလို ဆောင်းရာသီနဲ့ နွေရာသီ အကူးအပြောင်း ကာလတွေမှာ များသောအားဖြင့် မိုးရွာတာ ဖြစ်တတ်ပါတယ်။ ဒီရာသီအချိန်တွေက အရှေ့ဘက်က လေပွေလှိုင်းတွေလည်း ဖြတ်တတ်တယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း ဆိုရင်တော့ အနောက်ဘက်က လေပွေလှိုင်းတွေ ဖြတ်တာပေါ့။ အဲဒါမျိုးတွေကြောင့် မိုးရွာတာပါ” လို့ သူက ပြောပါတယ်။
အခုလို မိုးရွာသွန်းနိုင်တဲ့ ဖြစ်စဉ်ဟာ လာနီညာနဲ့လည်း အနည်းငယ် သက်ဆိုင်မှုရှိပြီး လက်ရှိမှာ လာနီညာအခြေအနေဟာ အားနည်းတဲ့အဆင့်မှာသာ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။
လာနီညာဆိုတာဟာ အယ်လ်နီညိုရဲ့ ပြောင်းပြန် ဆန့်ကျင်ဘက်ဖြစ်ပြီး ယေဘုယျအားဖြင့် အယ်လ်နီညိုကတော့ ပူပြင်းခြောက်သွေ့မှုကိုပေးကာ လာနီညာကတော့ အေးမြစွတ်စိုတဲ့ ရာသီဥတုဖြစ်တယ်လို့ ဆိုပါတယ်။
လာနီညာဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ ဖြစ်စဉ် ဖြစ်ပေမယ့်လည်း အကျိုးသက်ရောက်မှုကတော့ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းတွေ တိုက်ခတ်ခြင်း၊ ညအပူချိန်တွေ အနည်းငယ် လျော့နည်းခြင်းနဲ့ မိုးရွာသွန်းမှု မူမမှန်ခြင်း စတဲ့ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ သိရပါတယ်။
Photo – CJ