ဖေဖော်၀ါရီ ၊ ၂၃၊ ၂၀၂၅
KH (VOM)
စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် နဲ့ ဂန့်ဂေါမြို့နယ်ကြားမှာ ရှိတဲ့ ကျေးရွာတွေဟာ အခု ရက်ပိုင်းအတွင်းလေကြောင်း တိုက်ခိုက်ခံရမှုတွေ များပြားလာပြီး ၊ လေကြောင်းရန်ကနေ ကင်းေ၀းဖို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကလေးမြို့နယ် တောင်ပိုင်းမှာ နေထိုင်ကြတဲ့သူတွေဆီက သိရပါတယ်။
” လေယာဥ်က နေ့ရော ညပါ ပျံသန်းနေတယ် ၊ နောက်ပြီး သူတို့သတင်းရတဲ့ နေရာ ပစ်မှတ်တွေပေါ်ကို ဗုံးကျဲချတယ် ၊ အခုတလော အဲ့ဒီလို ဗုံးကျဲချခံရတာ ရွာပေါင်း ဆယ်လေးငါးရွာထက်မနည်း ရှိနေပြီဖြစ်တယ် ” လို့ ကလေးမြို့နယ် တောင်ပိုင်း တင်သားကျေးရွာမှာ နေထိုင်တဲ့ ဒေသခံ တယောက်က ပြောပါတယ် ။
အဲ့ဒီလို လေကြောင်း တိုက်ခိုက်ခံရတဲ့ ရွာတွေကတော့ နတ်ချောင်း ၊ သံဖို ၊ အရှေ့စည်း ၊ ကျော်ရွာ ၊ ဆည်တော ၊ ကုက္ကိုလ် ၊ လယ်ကြား ၊ ဒိုးနွယ် ၊ ရှားဖို ၊ ကျောက်ဖူး ၊ ရှားတော ၊ တင်သား ၊ အောင်သာယာ ၊ စတဲ့ ရွာတွေအပြင် အရေးပေါ် ဆေးကုသပေးနေတဲ့ အရပ်ဘက် ဆေးရုံဆေးခန်းတွေလဲပါ၀င်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အခုလ ဆယ်ရက်နေ့ နောက်ပိုင်းကစလို့ လေကြောင်းတိုက်ခိုက်ခံရမှုတွေ အဖြစ်များလာတယ် ၊ အဲ့ဒီလို တိုက်ခိုက်ခံရလို့ ထိခိုက် သေဆုံးသူပေါင်း လူနှစ်ဆယ်ကျော်ရှိသွားပြီး ၊ အဲ့ဒီလို သေဆုံးသူရတဲ့ လူတွေထဲမှာ ကမ္ဘားနီ တံတားတိုက်ပွဲမှာ သေဆုံးရတဲ့လူတွေ မပါဘူး ” လို့ ပရဟိတ အဖွဲ့ တာ၀န်ရှိသူ တယောက်က ပြောပါတယ်။
ဒါ့အပြင် ကလေးမြို့နယ် တောင်ပိုင်းက ကျေးရွာတချို့မှာ လေယာဥ်ပျံလာရင် အချက်ပေးတဲ့ နည်းစနစ်တွေကို တပ်ဆင် အသုံးပြုလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကလေးမြို့နယ် တောင်ပိုင်းနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကစလို့ လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ ဖြတ်တောက်ခံထားရတာကြောင့် ၊ လယ်ယာထွက် စိုက်ပျိုးသီးနှံတွေ အရောင်းအ၀ယ် မဖြစ်တာကြာပြီလို့ သိရပါတယ်။
” လမ်းတွေ ဖြတ်တောက်ထားတာက နှစ်ဘက်စလုံးက ဖြစ်တယ် ၊အဲ့ဒါကြောင့် ဒေသခံတွေဟာ စား၀တ်နေရေးတွေ ခက်ခဲလာတာကြောင့် အလောင်းတော် တောင်ကျောကိုဖြတ်ပြီး တချို့က တခြားရွာဆီ ကို တိမ်းရှောင်သွားကြတယ်လို့ ပြောပါတယ် ။